ဒေါ်အောင်ဆန်းစုကြည် မရှိတဲ့ ၁၀ ရက် သို့မဟုတ် စိတ်မချရသေးတဲ့ ကျွနှ်ပ်တို့ ရဲ့ အနာဂတ်
အခုတလော နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံခြား ခရီးစဉ်တွေ စိတ်လာတယ် ။ဧပြီလကုန် ကနေစပြီး ဖိလစ်ပိုင် နိုင်ငံ အာဆီယံ ထိပ်သီး အစည်းအဝေး ၊ နောက်တော့ ဘယ်လ်ဂျီယံ ၊ အီတလီ ၊ ဗြိတိန် အဲဒီက ပြန်လာပြီးရင် နောက်တခါ တရုတ် နိုင်ငံ စသဖြင့် နိုင်ငံ့စီးပွားရေး ၊ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ရေး ၊ နိုင်ငံခြား ဆက်ဆံရေး၊ ဒေသတွင်း မဟာဗျူမြောက် စီမံကိန်းဆိုင်ရာ အရေး ကိစ္စ တွေ နဲ့ ပြေးလွှား ရုန်းကန်ကြိုးပမ်းနေတာ အရွယ်နဲ့မလိုက်အောင်ပဲ ဖြစ်လို့ ပြည်သူများ အနေနဲ့ ကြည့်မြင်ရတာ ဝမ်းနည်း ဝမ်းသာဖြစ်ကြရပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက တကွင်းလုံး မွှေနှောက် ကစားနေခဲ့တာ အခုလို အာဏာရ အစိုးရဖြစ်လာခဲ့ပြီး တစ်နှစ်ကျော်ကြာမြင့်လာတဲ့ အချိန် အထိ မမောနိုင် မပန်းနိုင်အောင် အားကြိုးမာန်တက် တွန်းတွန်းတိုက်တိုက် ကစားနေရဆဲပဲဖြစ်ပါတယ် ။ ဒီ အခြေအနေ ဒီအနေအထားဟာ ဘယ်အချိန်ထိဆက်သွားနေနိုင်မလဲ ၊ ဒီအခြေအနေ ကို ဒီအခြေအနေအတိုင်း ပဲ အားလုံး အရှည်သဖြင့် မှီခို အားပြုပြီး သွားနေကြမှာလား ၊ ဒီအခြေအနေရဲ့ အနာဂတ် ဟိုးတဘက်မှာ ဘာရှိမလဲ ၊ မနေနိုင်မထိုင်နိုင်တွေးတောမိပါတယ် ။ ဒီလိုတွေးမိစေတဲ့ အကြောင်းကလည်း ရှိလာလို့ပါပဲ ။ အကြောင်းကတော့ အခုလက်တလော မေလ လဆန်းကနေ စတင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ၁၀ ရက်ကြာ ဥရောပ ခရီးစဉ် ကာလ အတောအတွင်း တိုင်းပြည် မှာဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာခဲ့တဲ့ ကောလဟာလတွေ နဲ့ အတူ လှုပ်လှုပ်ရှားရှားအခြေအနေ များကြောင့်ပဲဖြစ်ပါတယ် ။ အဖြစ်အပျက်တွေ ဖြစ်ပေါ်လာပုံက အရပ်သား အစိုးရသစ်ရဲ့ key player ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် တိုင်းပြည်ရဲ့ ပြင်ပကို ဆယ်ရက်တာ ခရီးရက်ရှည် ရောက်ရှိနေတုန်း ချိန်ကိုက်ပြီး ရည်ရွယ်ချက်ရှိရှိ လုပ်ကိုင်ဆောင်ရွက်မှုတွေ အဖြစ် ယူဆချင်စရာကောင်းလှပါတယ် ။
ဧပြီလ လကုန်ပိုင်းကနေ စပြီး ဖြစ်ခဲ့တဲ့ လှုပ်လှုပ်ရှားရှား ဖြစ်စဉ်များကိုကြည့်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် အာဆီယံ နိုင်ငံတွေက ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံစည်းဝေးနေတဲ့ အချိန်မှာ ရန်ကုန်မြို ၊ သာကေတ မြို့နယ်ထဲက အစ္စလမ် ဘာသာရေးကျောင်းမှာ ပဋိပက္ခ အသွင်ဆောင်တဲ့ လှုံ့ဆော်မှုတွေ ဖြစ်ပွားခဲ့တယ် ။ ဒေါ်အောင်ဆန်းစုကြည် ဥရောပ ခရီးစဉ်ထွက်ခွာသွားပြီးတဲ့ အချိန် မှာ ပုဂ္ဂလိက ဘဏ်တစ်ခု ဒေဝါလီ ခံတော့မယ်ဆိုတဲ့ ကောလဟာလထွက်ပေါ်ပြီး အခြားဘဏ်များ ကိုပါ ရုတ်ရုတ်သဲသဲဖြစ်စေမယ့် သဘောအထိ လုပ်ကြံ့ဖန်တီး ပြန့်နှံ့စေမှုတွေရှိလာခဲ့တဲ့ အတွက် တာဝန်ရှိသူတွေ ချက်ချင်း ဆိုသလို ထုတ်ပြန်ရှင်းလင်းကြရပါတယ်။ အဲဒီနောက် တစ်ဆက်ထဲဆိုသလိုပဲ နိုင်ငံတော် သမ္မတ ဦးထင်ကျော် ကျန်းမာရေးအခြေအနေကြောင့် အနားယူဖို့ နုတ်ထွက်စာ အသင့်ပြင်ဆင် ထားရှိပြီးပြီဆိုတဲ့ လုပ်ကြံ ကောလဟာလ နဲ့ နောက်ဆက်တွဲ ဦးရွှေမန်း ကို သမ္မတ အဖြစ် အစားထိုး တင်မြှောက်တော့မယ်ဆိုတဲ့ သတင်းကို ထုတ်လွှင့်လာပြန်ပါတယ် ။ အဲဒီ ကောလဟာလ တွေ ဟာ တိုင်းပြည် ရဲ့ ပြည်သူလူထု အကြားမှာ နက်နက်ရှိုင်းရှိုင် ထိုးဖေါက် ဝင်ရောက်ပြန့်နှံနိုင်ခြင်း မရှိခဲ့ပေမယ့် ဒီကောလဟာလတွေ ရဲ့ ရည်ရွယ်ချက်ကတော့ အတော်ကြီးမားပုံရပါတယ် ။ အချိန်ကိုက်ထုတ်ပြန်လှုပ်ရှားတဲ့သဘောပါသလို စီးပွာရေးလောက ကို ရုတ်ရုတ်သဲသဲဖြစ်သွားအောင် အဓိက ထိုးနှက်လိုခြင်းဖြစ် တယ်လို့ယူဆပါတယ် ။ ပုဂ္ဂလိက ဘဏ်တွေ ရုတ်ရုတ်သဲသဲဖြစ်ချိန်မှာ သမ္မတ ကလည်း နုတ်ထွက် လိုက်တဲ့ အတွက် ပြည်သူတွေ ရဲ့ စိတ်ထဲမှာ အစစ အရာရာ အာမခံချက်မဲ့သွားသလို ဖြစ်စေပြီး ဘဏ်မှာ ရှိသမျှ ပိုက်ဆံတွေပြေးထုတ် ၊ ထုံးစံအတိုင်း ဆီတွေ ဆန်တွေ ပြေးဝယ် နဲ့ panic buying ဖြစ်၊ ဈေးကွက်တစ်ခုလုံး ကမောက်ကမဖြစ်ကုန်ပြီး ကုန်ပစ္စည်း ဈေးတွေ မြင့်တက်ကုန်အောင် ရည်ရွယ်ချက်ထားပြီး လုပ်ဆောင်ထားတယ်လို့ယူဆရပါတယ်။ ဒါကြောင့် အစိုးရသစ် ရဲ့ တာဝန်ရှိသူအချို့ ဟာ ကောလဟာလတွေ ကို ထုတ်ပြန်ဖြေရှင်းချက်တွေပေးပြီး ချေဖျက်ဖို့ကြိုးစားခဲ့သလို အာဏာရပါတီ NLD ရဲ့ ခေါင်းဆောင်တွေကလည်း သူတို့နဲ့ ဆိုင်တဲ့ အပိုင်းကိုဖြေရှင်းရင်း ကောလဟာလ ထုတ်တဲ့ သူတွေကို အရေးယူဖို့ ပြင်ဆင်ပါတယ် ။ အဲဒီမှာပဲ တပူပေါ် နောက် တပူဆင့်ခဲ့ပြန်ပါတယ် ။
အာဏာရ ပါတီ NLD ရဲ့ အထွေထွေတာဝန်ခံဖြေကြားရှင်းလင်းသူ ဦးဝင်းထိန်က အဲဒီ ကောလဟာလ တွေ နဲ့ ပတ်သက်ပြီး အရေးယူတော့မယ့်အကြောင်း သတင်းစာရှင်းလင်းတဲ့ ပွဲပြုလုပ်တဲ့နေရာမှာ ကြံ့ခိုင်ရေးပါတီ နဲ့ တပ်မတော် ကို အဆိုပါ ကောလဟာလ ကို ထုတ်လွှင့်တယ်လို့ သံသယ ရှိတဲ့ အဖွဲ့ အစည်းတွေ အဖြစ် သူ့အနေနဲ့ ကြားနေရကြောင်းပြောခဲ့တဲ့အတွက် တပ်မတော် က ၎င်းတို့ရဲ့ ဂုဏ်သိက္ခါကိုထိပါးရာရောက်တယ်လို ယူဆပြီး အပြင်းအထန် ကန့်ကွက်ရှုတ်ချတဲ့ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ် ။ တပ်မတော် အနေနဲ့ ဦးဝင်းထိန် ကို အခုလိုပြောဆိုလိုက်တဲ့ အတွက် လိုအပ်သလို အရေးယူမယ်လို့လည်းတုန့်ပြန်လိုက်ပါတယ်။ အာဏာရ ပါတီ NLD အနေနဲ့ ပျက်လိုပျက်ဆီး ကောလဟာလ ထုတ်လွှင့်မှုတွေ အပေါ်အရေးယူမယ်လို့ကျုံးဝါးနေစဉ်မှာပဲ ဒီကောလဟာ ကိစ္စကို အကြောင်းပြုပြီး ကိုယ်က အရင် အရေးယူခံရမယ့်အခြေအနေဖြစ်သွားပါတယ်။ နောက်ဆုံး ရလဒ်က အာဏာရပါတီ နဲ့ တပ်မတော် အကြား တင်းမာမှုတစ်ခုဖြစ်ကျန်ခဲ့တာပဲဖြစ်ပါတယ် ။ ကြည့်မယ် ဆိုရင် ဒီဖြစ်ရပ်တွေ အားလုံးဟာ ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီး သွားနေတဲ့ ၁၀ ရက် အတွင်းမှာဖြစ်သွားခဲ့တာပဲဖြစ်ပါတယ် ။အကယ်၍ များ ဒေါ်အောင်ဆန်းစုကြည် မရှိတဲ့ အနာဂတ်မှာဆိုရင် ဘယ်လိုတွေဖြစ်ကြမလဲ ... ကျွန်တော်တွေးရင်း တွေးရင်း စိုးရိမ်မှုတွေ နဲ့ ကျွန်တော်တို့ နိုင်ငံလရဲ့ အနာဂတ်အတွက် ဆောက်တည်ရာမရဖြစ်ရပါတော့တယ်။
ဒီအခြေနေဆိုးကြီးက လွတ်မြောက်နိုင်ဖို့ ဘာအရေးကြီးဆုံးလည်း ဆိုပြီးစဉ်းစားကြည့်တဲ့ အခါ အဓိက ကျွန်တော် မြင်မိတာ ၂ ချက်ထဲဖြစ်ပါတယ် ။ ပထမတစ်ချက်က စစ်မှန် ပြီး ဖြူစင်တဲ့ အမျိုးသားရင်ကြားစေ့ရေး အမှန်တကယ် ပေါ်ပေါက်လာရေးပါ။ နောက် ဒုတိယ တစ်ချက်က တိုင်းပြည်ရဲ့ အနာဂတ်ကို အမှန်တကယ် ဦးဆောင်မယ့် ခိုင်မာတဲ့ နိုင်ငံရေး ဆိုင်ရာ အရပ်ဘက် institution တွေ ပေါ်ပေါက်လာရေးပါပဲ။ အရင်ဦးဆုံး အမျိုးသားရင်ကြားစေ့ရေးဆိုတာကို စူးစိုက်ကြည့်လိုက်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီကနေ့ စပ်ကူးမက်ကူးကာလမှာ ဘယ်လောက်အရေးကြီးတဲ့ လူတစ်ယောက်လည်းဆိုတာသိမြင်ခံစားမိလာကြမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားရင်ကြားစေ့ရေး တွက် မရှိမဖြစ်လို့တောင်ပြောလို့ရပါတယ် ။ သူမသာမရှိနေခဲ့ဘူးဆိုရင် ဒီကနေ့ တိုင်းပြည် ရဲ့ နိုင်ငံရေးစင်မြင့်ပေါ်မှာ အပြန်အလှန် ညာသံတွေးပေးပြီး ခင်းကျင်းနေကြမယ့် လက်စားချေမှုတွေဟာ မြင်မကောင်းအောင် သွက်သွက်ခါနေကြမှာ အမှန်ပါပဲ ။ အခုလို ဒေါ်အောင်ဆန်းစုကြည် က လက်စားမချေရေးမူကို မမှိတ်မသုန်ကိုင်ဆွဲထားနေသည့်တိုင်အောင် မကျေမချမ်းမှုတွေက နောက်ကွယ်မှာတွန်းထိုး နေပြီး ခဏလေး မျက်ကွယ်ပြုလိုက်တာနဲ့ ပြဿနာတွေဖြစ်ပေါ်လာတာ ဒီကနေ့ လက်တွေ့ပဲ ဖြစ်ပါတယ် ။ ဆယ်စုနှစ် ၂ ခုစာမက အားပြိုင်နေခဲ့ကြတဲ့ စစ်ဘက် အခြေပြု နိုင်ငံရေး အင်အားစုတွေ နဲ့ အရပ်ဘက်အခြေပြု နိုင်ငံရေး အင်အားစုတွေဟာ အခုအချိန်မှာလည်း နားလည် ခွင့်လွှတ်ပေါင်းစည်းရေး ထက် အလစ်မပေး အစွန်းအထင်းမခံ ရေး အမြင်ပေါ်မှာ ရပ်တည် အားပြိုင်နေကြတုန်းဖြစ်တယ် ဆိုတာ မငြင်းနိုင်တဲ့ အခြေအနေပါ ။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် က အစိုးရသစ်ကို ဦးဆောင်ပြီး တိုင်းပြည်ကို စီမံ အုပ်ချုပ်တဲ့ အလုပ်တစ်ခုတည်းကိုလုပ်နေရတာမဟုတ်ပါဘူး။ အားပြိုင်နေတဲ့ နိုင်ငံရေးအင်အားစုကြီး နှစ်ခုအကြားမှာ ကြားခံပေါင်းကူးအဖြစ် ကြိုးစားရပ်တည်နေရတဲ့ တာဝန်တစ်ခုပိုပါတယ်။ အဓိက အရေးကြီးဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူနေစဉ် အချိန်မှာ နိုင်ငံရေး အာဃာဓ တွေပြေပျောက်ဖို့ ၊ ဒီမိုကရေစီ ကျင့်စဉ်နဲ့ အလေ့အထတွေကို လေးစားကျင့်ကြံပြီး သန့်ရှင်းစွာ ယှဉ်ပြိုင်ခြင်း နဲ့ ကိုယ်အနိုင်အရှုံးထက် တိုင်းပြည် အကျိုးစီးပွား ကို ရှေ့တန်းတင်ဖို့ သာ အရေးကြီးလှပါတယ် ။ လက်ရှိအခြေအနေ ၊ အနေအထားတွေ အရ အာဏာလက်လွှတ်လိုက်ရတဲ့ ကြံ့ခိုင်ရေးပါတီဟာ ရှေ့ဆက်ရပ်တည်ရေးမှာ တပ်မတော်ကို ထောက်ထူဖို့ တောင်ဝှေး သဖွယ် အားကိုးချင်နေတုန်းပဲလို့ အားလုံးကယူဆကြသလို တပ်မတော်ကလည်း ကြံ့ခိုင်ရေးပါတီကို ကူညီဆောင်မချင်တဲ့ ရပ်တည်ချက်ရှိနေတုန်းပဲလို့ ထင်မြင်ယူဆမှုတွေကလည်းရှိနေတုန်းဖြစ်ပါတယ်။ ဒါကြောင့် အစိုးရသစ်ရဲ့လုပ်ငန်း အဆင်မပြေမှုတွေပေါ်ပေါက်တဲ့အခါ ၊ အခြေခံ ဥပဒေ ပြဿနာ နဲ့ အခြားအတိုက်အခံ နိုင်ငံရေး ပြဿနာတစ်ခုခု ပေါ်တိုင်း တပ်မတော် ကို ချိတ်ဆက် စွပ်စွဲ ပြစ်တင်မှုတွေဟာ အနောက်ကနေထပ်ချပ် ပါလာလေ့ရှိပါတယ် ။ ဒါဟာ အမျိုးသားရင်ကြားစေ့ရေး မအောင်မြင်နိုင်တဲ့ အခြေခံ ပြဿနာ ပဲဖြစ်ပါတယ် ။ ဒီပြဿနာ ဒီ အကျိတ်အခဲ ဟာ အခုအချိန် ၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် တာဝန်ခံ နေတဲ့ အချိန်မှာ ကျေလည်အောင်ရှင်းနိုင်ကြဖို့လိုပါတယ်။ တပ်မတော် အနေနဲ့ လည်း လက်ရှိ အစိုးရနဲ ပူးပေါင်းဆောင်ရွက်တဲ့ နေရာမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပါအဝင် နိုင်ငံရေး စီးပွားရေး မသမာမှုတွေကို ဖေါ်ထုတ်တဲ့နေရာမှာ အစဉ်အမြဲ တက်တက်ကြွကြွရှိနေမယ် ဆိုရင် ရေရှည်မှာ သံသယတွေဟာကွယ်ပျောက်သွားမှာဖြစ်ပါတယ် ။ အဓိက အားဖြင့် လက်မဲကြီးလို့ ခေါ်ဆိုနေကြတဲ့ မတည်ငြိမ်မှုတွေ ကောလဟာလတွေ ဖန်တီး လှုံ့ဆော်တဲ့ အဖွဲ့အစည်း ဂိုဏ်းဂန တွေ ကို တပ်မတော် အနေနဲ့ ထိထိရောက်ရောက် ဝိုင်းဝန်းကူညီဖေါ်ထုတ်ပေးလိုက်ကြမယ်ဆိုရင် တပ်မတော်အပေါ် နိုင်ငံရေး အရ ကြားနေအဖွဲ့အစည်းအဖြစ် ယုံကြည်မှုတွေတိုးတက်လာမှာဖြစ်သလို နိုင်ငံရေး တောကြောင်များ အနေနဲ့လည်း တပ်မတော်ရဲ့ နာမည်ကို အသုံးချပြီး နိုင်ငံရေး အောက်လမ်းနည်းတွေ နဲ့ခြေရှုပ်နိုင်တော့မှာမဟုတ်ပါဘူး ။ ဒီလိုဆိုရင် နိုင်ငံရဲ့ ပါတီစုံ စနစ်ဟာလည်းပိုပြီး စစ်မှန် ခိုင်မာတောင့်တင်းလာမှာဖြစ်လို့ အနာဂတ် အတွက်လည်း စိတ်ချလာနိုင်မှာဖြစ်ပါတယ် ။
ဒုတိယ အရေးကြီးတဲ့ အချက်ကတော့ နိုင်ငံရေးပါတီတွေ ကျောင်းသားသမဂ္ဂတွေဟာ တိုင်းပြည်က အားကိုးရလောက်သော ခိုင်မာတဲ့ institution တွေ ဖြစ်လာဖို့ပါပဲ ။ အဲဒီလိုဖြစ်မလာဘူးဆိုရင်တော့ ဒီကနေ့ တိုင်းပြည်မှာ တစ်ခုတည်းသော institution ဖြစ်တဲ့ တပ်မတော်ဆိုတဲ့ အဖွဲ့ အစည်းရဲ့ တည်ရှိမှု လွှမ်းမိုးမှု အားပြိုင်မှုတွေ ကို အကြောင်းပြုပြီး နိုင်ငံရေး မတည်ငြိမ်မှု တွေမှာ သံသရာ လည်ရင်း မြန်မာနိုင်ငံရဲ့ဒီမိုကရေစီဟာလည်း ဒုတိယံမိ သားလျှောသွားရမှာ အသေအချာပါပဲ။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး ၊ စီးပွားရေး၊ ပညာရေး၊ ဘတ်စုံ စီမံခန့်ခွဲရေး ကဏ္ဍတွေမှာ သာလွန်ကောင်းမွန်တဲ့ အရည်အချင်း နဲ့ ပိုင်ပိုင်နိုင်နိုင် တာဝန်ယူ ၊ တာဝန်ခံဆောင်ရွက်နိုင်မယ့် အရပ်သား နိုင်ငံရေးသမားတွေ ၊ စီးပွားရေးရာ ဥပဒေ ရေးရာ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေ ကို စနစ်တကျ မွေးထုတ်ပေးဖို့ အရေးတကြီး လိုအပ်နေပြီဖြစ်ပါတယ် ။ အခုကတည်းက ဒီလို လူတွေကို မွေးဖွားရှင်သန် လေ့ကျင့် ရပ်တည်နိုင်မယ့် institution တွေကို အခုကတည်းက အခြေခိုင်ခိုင်နဲ့ စတင်တည်ဆောက်ခြင်းမပြုနိုင်ရင်တော့ ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂတ် ဒီမိုကရေစီ အိပ်မက်ဟာ အိပ်မက်ဆိုးပဲဖြစ်ပါလိမ့်မယ် ။ ဒါကြောင့် တိုင်းပြည်မှာ ဒီကနေ့ ဆန့်ကျင်ရပ်တည်နေကြတဲ့ စစ်ဘက်အခြေပြု နိုင်ငံရေး အင်အားစု နဲ့ အရပ်ဘက် အခြေပြု နိုင်ငံရေး အင်အားစု နှစ်ဘက်အကြား ဒေါ်အောင်ဆန်းစုကြည် က ကျားကန် ဖန်တီးပေးထားတဲ့ ယာယီ ငြိမ်းချမ်းကာလ အခြေအနေအချိန်အခါမှာ အမျိုးသားရင်ကြားစေ့ရေးကို အမှန်တကယ်ရှေ့ရှုကြရင်း တိုင်းပြည် အမှန်တကယ် အားကိုးရတဲ့ ၊ တိုင်းပြည် ကို နိုင်ငံတကာမှာ မျက်နှာပန်းလှပြီးတင့်တယ် နေစေနိုင်အောင် စွမ်းဆောင်နိုင်တဲ့ institution တွေဖြစ်အောင် အာဏာရပါတီ မှ အစ အတိုက်အခံပါတီတွေ ၊ကျောင်းသား သမဂ္ဂတွေ အထိ အားလုံး ကြိုးစားပြင်ဆင် ဆောက်တည်ကြပါလို့ အရေးတကြီး တိုက်တွန်းလိုက်ချင်ပါတယ် ။ ဒေါ်အောင်ဆန်းစုကြည် အဝေးရောက်နေတဲ့ ၁၀ ရက်တာမှာ တိုင်းပြည်မှာ ဖြစ်သမျှ အကြောင်းတွေကို ဝေဖန်ဆန်းစစ်ကြရင်း အနာဂတ်ကို လှမ်းမျှော် ကြည့်မြင် စိုးရိမ် ပူပန် မိကြပါစေလို့ .......။
သီဟသွေး(The Speaker Vol.1 No 23)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment