တူရကီနှင့် မွန်ဂိုလီးယားတို့ အာဆီယံတွင်ပါဝင်ရန် ထောက်ခံဟု ဖိလစ်ပိုင်သမ္မတ ဒူတာတေး ပြောကြား
ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံတွင် တူရကီနှင့် မွန်ဂိုလီးယားတို့ပါဝင်ရန် အားပေးမည်ဖြစ်ကြောင်း မေ ၁၆ တွင်ပြောကြားခဲ့သည်။ ကမ္ဘာ့ကုန်သွယ်ရေး အခြေခံအဆောက်အအုံ စီမံကိန်းအတွက် ထိပ်သီးဆွေးနွေးပွဲကို ပြီးခဲ့သည့်သီတင်းပတ်ကုန်က တရုတ်တွင် တက်ရောက်နေစဉ် တူရကီနှင့် မွန်ဂိုလီးယားခေါင်းဆောင်များက အာဆီယံသို့ ပူးပေါင်းပါဝင်လိုကြောင်း ၎င်းအားပြောကြားခဲ့သည်ဟု ဒူတာတေးက ပြောခဲ့သည်။
အာဆီယံ၏ အလှည့်ကျဥက္ကဋ္ဌရာထူးကို ယခုနှစ်အတွက် ရယူထားသော ဒူတာတေးက “သူတို့က အာဆီယံမှာ ပါဝင်ချင်ပါတယ်။ ဖိလစ်ပိုင်ရဲ့ ဥက္ကဋ္ဌနေရာကို ကျွန်တော်ကဦးဆောင်နေတော့ သူတို့ရဲ့အဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းမှုကို ကျွန်တော်က အာမခံပေးစေချင်ပါတယ်။ ရပါတယ်လို့ ကျွန်တော်က ပြောခဲ့ပါတယ်” ဟု ဒူတာတေးက ဖိလစ်ပိုင်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်သော အာဆီယံတွင် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့ပါဝင်သည်။ အရှေ့အလယ်ပိုင်းမှ နေတိုးအဖွဲ့ဝင် တူရကီသည် ဥရောပနှင့် အာရှတွင် ခွလျက်တည်ရှိပြီး ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းနေသည်မှာ နှစ်ပေါင်းများစွာရှိပြီဖြစ်သည်။
မွန်ဂိုလီးယားသည် တရုတ်နှင့် ရုရှားကြားတွင်တည်ရှိပြီး ကုန်းတွင်းပိတ်နိုင်ငံဖြစ်သည်။ ပထ၀ီအနေအထားသည် အာဆီယံအဖွဲ့ဝင်ဖြစ်ရန် ပထမဆုံးရှိရမည့်စံဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံအားလုံးက အသိအမှတ်ပြုရန်လည်းလိုသည်။
တူရကီနှင့် မွန်ဂိုလီးယား၏ အာဆီယံအဖွဲ့ဝင်ဖြစ်လိုမှုကို ထောက်ခံဆုံးဖြတ်ရန်အတွက် ပထ၀ီဝင်ကို စဉ်းစားပါသလားဟု တရုတ်တွင် ထိပ်သီးအစည်းအဝေး တက်ရောက်ခဲ့သော မြန်မာနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့အားမေးခဲ့ကြောင်း ဒူတာတေးက ပြောကြားခဲ့သည်။
သို့သော်လည်း ယင်းနှစ်နိုင်ငံသည် ဒေသတွင်း၏ အစိတ်အပိုင်းဖြစ်ကြောင်း ဒူတာတေးက အခိုင်အမာပြောကြားခဲ့သည်။ အရှေ့တောင်အာရှမှ အရှေ့တီမောနှင့် ပါပူအာနယူးဂီနီတို့သည် အာဆီယံအဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းနေကြပြီး စောင့်ကြည့်လေ့လာသူအဖြစ်သာ သတ်မှတ်ခံထားရသည်။
Eleven Media Group
Subscribe to:
Post Comments (Atom)
No comments:
Post a Comment