ကန်ဒေါ်လာ ၂ သန်းကျော် တန်ကြေးရှိ သင်းခွေချပ်အကြေးခွံများ ကာလာလမ်ပူလေဆိပ်တွင် ဖမ်းမိ
မလေးရှားအရာရှိတွေဟာ အမေရိကန်ဒေါ်လာ ၂ သန်းကျော် တန်ကြေးရှိတဲ့ သင်းခွေချပ် အကြေးခွံတွေကို ကွာလာလမ်ပူလေဆိပ်မှာ သိမ်းဆည်းခဲ့ပါတယ်။
နိုင်ငံအတွင်း မြင်ဖူးသမျှ အများဆုံးပမာဏဖြစ်တဲ့ သင်းခွေချပ် အကြေးခွံတွေ အမေရိကန်ဒေါ်လာ ၂ သန်းကျော်ဖိုးကို ဒီလအစောပိုင်းက ဖမ်းမိခဲ့တယ်လို့ မလေးရှား အရာရှိတွေက မေ ၈ ရက်နေ့က ပြောပါတယ်။
သင်းခွေချပ်ဟာ ကမ္ဘာ့အမဲလိုက်အခံရဆုံး သတ္တဝါတွေထဲက တမျိုးပါ။
မလေးရှားဟာ တခြား အာရှနိုင်ငံတွေနဲ့စာရင် မျိုးသုဉ်းခါနီး မျိုးစိတ်တွေကို ကုန်သွယ်တဲ့ အဓိက ကြားခံစခန်းတခု ဖြစ်ပါတယ်။
ဒီအကြေးခွံတွေကို မလေးရှားအတွက်ပို့တာ ဟုတ်မဟုတ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးသလို သံသယရှိသူ တယောက်ကိုမှလည်း မဖမ်းမိသေးပါဘူး။
အလေးချိန် ၇၁၂ ကီလိုရှိတဲ့ သင်းခွေချပ် အကြေးခွံတွေကို အာဖရိကကနေ သီးခြား ၂ ကြိမ်ခွဲပြီး မေ ၁ ရက်နဲ့ ၂ ရက်နေ့တွေက တင်ပို့ခဲ့တာပါ။
ပထမတချီက ဂါနာနိုင်ငံကဖြစ်ပြီး ဒူဘိုင်းမြို့ကတဆင့် အမ်းမရိတ် လေကြောင်းလိုင်းနဲ့ မလေးရှားကို တင်ပို့တာပါ။
ဒုတိယတချီကတော့ ကွန်ဂိုနိုင်ငံကနေ ကင်ညာနိုင်ငံကို ကင်ညာလေကြောင်းလိုင်းနဲ့ တင်ပို့ပြီး ကင်ညာကနေ ဒူဘိုင်း အဲ့ဒီကတဆင့် မလေးရှားကို အမ်းမရိတ် လေကြောင်းလိုင်း သုံးပြီး တင်ပို့ခဲ့တာလို့ အရာရှိတွေက ပြောပါတယ်။
သင်းခွေချပ်အကြေးခွံတွေ ကုန်သွယ်မှုကို ကုလသမဂ္ဂ သဘောတူညီမှုအရ တကမ္ဘာလုံးမှာ ပိတ်ပင်ထားပါတယ်။
ဒါပေမယ့် တချို့ အာရှနိုင်ငံတွေမှာ ပန်းနာရင်ကြပ်ကနေ လေးဘက်နာထိ ရောဂါအမျိုးမျိုး ကုသရာမှာ တိုင်းရင်းဆေးအတွက် သုံးနေကြပါတယ်။
DVB
Subscribe to:
Post Comments (Atom)
No comments:
Post a Comment