Latest News

Monday, May 15, 2017

နေရာရပြီး ဈေးမရောင်းသည့် ညဈေးတန်းဆိုင်ခန်းများကို မေ ၁၇ ရက်တွင် ပြန်သိမ်းမည်

နေရာရပြီး ဈေးမရောင်းသည့် ညဈေးတန်းဆိုင်ခန်းများကို မေ ၁၇ ရက်တွင် ပြန်သိမ်းမည်

ရန်ကုန်မြို့ကမ်းနားလမ်းရှိ ညဈေးတန်းတွင် ဆိုင်ခန်းနေရာရရှိသော်လည်း ရောင်းချခြင်း မပြုသည့်ဈေးသည်များထံမှ မေ ၁၇ ရက်အထိသာ နောက်ဆုံးလက်ခံမည်ဖြစ်ပြီး ယင်းသတ်မှတ်ရက် ကျော်လွန် ပါက ဆိုင်ခန်းများကို ပြန်သိမ်းတော့မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဈေးများဌာနမှ သိရသည်။

ဈေးရောင်းခြင်းမရှိသည့် ဈေးသည်များကို မေ ၁၀ ရက် နောက်ဆုံးထားပြီး ပြန်လည်ရောင်းချရန် ရက်သတ်မှတ်ခဲ့သော်လည်း ပန်းဘဲတန်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံပြုချက်အရ ယင်းကဲ့သို့ မေလ ၁၇ ရက်အထိ ဖြေလျှော့ပေးခဲ့ခြင်းဖြစ်ကြောင်း ဈေးဌာနမှ အနောက်ပိုင်းခရိုင်မှူး ဦးမောင်မောင်ဌေးက News Watch သို့ ပြောသည်။

''ဌာနကို အခုပဲတင်ပြပါတယ်။ ၉ ရက်နေ့တုန်းက ပန်းဘဲတန်းလွှတ်တော် ကိုယ်စားလှယ်တွေ ဦးဆောင်ပြီးတော့ EO တွေနဲ့ ဆွေးနွေးကြတယ်။ အဲဒီမှာ အကြံပြုချက်ကတော့ နည်းနည်းလေး ရက်ထပ်တိုး ပေးဖို့ပေါ့။ ဒါကိုလည်း ဌာနကို တင်ပြပါတယ်။ တပတ်လောက်တိုးပေးဖို့ပေါ့။ အဲဒီ ကိစ္စကိုလည်း ဌာနကနေ ကော်မတီကို တင်ပါမယ်။ မေ ၁၇ ရက် နေ့လောက်ထိပေါ့။ အဓိက,ကတော့ သူတို့ကို ဖြေလျှော့ပေးလိုက်တဲ့ သဘောပါပဲ။ ကျွန်တော်တို့က သူတို့ကို အရေးယူတော့မှာကိုး။ အရေးယူမယ်ဆိုတာက ရောင်းချခွင့် ကတ်ပြားသိမ်းမှာပေါ့။ သိမ်းပြီးတော့ တကယ်ရောင်းမယ့်သူတွေကို ပြန်ချပေးမယ်''ဟု ၎င်းကပြောသည်။

ရန်ကုန်မြို့တွင်း လေးမြို့နယ်ဖြစ်သည့် လသာ၊ ပန်းဘဲတန်း၊ လမ်းမတော်၊ ကျောက်တံတားမြို့နယ်များရှိ စားသောက်ဆိုင်နှင့် သစ်သီးဆိုင်များ စုစုပေါင်း ၁၆၀၀ ဆိုင်ကို ရန်ကုန်စည်ပင်စီမံရေးရာဌာနမှ ဈေးရောင်းချခွင့် ကတ်ပြားများထုတ်ပေး ကာ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၃ ရက်မှ စတင်ကာ ကမ်းနားလမ်းတလျှောက် (အောင်ရတနာလမ်းမှ ပန်းဆိုးတန်းလမ်းအထိ)၊ မဟာဗန္ဓုလပန်းခြံလမ်း မဟာဗန္ဓုလလမ်းမှ ကမ်းနားလမ်းကြားနှင့် ဘဏ်လမ်း (မဟာဗန္ဓုလပန်းခြံလမ်းမှ ပန်းဆိုးတန်းလမ်းကြား)သို့ ညဈေးတန်း ပြောင်း ရွှေ့ဖွင့်လှစ်ကာ ရောင်းချခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်စည်ပင် စီမံရေးရာဌာနမှ ဈေးသည်ပေါင်း ၁၈၀၀ ၀န်းကျင်ခန့်အား ဈေးရောင်းချခွင့် တရားဝင်ကတ်ပြားထုတ်ပေးထားသော်လည်း လက်ရှိ ညဈေးတန်းတွင် ဈေးသည်ပေါင်း ၈၀၀ ၀န်းကျင်ခန့်မှ ဈေးရောင်းချခြင်းမရှိကြောင်း ဦးဌေးအောင်က ပြောသည်။

လင်းလင်းအောင်(News Watch)

No comments:

Post a Comment