ဧရာဝတီတိုင်းအစိုးရကို အားမရဖြစ်နေခြင်းအပေါ် သည်းခံကြရန် ဦးဝင်းထိန်ပြော
ဧရာဝတီတိုင်းအစိုးရကို အားမရ ဖြစ်နေခြင်းအပေါ် သည်းခံကြရန် ဦးဝင်းထိန် ပြော
14-May-2017 tagged as NLD ဦးဝင်းထိန်
ပုသိမ်၊ မေ ၁၃
ဧရာဝတီတိုင်းဒေသကြီးအစိုးရ၏ လုပ်ဆောင်ချက်များအပေါ် ဒေသခံပြည်သူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် NLD ပါတီဝင်အချို့ အားမလိုအားမရ ဖြစ်နေပါက သည်းခံပေးကြပါရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး ဦးဝင်းထိန်က ပြောကြားသည်။
မေလ ၁၃ ရက်က ပုသိမ်ဟိုတယ်တွင် ပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး ဦးဝင်းထိန်နှင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်များ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ပြီး ယင်းနောက် ဦးဝင်းထိန်က သတင်းမီဒီယာများနှင့် တွေ့ဆုံရာ၌ အထက်ပါအတိုင်း ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရ၏ လုပ်ဆောင်ချက် ပြတ်သားမှု မရှိခြင်း၊ ပြုပြင်ပြောင်းလဲမှုများ ထင်သာမြင်သာ မရှိခြင်း၊ လယ်ယာမြေ အငြင်းပွားမှု ပြဿနာများ မဖြေရှင်းပေးနိုင်ခြင်းအပေါ် ဒေသခံများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် NLD ပါတီဝင်အချို့က ဝေဖန်မှုများ ရှိနေသည်။
“အားရတာ ရှိမယ်၊ အားမရတာ ရှိမယ်၊ ဒါတွေက ပြဿနာ မဟုတ်ဘူး၊ အဓိက က ပြည်သူလူထုအကျိုးကို အကျိုးယုတ်အောင် လုပ်သလား၊ မလုပ်ဘူးလားက အဓိကကျတယ်၊ အကျိုးယုတ်အောင် မလုပ်ဘူးဆိုရင် သည်းခံကြ” ဟု ၎င်းက ဆိုသည်။
လွှတ်တော်၊ အစိုးရ၊ ပါတီတို့ သဟဇာတဖြစ်အောင် လုပ်ဆောင်မှသာ ဧရာဝတီတိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း၊ အစိုးရနှင့် လွှတ်တော်ကိုယ်စားလှယ်များကို ဒေသတွင်း ပြည်သူနှင့် ပါတီက ရွေးချယ်ပေးခဲ့သည် ဖြစ်သောကြောင့် ပစ်ပယ်ထား၍ မရကြောင်း ဦးဝင်းထိန်က ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရ အနေနှင့် မြေယာအငြင်းပွားမှု ပြဿနာများ၌ လည်းကောင်း၊ စည်းကမ်းချက်များနှင့် မညီညွှတ်သည့် ညောင်တုန်း အရက်ချက်စက်ရုံကဲ့သို့ ပြဿနာများ ဖြေရှင်းရာတွင် လည်းကောင်း၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာ အရာရှိများနှင့် ပြည်သူများအကြား တရားမျှတမှု ဖော်ဆောင်ရာတွင် လည်းကောင်း၊ တရားဥပဒေစိုးမိုးမှု ဒေသတွင်း တည်ငြိမ်အေးချမ်းမှုအတွက် ဆောင်ရွက်ရာတွင် လည်းကောင်း ပီပြင်စွာ ဆောင်ရွက်နိုင်မှု အားနည်းကြောင်း၊ ဌာနဆိုင်ရာ ဝန်ထမ်းအကြီးအကဲနှင့် အရာရှိအချို့ တိုင်းဒေသကြီးအစိုးရ၏ ညွှန်ကြားချက်အား လိုက်နာခြင်း မရှိသဖြင့် မကြာခဏ ဆန္ဒပြပွဲများ ဖြစ်ပေါ်ရကြောင်း၊ ထို့ကြောင့် အစိုးရအပေါ် တိုင်းအတွင်းရှိ ပြည်သူများ အားမလိုအားမရ ဖြစ်ရကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများအဖွဲ့မှ သိရှိရသည်။
The Voice
No comments:
Post a Comment