ကရင်ပြည်နယ် ဒေသ ဖွံ့ဖြိုးရေး ကိစ္စများတွင် ဒေသ အဖွဲ့အစည်းများ ပြည်သူ့အကျိုး ပြန်ကြည့်ရန် ပြည်နယ် ၀န်ကြီးချုပ် ပြောပြီ
ကရင်ပြည်နယ် အတွင်း ဒေသ ဖွံ့ဖြိုးရေး ကိစ္စများတွင် ဒေသခံ အဖွဲ့အစည်းများ အနေဖြင့် ပြည်သူ့အကျိုးကို ပြန်ကြည့်သင့်ကြောင်း ဘားအံမြို့ ဇွဲကပင် ခန်းမ၌ မေလ ၅ ရက်တွင် ပြုလုပ်သည့် မြို့နယ် ရွေးချယ်ရေး အကြံဉဏ်ရယူခြင်း အစည်းအဝေးတွင် ပြည်နယ် ၀န်ကြီးချုပ်က ပြောကြားလိုက်သည်။
ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတော် အစိုးရတို့ ဆောင်ရွက်လျက် ရှိသည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လူထုဗဟိုပြု စီမံကိန်း အကောင်အထည် ဖော်နိုင်ရန် ကရင်ပြည်နယ် အစိုးရ အဖွဲ့၏ ကွင်းဆင်း လေ့လာမှုများ အရ ဖွံ့ဖြိုးရေး လူထု ဗဟိုပြု စီမံကိန်းအား လိုလိုလားလား မရှိသည့် မြို့နယ် တချို့တွေ ရှိခဲ့ရသည့် အပေါ် ၎င်းက ပြောကြားလိုက်ခြင်း ဖြစ်သည်။
ကျေးလက် ဒေသ ဖွံ့ဖြိုးရေး အစီအစဉ် အဖြစ် ရွေးချယ် ခံရသည့် မြို့နယ်ရှိ ကျေးရွာ အုပ်စုများတွင် လူဦးရေ ၃၀၀၀ အောက်ရှိ ကျေးရွာ အုပ်စုများအား ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်း အတွက် တစ်နှစ်လျှင် ထောက်ပံ့ငွေ ကျပ် ၂၂ သန်းဖြင့် လေးနှစ် ရရှိမည် ဖြစ်သည်။
လူဦးရေ ၃၀၀၀ မှ ၅၀၀၀ ရှိ ကျေးရွာ အုပ်စုများအား ကျပ် ၄၄ သန်း၊ လူဦး ရေ ၅၀၀၀ မှ ၉၀၀၀ ရှိ ကျေးရွာ အုပ်စု များအား ကျပ်သန်း ၆၀၊ လူဦးရေ ၉၀၀၀ မှ ၁၃၀၀၀ ရှိ ကျေးရွာ အုပ်စုများအား ကျပ်သန်း ၁၂၀ နှင့် လူဦးရေ ၁၃၀၀၀ အထက်ရှိ ကျေးရွာ အုပ်စုများ အတွက် ကျပ်သန်း ၁၅၀ တို့ကို လေးနှစ် ထောက်ပံ့ ပေးသွားမည့် အစီအစဉ် ဖြစ်ကြောင်း သိရသည်။
““ကျွန်မတို့ ကိုယ်တိုင် လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာန ဆိုင်ရာများနဲ့ ဖြစ်သင့်တဲ့ ဒေသတွေ သွားပြီး ကွင်းဆင်း လေ့လာခဲ့တယ်။ ဒါတောင် အရေးတယူ မရှိပါဘူး။ ကျွန်မတို့က ပြောတယ် ဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီး ဆွဲခေါ်လို့ ရရင် ဆွဲခေါ်မယ်ပေါ့။ ကမ်္ဘာ့ဘဏ်က ကျေးလက် ဖွံ့ဖြိုးရေး အတွက်ပေးတာ။ ငါတို့ကို ပေးတာ မဟုတ်ဘူး။ ငါမယူဘူး။ မလုပ်ဘူး။ မကိုင်ဘူး ဆိုတော့ ငါတို့ကတော့ နပ်မှန်အောင် စားနေရတယ်။ ငါတို့လူထုကရော မီးနဲ့ ရေနဲ့မှ နေရရဲ့လား ဆိုတာ ပြန်ကြည့်သင့်တယ်။ ကိုယ့်ဆန္ဒ တစ်ခုတည်း ကြည့်ရင် ပြည်သူတွေ ရေရှည် တိုးတက်ဖို့ မရှိဘဲ ကြာလေ နစ်လေ ဖြစ်မယ်။ ကျေးရွာတွေက ဖွံ့ဖြိုးမှု တကယ် လိုလားတယ် ဆိုရင် သူတို့ ခွင့်လွှတ် ပေးရမှာပေါ့”” ဟု ကရင်ပြည်နယ် ၀န်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် က ပြောသည်။
ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတော် အစိုးရတို့က ဖွံ့ဖြိုး တိုးတက်မှု နောက်ကျသည့် ကျေးလက်နေ ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်း ဆက်သွယ်ရေးနှင့် ရေ၊ မီး စသည့် လူမှုဘ၀ ဖွံ့ဖြိုးမှု လိုအပ်ချက်များ ဖြည့်ဆည်း ပေးရန် လူထု ဗဟိုပြု စီမံကိန်းကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
တိုင်းရင်းသား အဖွဲ့အစည်းများ ရှိသည့် နယ်စပ် ဒေသ များတွင် အဆိုပါ ဖွံ့ဖြိုးရေး လုပ်ငန်းများအား အထူး သဖြင့် ဒေသတွင်း အဖွဲ့အစည်းများနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း တာဝန်ရှိသူများ အနေဖြင့် လည်း ဖွံ့ဖြိုးမှု အလိုအပ်ဆုံး မြို့နယ်များအား ဦးစားပေး ရွေးချယ်ကာ ဒေသတွင်း အဖွဲ့အစည်းများ၏ သဘောဆန္ဒ အရ ဖွံ့ဖြိုးရေး လုပ်ငန်းများအား ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
““ကျေးလက် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ဒေသ တွင်းမှာ ရှိတဲ့ အဖွဲ့အစည်းတွေနဲ့ ပေါင်းစပ် ညှိနှိုင်းပြီး ဆောင်ရွက်ပါတယ်။ လာပါဆိုရင် ကျွန်တော်တို့ စ လုပ်တယ်။ မလာပါနဲ့ ပြောရင် ကျွန်တော်တို့ ရပ်ထား ပေးတယ်။ အဲလိုနည်းနဲ့ ကျွန်တော်တို့ သွားပါတယ်။ အရင် တစ်ခါတုန်းက ဒုတိယ ဦးစားပေး၊ တတိယ ဦးစားပေး အနေနဲ့ မြို့နယ် နှစ်မြို့နယ် ရွေးချယ်ခဲ့ ဖူးတာ ရှိတယ်။ လက်တွေ့ အကောင်အထည် ဖော်ဖို့ ကွင်းဆင်း လေ့လာတဲ့ အခါ ပြည်နယ် ၀န်ကြီးချုပ်ရဲ့ သဘောထားရယ်။ ပြည်နယ် အစိုးရရဲ့ ညှိနှိုင်းချက်ရယ် အပေါ်မှာ ကမ်္ဘာ့ဘဏ် ရဲ့ အဖွဲ့ကနေ အဲဒီနေရာမှာ ကျွန်တော်တို့ ၀န်ထမ်းတွေ သွားပြီး အကောင်အထည် ဖော်မယ်ဆိုရင် လုံလောက်တဲ့ လုံခြုံရေး ရှိ / မရှိ။ အဲဒီဒေသမှာ အကောင် အထည်ဖော်ဖို့ အဖွဲ့အစည်း အသီးသီးက နေပြီး ဆန္ဒ ရှိ / မရှိ ဆိုတာ စူးစမ်း လေ့လာပါတယ်။ လေ့လာတဲ့ အခါ ၀န်ကြီးချုပ် ခုနက ပြောသလိုပါပဲ”” ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန (ရုံးချုပ်)၊ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် က ပြောသည်။
ကရင်ပြည်နယ်တွင် မြို့နယ် ခုနစ်မြို့နယ် ရှိပြီး ကြာအင်းဆိပ်ကြီးမြို့နယ်၌ ဒေသတွင်း အဖွဲ့အစည်းများနှင့် ကောင်းစွာ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် နိုင်ခဲ့သည့် အတွက် ၂၀၁၅ - ၁၆ ဘဏ္ဍာရေးနှစ် အတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းများ ကောင်းစွာ အောင်မြင် ခဲ့သည်ကို နမူနာ ယူသင့်ကြောင်း ၄င်းက ဆက်ပြောသည်။
ကရင်ပြည်နယ် အတွင်း လူထုဗဟို ပြုစီမံကိန်း ကျေးလက် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရေး လိုလားမှု မရှိသည့် မြို့နယ် နှစ်မြို့နယ်မှာ မည်သည့် မြို့နယ်များ ဖြစ်ကြောင်း မေးမြန်းရာ တာဝန်ရှိသူက ပြန်လည် ဖြေကြားသွားခြင်း မရှိပေ။
မောင်မောင်ငြိမ်း(မြစ်မခ)
Tuesday, May 9, 2017
ကရင်ပြည်နယ် ဒေသ ဖွံ့ဖြိုးရေး ကိစ္စများတွင် ဒေသ အဖွဲ့အစည်းများ ပြည်သူ့အကျိုး ပြန်ကြည့်ရန် ပြည်နယ် ၀န်ကြီးချုပ် ပြောပြီ
ကရင်ပြည်နယ် ဒေသ ဖွံ့ဖြိုးရေး ကိစ္စများတွင် ဒေသ အဖွဲ့အစည်းများ ပြည်သူ့အကျိုး ပြန်ကြည့်ရန် ပြည်နယ် ၀န်ကြီးချုပ် ပြောပြီ
Reviewed by Ar Ti
on
3:46 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment