Latest News

Tuesday, May 2, 2017

အရင်အစိုးရသုံးထားတဲ့ မကွေးဖွံ့ဖြိုးရေး ရန်ပုံငွေကို ပြန်စိစစ်မည်

( ပျောက်ဆုံးနေတဲ့ မကွေးတိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကိစ္စနဲ့ ပတ်သက်ပြီး ဧပြီလ ၂၅ ရက်နေ့က မကွေးတိုင်းအစိုးရအဖွဲ့ သတင်းမီဒီယာတွေကို ရှင်းလင်းနေစဉ် ) ဓါတ်ပုံ - ဇော်တူး
ပျောက်ဆုံးနေတဲ့ မကွေးတိုင်းဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေ ၇ ဘီလီယံကျော်ထဲက ငွေကျပ် လေးဘီလီယံကို အရင်အစိုးရက ဒေသဖွံ့ဖြိုးရေးအတွက် သုံးခဲ့တယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြန်လည်စိစစ်သွားမယ်လို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးနေမျိုးကျော် ကပြောပါတယ်။

ဒေသဖွံ့ဖြိုးရေးအတွက် သုံးထာတယ်လို့ဆိုရာမှာ ဘယ်လိုနေရာတွေမှာ အသုံးပြုခဲ့လဲဆိုတာကို ပြန်လည်စိစစ်သွားဖို့ရှိတယ်လို့ ဝန်ကြီး ဦးနေမျိုးကျော် ကပြောပါတယ်။

"ကျနော်တို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ၃ ဘီလံကျော်ကို ကာယကံရှင်တွေ တာဝန်ရှိသူတွေက ပြန်လည်လွဲပြောင်းလို့ရရှိပြီးရင် အဲဒီဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်ထားတယ်လို့ ၄ ဘီလီယံကျော် ဒီစုံစမ်းစစ်ဆေးမှုမှာ ပေါ်ပေါက်ခဲ့တာနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ဒီစုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဘယ်နေရာတွေမှာ သုံးတာလဲ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေဆိုတာ ဒါကို ကျနော်တို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က အဲဒီသုံးထားတဲ့ ငွေစာရင်းခေါင်းစဉ်တွေမေးမှာပါ၊ ဥပမာအားဖြင့် သူတို့သုံးထားတယ်ဆိုတဲ့နေရာမှာ အဲ့ကာလ အဲဒီခေတ်တုန်းက ပြည်ထောင်စုဘတ်ဂျတ် တိုင်းဒေသကြီး ဘတ်ဂျတ်စီမံကိန်းတွေ ထပ်နေတဲ့နေရာတွေလား၊ အမှန်တကယ် အကောင်အထည်ဖော်ခဲ့ခြင်း မရှိဘူးလား ရှိသလား ဆိုတာတွေကို ကျနော်တို့ ထပ်မံကြိုးစားဖော်ထုတ်သွားမယ်ဆိုတာ လတ်တလောအားဖြင့် ဖြေနိုင်ပါတယ်"

မကွေးတိုင်းဒေသကြီးမှာရှိတဲ့ ရေနံလက်ယက်တွင်းလုပ်ငန်းရှင်တွေက အရင်တိုင်းဒေသကြီးအစိုးရကို ဒေသဖွံ့ဖြိုးရေးရန်ပုံငွေအဖြစ် ထည့်ဝင်ခဲ့တဲ့ ငွေ ကျပ် ၇ ဒသမ ၄၅၉ ဘီလီယံကျော်ဟာ အစိုးရသစ်ကို လွှဲပြောင်းပေးခဲ့ခြင်းမရှိဘဲ ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။

အဲဒီငွေတွေထဲက ၃ ဘီလီယံ ကျော်ကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေနဲ့ ရွှေသုခ အသေးစားငွေရေးကြေးရေးအသင်း ဥက္ကဌ ဦးကြည်ထွန်း တို့က လက်ရှိ မကွေးတိုင်းအစိုးရကို လွှဲပြောင်းပေးမယ်လို့ ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့က မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို စာပေးပို့ထားပါတယ်။

မကွေးတိုင်းအစိုးရအဖွဲ့အနေနဲ့ ပြန်လည်ရရှိလာမယ့်ငွေတွေကို လွှတ်တော်နဲ့ တိုင်ပင်ပြီး ပြည်သူလူထု အကျိုးဖြစ်စေနိုင်မယ့် အလုပ်တွေကို ရွေးချယ်ဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ တကယ်လို့ စာအတိုင်း ပြန်လည်ပေးသွင်းခြင်းမရှိရင် ဥပဒေအရ အရေးယူသွားမှာဖြစ်ကြောင်း ဝန်ကြီး ဦးနေမျိုးကျော် ကပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

No comments:

Post a Comment