Latest News

Tuesday, May 16, 2017

ကမ္ဘာ့ အသေးငယ်ဆုံးနဲ့ အပေါ့ပါးဆုံး ဂြိုဟ်တုကို တီထွင်ခဲ့တဲ့ အိန္ဒိယဆယ်ကျော်သက်

ကမ္ဘာ့ အသေးငယ်ဆုံးနဲ့ အပေါ့ပါးဆုံး ဂြိုဟ်တုကို တီထွင်ခဲ့တဲ့ အိန္ဒိယဆယ်ကျော်သက်



အိန္ဒိယနိုင်ငံမှ ဆယ်ကျော်သက်တစ်ဦးက ကမ္ဘာ့ အသေးငယ်ဆုံးနဲ့ အပေါ့ပါးဆုံး ဂြိုဟ်တုကို တီထွင်နိုင်ခဲ့ပြီး လာမယ့် ဇွန်လအတွင်း NASA အဖွဲ့မှ ကမ္ဘာပတ်လမ်းကြောင်းသို့ လွှတ်တင်သွားမယ်လို့ ဆိုပါတယ်။

အသက် ၁၈ နှစ်အရွယ် ရီဖတ်ရှာရော့ခ် အမည်ရှိ အိန္ဒိယဆယ်ကျော်သက် တည်ဆောက်ခဲ့တဲ့ အလေးချိန် ၀.၁၄ ပေါင်မျှသာ ရှိတဲ့ ဂြိုဟ်တုဟာ NASA က ပူးတွဲထောက်ပံ့မှုဖြင့် ပြုလုပ်ခဲ့တဲ့ ပြိုင်ပွဲတစ်ခုမှာ ဆုရရှိခဲ့ပါတယ်။ ၎င်းရဲ့ အပေါ့ဆုံး ဂြိုဟ်တုကို ကမ္ဘာပတ်လမ်းကြောင်းသို့ လွှတ်တင်မှုဟာ ၄ နာရီကြာမြင့်မယ်လို့ ရှာရော့ခ်က အိန္ဒိယမီဒီယာတွေကို ပြောပါတယ်။


ဂြိုဟ်တုဟာ အလွန်သေးငယ်တဲ့ ကမ္ဘာမြေဆွဲငင်အားရှိရာ အာကာသအတွင်းနေရာမှာ ၁၂ မိနစ်ခန့်ကြာ လုပ်ငန်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ "ဂြိဟ်တုမှာ ကွန်ပျူတာနဲ့ အာရုံခံကိရိယာ ၈ ခု ပါဝင်ပြီးတော့ ကမ္ဘာမြေရဲ့ ဆွဲအား၊ လှည့်ပတ်မှုနဲ့ သံလိုက်စက်ကွင်းတို့ကို လေ့လာသွားမှာပါ" လို့ ရှာရော့ခ်က ပြောပါတယ်။

ရှာရော့ခ် တီထွင်ခဲ့တဲ့ ကမ္ဘာ့အပေါ့ဆုံး ဂြိုဟ်တုကို KalamSat လို့ အမည်ပေးထားကြောင်း သိရပါတယ်။ အိန္ဒိယနိုင်ငံရဲ့ လေကြောင်းသိပ္ပံပညာဆိုင်ရာ ရည်မှန်းချက်တွေ စတင်ခဲ့သူတစ်ဦးဖြစ်တဲ့ သမ္မတဟောင်း အဗ္ဗဒူလ်ကလမ် (Abdul Kalam) ကို ရည်ညွန်းပြီး နာမည်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ရှာရော့ခ်ရဲ့ အပေါ့ဆုံး ဂြိုဟ်တုဟာ NASA နဲ့ ပညာရေးကုမ္ပဏီ idoodle တို့ ပူးပေါင်းစီစဉ်ခဲ့တဲ့ Cubes in Space ပြိုင်ပွဲမှာ ဆုရရှိခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့အပေါ့ဆုံး ဂြိုဟ်တုကို အောင်မြင်စွာ တီထွင်နိုင်ခဲ့တဲ့ မျက်နှာသစ် ဆယ်ကျော်သက်သိပ္ပံပညာရှင် ရှာရစ်ခ်ဟာ တမီလ်နာဒူပြည်နယ်ရှိ မြို့ငယ်လေးတစ်ခုမှ ဖြစ်ပါတယ်။ ယခုအခါ ရှာရစ်ခ်က ချင်နိုင်းမြို့အခြေစိုက် Space Kidz India မှာ ဦးဆောင်သူ သိပ္ပံပညာရှင်အဖြစ် လုပ်ကိုင်နေပါတယ်။

Space Kidz India ဟာ အိန္ဒိယ ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေအတွက် သိပ္ပံပညာနဲ့ ပညာရေးဆိုင်ရာ တိုးတက်မြင့်မာရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ KalamSat ဂြိုဟ်တုဟာ ရှာရော့ခ်ရဲ့ ပထမဆုံး တီထွင်မှုမဟုတ်ဘူးလို့ ဆိုပါတယ်။

ရှာရစ်ခ်ဟာ အသက် ၁၅ နှစ်အရွယ်မှာလည်း အိန္ဒိယတစ်နိုင်ငံလုံးရှိ လူငယ်သိပ္ပံပညာရှင်များ ပါဝင်ကြတဲ့ပြိုင်ပွဲမှာ ရာသီဥတုအခြေအနေ စောင့်ကြည့်ထောက်လှမ်းတဲ့ ဟီလီယမ်ဓာတ်ငွေ့သုံး မိုးပျံပူဖောင်းကို တီထွင်ခဲ့ကြောင်း သိရပါတယ်။

Source & Photo: NDTV, BBC:Duwun

No comments:

Post a Comment