မိုးလေသံကြား ထိတ်လန့်နေရဆဲ ဘ၀များနဲ့ နာဂစ်မုန်တိုင်း (၉) နှစ် ပြည့်ခဲ့ပြီ
“နာဂစ်မတိုင်ခင် ကျွန်တော်တို့ရွာလေးမှာ အိမ်ခြေတစ်ထောင်ကျော် ရှိတယ်။ ကျွန်တော်တို့ ရွာကအရမ်းစည်တာ။ ရွာမှာရွှေဆိုင်သာမရှိတာ ရွှေပန်းထိမ်ပါရှိတယ်။ အခု ဟိုးမှာမြင်နေရတဲ့ နေရာလေးမှာ ရွှေပန်းတိမ်၊ ဒီနားက ၀ပ်ရှော့ရုံကြီး၊ ဒီဘက်ဘေးက ငါးပိစက်ရုံကြီး၊ အရမ်းစည်တယ်။ ညဘက်တွေတောင်မှ စည်ကားနေတာ။ မီးမောင်းထားပြီးတော့ လင်းထိန်နေတာ” ဟု လပွတ္တာမြို့နယ် ပြင်စလူမြို့ သင်္ကန်းကြီးကျေးရွာ ဒေသခံ ဦးညီညီထွန်းက ယခင်ကျေးရွာ တည်ရှိခဲ့တဲ့ ပင်လယ်ကမ်းစပ် သောင်ပြင်အထက်မှာ တွေဝေစွာ ရပ်တန့်ရင်း ပြောခဲ့ပါတယ်။
သူပြောတဲ့ နေဟောင်းလေးဟာ ယခုအချိန်မှာတော့ သစ်တိုင်ငုတ်များ၊ အုတ်တိုင်ငုတ်များသာ ကျန်ရှိတော့ပြီး သောင်ခုံပြင် သက်သက်သာ ဖြစ်တည်နေတာပါ။ ကျေးရွာအဟောင်းနေရာလေးမှာ လူနေအိမ် ၃၀ ခန့်သာ ရှိတော့ပြီး များပြားလွန်းစွာသော ကလေးငယ်များစွာနှင့် သက်ကြီးရွယ်အိုများ ပိုက်ထောင်၊ ကဏန်းထောင် လုပ်ဆောင်နေတဲ့ လူငယ်အချို့ကိုသာ တွေ့မြင်ရပါတော့တယ်။ သူပြောပြနေတဲ့ မြင်ကွင်းကို လိုက်လံပုံဖော်ဖို့ ဆိုတာတောင် ခက်ခက်ပါပဲ။ ဒီကျေးရွာလေးဟာ ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် ကျေးရွာရှိလူဦးရေ ရာခိုင်နှုန်း ၇၀ အသက်ဆုံးပါးခဲ့ရတဲ့ ရွာကလေးပါပဲ။
နာဂစ်မုန်တိုင်းဆိုတာ
ကမ္ဘာမှာ လူအသေအပျောက် အများဆုံးနဲ့ အပျက်အစီးဆုံးရှုံးမှု အများဆုံး သဘာဝဘေးအန္တရာယ်များမှာ နံပါတ်(၈) အဆင့်ဝင်ခဲ့ပြီးတော့ မြန်မာနိုင်ငံရဲ့ သမိုင်းတစ်လျှောက်မှာ လူ့အသက်ပေါင်း ဆုံးရှုံးမှု အများဆုံး ပျက်စီးဆုံးရှုံးမှု အများဆုံး နံပါတ် (၁) အဆင့်ဖြစ်ခဲ့တဲ့ နာဂစ်မုန်တိုင်း ၀င်ရောက် တိုက်ခိုက်ခဲ့တာဟာ ယခုနှစ်ဆိုလျှင် ကိုးနှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။ လွန်ခဲ့သော ၂၀၀၈ ခုနှစ် မေ ၂ ရက် မွန်းလွဲပိုင်းမှာ မြစ်ဝကျွန်းပေါ် ဧရာဝတီဒေသကို ငိုသံတွေ ကယ်ပါယူပါ အသံတွေနဲ့ ဖုံးလွှမ်းစေခဲ့တာဟာ အခုချိန်အထိကို မေ့မရနိုင်ကြဆဲပါ ဖြစ်ပါတယ်။
ဟိုင်းကြီးကျွန်းဆွယ်ကို ဦးတည်ပြီးတော့ အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီကို မိုင် ၁၃၀ ခန့်ရှိကာ အချင်းဝက်အကျယ် ၁၉၀ မိုင်၊ တောင်မြောက်အကျယ် ၂၅၅ မိုင်ခန့်အထိရှိတဲ့ နာဂစ်မုန်တိုင်းဟာ လပွတ္တာ၊ ပြင်စလူ၊ ငပုတော၊ ဘိုကလေး၊ ဖျာပုံ၊ မော်လမြိုင်ကျွန်း၊ မြောင်းမြ၊ ပုသိမ်၊ ၀ါးခယ်မ၊ မအူပင်၊ ဒေးဒရဲ၊ ကျုံမငေး၊ ကျိုက်လတ်၊ ပန်းတနော်၊ ရန်ကုန်မြို့များကို ဖြတ်သန်းပြီးတော့ လမ်းတစ်လျှောက်မှာရှိတဲ့ ပြည်သူများရဲ့ အသက်ပေါင်းများစွာ ပိုင်ဆိုင်မှုများစွာကို ဖျက်ဆီးသွားခဲ့ပါတယ်။ အဆိုးရွားဆုံး ကြုံတွေ့ခဲ့ရတဲ့ မြို့နယ်ကတော့ လပွတ္တာမြို့နယ်ပါပဲ။ ထိုအချိန်က အစိုးရရဲ့ တရားဝင် ထုတ်ပြန်မှုအရ လူပေါင်း ၁၃၈၀၀၀ ကျော် အသက်ဆုံးပါးခဲ့ပြီး အိမ်ရာအဆောက်အအုံပေါင်း ခုနစ်သိန်းခွဲကျော် ပျက်စီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးဟာ ၁၁ ဒသမ ၈ ထရီလျံကျပ် ရှိတယ်လို့ ဆိုပါတယ်။ ဒေသခံများကတော့ မြေပြင်အခြေအနေမှာ ယခုထက် ပိုမိုအသက်တွေ ဆုံးရှုံးခဲ့တယ်လို့ ပြောဆိုခဲ့ကြပါတယ်။ မုန်တိုင်းဝင်ရောက် ဖျက်ဆီးခဲ့တဲ့ ဒေသများမှာရှိတဲ့ ဆားကွင်းတွေ၊ လယ်ယာတွေ၊ ရေလုပ်ငန်းတွေမှာ အဝေးနေရာများကနေ လာရောက် လုပ်ကိုင်နေကြတဲ့ စာရင်းမ၀င် အိမ်ထောင်စုမဲ့ လုပ်သားများစွာဟာလည်း နာဂစ်မုန်တိုင်းနဲ့အတူ သူတို့မိသားစုတွေထံ ပြန်မလာနိုင်ကြတော့ပါဘူး။
အဖြစ်ဆိုးကို မေ့နိုင်ကြပြီလား
နာဂစ်မုန်တိုင်းအဓိက ၀င်ရောက်ဖျက်ဆီးခဲ့တဲ့ လပွတ္တာမြို့နယ်ထဲက ကျေးရွာအများစုမှာ မိသားစုစုံညီစွာ အသက်ရှင်လျက် ကျန်ရစ်သူတွေဆိုတာ အလွန်တစ်ရာကို နည်းပါးလွန်းလှပါတယ်။ ပြင်စလူမြို့ စလူဆိပ်ကျေးရွာလို အိမ်ခြေတစ်ထောင်ကျော် ရှိခဲ့ဖူးတဲ့ ကျေးရွာကြီးမှာ ဒေသခံများ ပြောဆိုမှုအရ မိသားစုလိုက်စုံညီစွာ ကျန်ရှိခဲ့တာဟာ မိသားစုခြောက်စုပဲ ရှိပါတယ်။ သွေးရင်းသားရင်း မိသားစုလိုက် ဆုံးရှုံးခဲ့ရသူတွေဟာ ယနေ့အချိန် နာဂစ်မုန်တိုင်းရဲ့ ရက်စက်မှုဒဏ်ကို ခံနေရတုန်းပါပဲ။ ပျောက်ဆုံးသွားတဲ့ မိသားစုဝင်တွေကို ယနေ့လိုက်လံ ရှာဖွေနေသူတွေလည်း ရှိနေတုန်းပါပဲ။
“သမီးလေး ပျောက်သွားတယ်လေ။ သမီးလေးက မသေဘူးလို့ ယုံတယ်။ သတင်းတွေ လိုက်စုံစမ်းတာပေါ့။ သူက မုန်တိုင်းကြောင့် ရူးသွားပြီးတော့ ဘာမှမမှတ်မိတော့တာ ဖြစ်မယ်။ မော်ကျွန်းဘက်မှာ ကောင်မလေးတစ်ယောက် ရူးပြီးလျှောက်သွားနေတယ်။ သမီးနဲ့ တူတယ်ဆိုလို့ မဟုတ်ဘူးပေါ့။ ဟိုမှာ ဒီမှာ သတင်းကြားတိုင်း လိုက်ရှာနေခဲ့တာ အခုထိပဲလေ။ ငါ့သမီးလေး တစ်ယောက်တည်း ဘာတွေ ဖြစ်နေမလဲ။ သတင်းတွေကို အမြဲမပြတ် စုံစမ်းနေတာ။ သမီးလေးပုံလည်း မကျန်ခဲ့ဘူး။ အရင်က သမီးကိုသိတဲ့ မိတ်ဆွေကိုပဲ သမီးလေးကို တွေ့ရင်ပြောပါလို့ လိုက်မေးနေရတာပေါ့” ဟု ပြင်စလူမြို့ပေါ်မှာ လက်ဖက်ရည်ဆိုင်ဖွင့် ရောင်းချပြီး ကျန်ရစ်သူ မိသားစုဝင်များနှင့် ဘ၀ကိုရုန်းကန်နေခဲ့ရတဲ့ ဦးတင်အုန်းက နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်မှာ ပျောက်ဆုံးခဲ့ရတဲ့ သမီးငယ်ကို တွေ့ရင်ပြောကြပါဆိုတဲ့ အကူအညီ တောင်းဆိုမှုဟာ အခုလို ကိုးနှစ်ကြာမြင့်လာသည်အထိ ရပ်တန့်မသွားခဲ့ပါဘူး။
ပျောက်သောသူရှာရင်တွေ့ သေသောသူ ကြာရင်မေ့ဆိုတာ စကားပုံတစ်ခုထက် မပိုခဲ့ပါဘူး။ ကျန်ရစ်သူတွေမှာ အခုချိန်ထိကို တစ်ကိုယ်ရည်တည်း ရပ်တည်နေရတဲ့ ဘ၀ကို ရင်နာစွာနဲ့ ဖြတ်ကျော်နေထိုင်နေရဆဲ ဖြစ်ပါတယ်။ မုန်တိုင်းကြီးက ငါတို့ကိုပါ ခေါ်သွားရမှာ။ ဒီတစ်ခါ မုန်တိုင်းလာလို့ ငါပါပါသွားလည်း ဒီဘ၀အတွက်တော့ အေးချမ်းသွားတာပဲဆိုတဲ့ ခံစားမှုတွေနဲ့ လက်ကျန်ဘ၀အချိန်တွေကို ဖြတ်ကျော်နေခဲ့ရသူတွေ များလွန်းလှပါတယ်။
“မိသားစု ၁၁ ယောက် ပါသွားတယ်။ မတ်ကလေးနဲ့ တူမလေးပဲ ကျန်ခဲ့တာ။ အားလုံးကုန်တာပဲလေ။ ဘာမှကိုမကျန်ခဲ့တာ။ ကျွန်မသာ ဒီနေရာမှာ ရှိနေမယ်ဆိုရင် ကျွန်မက မိသားစုထဲမှာ အကြီးဆုံးသမီးဖြစ်တော့ သူတို့ဒီလောက် ဆုံးရှုံးရမှာ မဟုတ်ဘူး။ တစ်ဖက်ရွာကို ရောက်နေတော့ သူတို့ကို ပြောဆိုမယ့်သူ မရှိတော့ ဒီလိုဖြစ်ရတာ။ ကျွန်မရောက်တဲ့ နေရာတစ်ခုပဲ မုန်တိုင်းတိုက်တယ်လို့ထင်တာ ဒီရောက်တော့ ဘုရားပဲ တွေ့တော့တယ်။ တစ်ရွာလုံး ဘာမှမရှိတော့ဘူး။ ရွာကိုလာတာ ချောင်းတစ်လျှောက် အလောင်းတွေကို ၀ါးနဲ့ထိုးပြီးတော့ ဖယ်ပြီးလာရတယ်။ အခု မုန်တိုင်းလို့ အသံကြားရင် ရှပ်တာတွေပေါ် ခေါ်ထားရင် သွားနေတယ်။ ဘာတွေပြင်ဆင်ပြီး တွေးကြောက်နေရဦးမှာလဲ။ မုန်တိုင်းနဲ့ပါသွားလည်း ဒီဘ၀အတွက် အေးချမ်းသွားတာပဲလေ။ ကျွန်မတစ်ယောက်တည်း ရှင်ကျန်ခဲ့တော့ရော အခုလို အမြဲနောင်တရ သတိရနေရတာနဲ့ပဲ ငိုနေရတာပဲ။ အေးချမ်းချင်တယ်” လို့ မုန်တိုင်းတိုက်ခတ်စဉ်က တစ်ရွာလုံးနီးပါး အသက်ဆုံးရှုံးခဲ့ရတဲ့ ပြင်စလူမြို့ စလူဆိပ်ကျေးရွာကနေ အနီးကျေးရွာကို ခေတ္တရောက်ရှိနေခဲ့တဲ့ ဒေါ်ခင်ချိုနွယ်ရဲ့ ဆိုစကားပါ။
အသက်တွေသာမက ဘာတွေပျက်စီးခဲ့ရလဲ
နာဂစ်မုန်တိုင်းဟာ လူတွေရဲ့ အသက်တွေကိုသာမက မျှော်လင့်ချက်တွေ၊ အနာဂတ်တွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ ကလေးငယ်များရဲ့ အနာဂတ် ပညာရေးတွေကိုပါ ရယူသွားခဲ့တာပါ။ အသက်တွေ ပေးဆပ်ခဲ့ရသလောက် ပြန်လည် ရပ်ခက်ခဲနေဆဲဖြစ်တည် နေရတာ လပွတ္တာမြို့နယ်ပါပဲ။ နာဂစ်မုန်တိုင်းကြောင့် လပွတ္တာမြို့နယ် တစ်ခုတည်းမှာပင် လူဦးရေတစ်သိန်းကျော် အသက်ဆုံးပါးခဲ့ရပါတယ်။ ဒုတိယ အများဆုံးကတော့ ဟိုင်းကြီးကျွန်း၊ ဘိုကလေးမြို့နယ်၊ ဖျာပုံမြို့နယ်များပါ။ ယနေ့အချိန်မှာတော့ ဘိုကလေးမြို့နယ်နှင့် ဖျာပုံမြို့နယ်များမှာတော့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှု၊ ဒေသအတွင်း ပြန်လည်ရင်းနှီး မ,တည်လိုသည့် လုပ်ငန်းရှင်များ ပေါ်ထွက်ခဲ့မှုကြောင့် ယခင်အချိန်ကာလကလို ပြန်လည်မစည်ပင် မဖွံ့ဖြိုးသေးပေမယ့် လူသားပီသစွာ နေထိုင်ရခြင်းများတော့ ရရှိလာကြပါပြီ။
လူဦးရေ အသေအပျောက် အများဆုံးဖြစ်ပြီးတော့ ယခုချိန်အထိ လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲနေတဲ့ ဒေသတွေဖြစ်တဲ့ လပွတ္တာမြို့နယ် အတွင်းက ပြင်စလူမြို့ကတော့ မြို့ပျက်ကြီး တစ်ခုလိုပါပဲ။ မျှော်လင့်ချက်မဲ့တဲ့ မျက်ဝန်းအရောင်မှိန်များနဲ့ သွားလာလှုပ်ရှားနေကြတဲ့ ဒေသခံတွေကိုသာ မြင်တွေ့နေရပါလိမ့်မယ်။
ရှုံးတစ်လှည့် ကျန်တစ်လှည့်နဲ့ လယ်သမားများ
မုန်တိုင်းကြောင့် သစ်တောများစွာ ပျက်စီးဆုံးရှုံးခဲ့ပြီးတော့ လပွတ္တာမြို့နယ်ဟာ ရာသီဥတု ဖောက်ပြန်မှုကို အခံစားရဆုံးမြို့နယ် တစ်ခုဖြစ်ခဲ့ပါတယ်။ ယခင်နှစ်များစွာတုန်းက ပင်လယ်ဒီရေ မတက်ခဲ့တဲ့ လယ်ယာများကို နှစ်စဉ်ဆိုသလို ရေငန်များဝင်ရောက် ဖုံးလွှမ်းခြင်း၊ နာဂစ်မုန်တိုင်းကြောင့် မြေသားပျက်စီးခဲ့ခြင်းကြောင့် တောင်သူများရဲ့ ဘ၀ဟာ နှစ်စဉ်ဆိုသလို အရှုံးဖြင့်သာ ရင်ဆိုင်နေခဲ့ရတာ ကြာမြင့်ခဲ့ပါပြီ။ တာတွင်းလယ်နဲ့ တာပြင်လယ်ဆိုတာ မြေသားတာလမ်းတစ်ခုသာ ခြားနားပေမယ့် တောင်သူများ အတွက်တော့ ရေငန်တားပတ်တာကို အစိုးရပိုင်းက ပြည့်ဝစွာ လုပ်ဆောင်ပေးဖို့ဆိုတာ မျှော်လင့်ချက်တစ်ခုပါပဲ။
“အခုနောက်ပိုင်းကတော့ လယ်ယာတွေမှာ နည်းနည်းတော့ ပြန်ပြီးတော့ အဆင်ပြေလာတယ်။ ချေးငွေလေးတွေလည်း ရတယ်လေ။ အဆင်ပြေတယ်ဆိုတာ တာအတွင်းဘက်က လယ်တွေပဲ အဆင်ပြေတာ ရေငန်မ၀င်တော့လို့ တာအပြင်က လယ်တွေကတော့ ကုန်သွားလိုက် ပြန်ထည့်လိုက်ပဲ။ နေရာတိုင်း တာသာပတ်နိုင်ရင်တော့ လယ်သမားက အခြေအနေကောင်းနိုင်တယ်။ ရေငန်ရှိတော့ စပါးစိုက်ရင်း ပုစွန်မွေး၊ ပုစွန်ကြောင့် စပါးသေ၊ စပါးရှုံးလို့ ပုစွန်နဲ့ အရင်းကာရ ဒီလိုပဲလည်နေတာပဲ။ အရေးကြီးတာက ဒီဘက်လယ်သမားတွေ အဆင်ပြေစေချင်ရင်တာတွေကို အကုန်ပတ်ပေးဖို့ပါ” ဟု ပြင်စလူမြို့ ဇင်ရွဲကျေးရွာမှ ဒေသခံတောင်သူ ဦးသောင်းဟန်က ပြောပါတယ်။
ပျောက်ဆုံးသွားတဲ့ ဆားလယ်များ
လပွတ္တာမြို့နယ်ရဲ့ အဓိက စီးပွားရေးလုပ်ငန်းများဟာ ဆားလုပ်ငန်းနဲ့ ရေလုပ်ငန်းပါပဲ။ ဧရာဝတီတိုင်းဒေသကြီး တစ်ခုလုံးမှာ အကြီးမားဆုံး ဆားတိုက်နယ်တွေကို ပိုင်ဆိုင်ထားတာဟာ လပွတ္တာပါ။ နာဂစ်မုန်တိုင်းအပြီး နောက်ပိုင်းချိန်များကနေ ယခု ကိုးနှစ်ပြည့်သည့်အချိန်အထိ ရာသီအဖျက်များ၊ ဆားကြမ်းဈေးနှုန်း ကျဆင်းမှုများ၊ လုပ်သား ရှားပါးမှုများ၊ ရင်းနှီးမတည်ငွေ မလုံလောက်မှုများကြောင့် လပွတ္တာမြို့ရဲ့ ဆားလုပ်ငန်းဟာ လုံးဝနီးပါးကို ပျက်စီးဆုံးရှုံးခဲ့ရပါပြီ။
“ဆားကြမ်းဈေးက မကောင်းတော့ လုပ်သားတွေကိုလည်း လုပ်ခကောင်းကောင်း မပေးနိုင်ဘူး။ အရင်တုန်းကလိုလည်း လုပ်သားကို အမြဲခေါ်မထားနိုင်ဘူး။ ရာသီချိန် ကုန်သွားပြီဆိုတာနဲ့ သူတို့လည်း လယ်ထဲပြန်ဝင်ကျ ကျွန်တော်လည်း လယ်လေးလုပ် ဘာလေးလုပ်နဲ့ နေကြရတယ်။ အမြဲတမ်း ရင်းနှီးမ,တည်ငွေက မလုံလောက်တော့ လုပ်ခကောင်းကောင်းလည်း မပေးနိုင် ဆားကြမ်းဈေးကကျနဲ့ တောင်သူအတော်တော်များက မလုပ်ကြတော့ဘူး။ ကျွန်တော်သာ မိဘအမွေ လုပ်ငန်းဖြစ်ပြီးတော့ ဒီအလုပ်ကို လုပ်လာတာက ၂၈ နှစ်တောင်ရှိပြီမို့ ဆက်လုပ်နေရတာ” ဟု ရွေးသင်္ကန်းကြီး ဆားတိုက်နယ်မှ ဆားဖိုသူကြီး ဦးမောင်ငယ်က ဆိုပါတယ်။
လုပ်ငန်းရှင်များ ပျောက်ဆုံးပြီး အထိအမိ နည်းလာတဲ့ ရေလုပ်ငန်း
ရေလမ်းတစ်ခုကိုသာ အဓိက အားထားရပြီး နာဂစ်မုန်တိုင်းအပြီးမှာ ခပ်စိပ်စိပ် ကျရောက်လာတဲ့ သဘာဝဘေးများကြောင့် ပြင်စလူလိုမြို့တစ်ခုမှာ သွားရောက်ရင်းနှီး လုပ်ကိုင်ဖို့ဆိုတာ ငွေရှင်ကြေးရှင် တစ်ယောက်အနေနဲ့ မလုပ်ဆောင်လိုပါဘူး။ အထိအမိနည်းလာတဲ့ ရေလုပ်ငန်းများကြောင့် မပြေလည်နိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေဟာလည်း ဒုနဲ့ဒေးပါပဲ။ ဒေသခံအများစုတို့ လုပ်ဆောင်နေရတဲ့ လုပ်ငန်းကတော့ ဂဏန်းထောင်ခြင်း ကမ်းစပ်များမှာ ပုစွန်သားပေါက်ရွေးခြင်း၊ ပိုက်ဆွဲခြင်းများသာ လုပ်ဆောင်နိုင်ကြပြီးတော့ တစ်နေ့တာအတွက် တစ်မိသားစုလုံး ရှာဖွေမှုမှာ ငွေနှစ်ထောင်တောင် မပြည့်တဲ့ ငွေကြေးတစ်ခုနဲ့ ရပ်တည်နေရတာ။
“အရင်တုန်းက လှေစီးတယ်။ အခုကျတော့ ဘာမှမရှိတော့ဘူးလေ။ ဒီလိုပဲ ကမ်းစပ်မှာ ပုစွန်သားပေါက်လေးတွေကို ရွေးတာပေါ့။ တစ်ကောင်ကို သုံးကျပ်ရတယ် ပုစွန်မွေးတဲ့သူတွေကို ပြန်ရောင်းရတာ။ ကဏန်းထောင်တဲ့ အခါမျိုးလည်းရှိတယ်။ တစ်နေ့ကို ၁၀၀၀ ရတယ်။ ၂၀၀၀ ရတယ်။ ၃၀၀၀ ရတယ်။ အသေအချာ မဟုတ်ပါဘူး။ အရင်လိုမဟုတ် သားငါးက အရမ်းရှားလာတယ်။ လှေစီးရအောင်လည်း အရင်လို စက်လှေကြီးတွေက မရှိတော့ဘူး။ သူဌေးတွေကလည်း စက်လှေတွေ မထောင်ကြတော့ဘူး” ဟု သင်္ကန်းကြီး ကျေးရွာဒေသခံ ရေလုပ်သား ဦးဇော်လင်းက ပြောပါတယ်။
မျှော်လင့်ချက်မဲ့စွာ အလုပ်အကိုင် ရှားပါးမှုနှင့် လူငယ်များ အနာဂတ်
လပွတ္တာမြို့နယ် အတွင်းက ကျေးရွာအများစုမှာ ကျေးရွာအတွင်းကို ၀င်သွားလိုက်သည်နှင့် အများဆုံး တွေ့ရမှာက ကလေးငယ်များပါပဲ။ ယင်းနောက်မှာ အများဆုံး တွေ့ရှိရတာကတော့ သက်ကြီးရွယ်အိုများပါပဲ။ ကျေးရွာတိုင်းမှာ မေးဖြစ်တဲ့ မေးခွန်းဟာ လူငယ်တွေ ဘယ်ရောက်ကုန်သလဲဆိုတဲ့ မေးခွန်းပါ။ ဒေသခံအားလုံးပြန်ဖြေတဲ့ တစ်ခုတည်းတော့ အဖြေကတော့ ညီလေးက သင်္ကြန်ရက်တုန်းကမှ မလာတာ။ သင်္ကြန်ရက်တုန်းကဆို အလုပ်ကပိတ်လို့ ရွာပြန်လာကြတဲ့သူတွေနဲ့ တစ်ရွာလုံးကို စည်ကားနေတာဆိုတဲ့ အဖြေပါပဲ။
ကျေးရွာတိုင်းမှာရှိတဲ့ အလုပ်လုပ်နိုင်တဲ့ လူငယ်ရာခိုင်နှုန်း ၈၀ ဟာ ရန်ကုန်လိုမြို့မျိုးမှာ အလုပ်သွားရောက် လုပ်နေကြပါတယ်။ အချို့ကတော့ နိုင်ငံရပ်ခြားကို သွားရောက်ပြီးတော့ ရရာအလုပ်ကို လုပ်ဆောင်နေကြပါတယ်။ နိုင်ငံခြားသွား အလုပ်လုပ်နေတဲ့သူတွေရဲ့ ရာခိုင်နှုန်း ၈၀ ဟာလည်း တရားဝင်သွားရောက် လုပ်ဆောင်နေသူများ မဟုတ်ကြဘဲ အောက်လိုင်းလို့ခေါ်တဲ့ ခိုးဝင်ရတဲ့လမ်းများကနေ သွားရောက် လုပ်ဆောင်နေကြ ရပါတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ကျေးရွာမှာ အလုပ်အကိုင် ရှားပါးမှု ပြဿနာကနေ လူကုန်ကူးမှု အကြမ်းဖက်ခံရမှုတွေအတွက် စိုးရိမ်စရာ အခြေအနေပါပဲ။
“ကလေးတွေက သင်္ကြန်ရက်လောက်ပဲ ပြန်လာကြတာ။ အကုန်လုံးလိုလိုက တခြားမှာ အလုပ်သွားလုပ်နေကြတာပဲ။ ဒီမှာက တစ်နေ့ကို တစ်ထောင်နှစ်ထောင်ရဖို့တောင်မှ ခက်ခက်လေ။ တခြားမှာက တစ်နေ့ လေးငါးထောင်လောက်က အသာလေးရကြတယ်ဆိုတော့ အဆင်ပြေတာပေါ့။ ရွာမှာက အသက်ကြီးတဲ့သူတွေလောက်ပဲ ကျန်ခဲ့တာ။ အလှူအတန်း လုပ်တာကအစ အရင်လို စည်စည်ကားကား မရှိတော့ဘူး” ဟု ဇင်ရွဲကြီးကျေးရွာက ဦးတင်ထွန်းက ပြောပါတယ်။
အလုပ်အကိုင် ရှားပါးမှု၊ ငွေကြေးနွမ်းပါးမှုများကြောင့် နိုင်ငံတော်ကနေ အခမဲ့ပညာရေးစနစ်ကို ဘယ်လိုပဲ အကောင်အထည်ဖော် ဆောင်ရွက်ဆောင်ရွက် မဖြစ်နိုင်သေးတဲ့ အကြောင်းအရာ တစ်ချက်ပါပဲ။ မိသားစု စားဝတ်နေရေးအတွက် ကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်း၊ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းဆိုတာတွေက အတန်းကုန်၊ ပညာကုန်သာ သင်ကြားရသူတွေ များပြားလွန်းလှပါတယ်။ မြို့ပေါ်ကိုတက်ပြီးတော့ ပညာဆက်သင်ပေးဖို့ဆိုတာ ချို့တဲ့နွမ်းပါးသူတွေအတွက် ရှားပါးလွန်းလှတဲ့ အလုပ်အကိုင်များ ခက်ခဲလွန်းလှတဲ့ စီးပွားရေးလုပ်ငန်းများကြောင့် အိပ်မက်သာသာပါပဲ။ ပညာတတ်ကြီး ဖြစ်ချင်လှတဲ့ ကလေးငယ်များဟာ ကျေးရွာအနီး ချောင်းငယ်လေးတွေမှာ ကဏန်းထောင် ပိုက်ထောင်ဘ၀ကနေ မလွတ်လှပါဘူး။
“မိသားစုကများတယ်။ အားလုံးပေါင်း ခြောက်ယောက်။ ကျွန်တော်ကလည်း ဒီနှစ်မှာ ကျန်းမာရေးမကောင်းတော့ ဘာအလုပ်မှ မလုပ်နိုင်ဘူး။ ကလေးတွေကလည်းပဲ လုပ်နေတာ။ သူတို့ ကဏန်းထောင်တယ်။ အားလုံးက လေးတန်းထိတော့ ကျောင်းတက်ဖူးကြတယ်။ မြို့ပေါ်မှာ ဆက်ထားဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ တစ်နှစ်ကို ငါးသိန်းလောက်ကုန်တာ။ ကိုယ့်ရဲ့ဝင်ငွေက တစ်နှစ်ကိုမှ ငါးသိန်းလောက်တောင် မရတော့ ဘယ်လိုလုပ်ထားနိုင်မှာလဲ” ဟု ကိုးဘိုကျေးရွာမှ ဦးအေးညွန့်က ပြောကြားပါတယ်။
သဘာဝဘေးအန္တရာယ်များအတွက် ဘာတွေကြိုတင် ပြင်ဆင်ထားကြသလဲ
နာဂစ်မုန်တိုင်း မတိုက်ခတ်မီ နှစ်အနည်းငယ်အတွင်းမှာ မြစ်ဝကျွန်းပေါ်ဒေသကို ၂၀၀၆ ခုနှစ်မှာ မာလာမုန်တိုင်း၊ ၂၀၀၇ ခုနှစ်တွင် ဆီဒါနှင့် ဂိုနုမုန်တိုင်းတို့ ၀င်ရောက်ခဲ့ဖူးသော်လည်း လုံးဝထိခိုက်မှုများ မရှိခဲ့ပါဘူး။ ၂၀၀၈ ခုနှစ်မှာ တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်း အပြီးမှာတော့ မြစ်ဝကျွန်းပေါ်ဒေသဟာ မိုးသံလေသံများ ကြားရသည်နှင့် ထိတ်လန့်နေကြရပါပြီ။ ပျက်သုဉ်းနေတဲ့ ဒီရေတောများ၊ နည်းပါးလွန်းလှစွာသော Cyclone Shelter များ၊ တည်ဆောက်ထားပြီး Cyclone Shelter အဆောက်အအုံအချို့မှာ အောက်ခြေမြေသား အသေအချာ မပြုပြင်သောကြောင့် ကျွံကျခြင်း၊ တည်ဆောက်မှု အရည်အသွေး ညံ့ဖျင်းသောကြောင့် နံရံအမိုးများ မိုးရေယိုခြင်း၊ ကွဲထွက်ခြင်းများ ဖြစ်ပေါ်နေလျက်ပင် ရှိနေသည်မှာ လက်တွေ့ပင် ဖြစ်နေပါတယ်။ အသစ်သော အဆောက်အဦးများ ထပ်မံတည်ဆောက်ဖို့ အစိုးရပိုင်းက လုပ်ဆောင်နေပေမယ့် လုံလောက်သော အရေအတွက်ဖြစ်ဖို့ ဆိုတာဟာ မလွယ်လှသေးပါဘူး။
၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းငယ် သတင်းကြောင့် လပွတ္တာမြို့ပေါ်ကို ကျေးရွာများကနေ လူဦးရေ ရာနှင့်ချီကာ လာရောက် မုန်တိုင်းတိမ်းရှောင်ခဲ့ရတဲ့ အဖြစ်ဟာ နာဂစ်မုန်တိုင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများပါပဲ။ ယခင် နာဂစ်မုန်တိုင်း မတိုင်မီအချိန်က မြစ်ဝကျွန်းပေါ်ဒေသဟာ မုန်တိုင်းများရဲ့ အန္တရာယ်ကို ကြောက်ရွံ့နေစရာ သိပ်မရှိလှပါဘူး။ နာဂစ်မုန်တိုင်းပြီးဆုံးချိန် နောက်ပိုင်းမှာ ခပ်စိပ်စိပ် ၀င်ရောက်လာတဲ့ မုန်တိုင်းများဟာ တစ်နှစ် သုံးကြိမ်ခန့်အထိ ရှိနေတော့။ ဒါတွေကို ဘယ်လိုကာကွယ်ရမလဲဆိုတာ လိုအပ်လာတဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။
ကျေးရွာတစ်ခုသို့ သွားရာလမ်းမှာ ဒီရေတောများကို ခုတ်ထွင်ပိုင်းဖြတ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒေသခံမိတ်ဆွေကို ဒီမျိုးဒီရေတောတွေ ခုတ်ထွင်နေတာ မတားဘူးလားလို့ မေးမြန်းမိရာမှာ “ကျွန်တော်တို့က ကိုယ့်အသားကို လှီးစားနေရတာ။ ဒေသခံတွေမှာ ဒီလိုမျိုးမှ မသုံးရင်လည်း မရတော့ဘူးလေ။ သေမထူးနေမထူး အခြေအနေမှာ ကိုယ့်အသားကို လှီးစားနေရတာပါပဲ” လို့ ပြန်လည် ဖြေကြားချက်ဟာ ဒေသခံတွေရဲ့ လိုအပ်ချက်တွေလား။ အလုပ်အကိုင် ရှားပါးနိမ့်ကျမှုတွေလား။ အစိုးရရဲ့ ပြန်လည်ထူထောင်ရေး အားနည်းချက်တွေလားဆိုတာ မေးခွန်းများစွာနဲ့ပါ။
ဘာကြောင့်ပြန်လည် မထူထောင်နိုင်ကြတာလဲ
နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးချိန်က စတင်ပြီးနောက် နှစ်စဉ်ဆိုသလို နာဂစ်မုန်တိုင်းဒဏ်သင့် ဒေသများကို သွားရောက် မှတ်တမ်းတင်မိရာမှာ တစ်နှစ်နှင့်တစ်နှစ် ထူးမခြားနားဆိုသလိုပဲ ဒေသတွေကို မြင်တွေ့နေရပါတယ်။ ပြင်စလူမြို့က လူနေထိုင်သူမဲ့ ပြိုလဲနေတဲ့ အိမ်ရာတွေ၊ ပူပြင်းလွန်းတဲ့ နေအရှိန်တွေ မျှော်လင့်ချက်မဲ့ ဘ၀တွေကိုသာ နှစ်တိုင်းမြင်တွေ့နေရတာဟာ ဘာကြောင့်လဲ။ လေ့လာမိတဲ့ တွေ့ရှိချက်နှစ်ခု ရှိနေပါတယ်။ နံပါတ် (၁) အချက်ကတော့ လမ်းပန်းဆက်သွယ်ရေးပါပဲ။ နံပါတ် (၂) အချက်ကတော့ အစိုးရရဲ့ ပြန်လည်ထူထောင်ရေး ပြန်လည်နေရာချထားရေးဆိုင်ရာ အားနည်းချက်များပါပဲ။
နာဂစ်မုန်တိုင်းဒဏ်သင့်ခဲ့တဲ့ နေရာဒေသချင်း တူညီနေပေမယ့် ဘိုကလေးမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်များက ကျေးရွာများရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ လပွတ္တာမြို့နယ် အတွင်းက ကျေးရွာများရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ တူညီခြင်း မရှိကြပါဘူး။ လပွတ္တာမြို့နယ် အတွင်းက ကျေးရွာများရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ အလွန်ကို နိမ့်ကျလှပါတယ်။ လပွတ္တာမြို့နယ် အတွင်းရှိ ကျေးရွာများအနက်မှာတင် ကုန်းလမ်းခရီး သွားရောက်၍ ရရှိနိုင်ပြီး လမ်းပန်းသာယာတဲ့ ကျေးရွာများနဲ့ ကုန်းလမ်းခရီး လုံးဝမရှိတဲ့ ကျေးရွာများတဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ တူညီခြင်းများ မရှိသေးပါဘူး။ ပြင်စလူမြို့လို ရေလမ်းခရီးသာ အားကိုးရပြီး သွားလာရတဲ့ နေရာဒေသတစ်ခုမှာ ဒေသခံတွေ ကိုယ်တိုင်ဟာ ဒေသတွင်း နေထိုင်လိုစိတ် မရှိပါဘူး။ စီးပွားရေး လုပ်ငန်းရှင်များ အနေနဲ့ ပြင်စလူမြို့လိုနေရာမှာ သွားရောက်ရင်းနှီး လုပ်ဆောင်ဖို့ဆိုတာ ပိုမိုခက်ခဲလွန်းလှပါတယ်။ နာဂစ်မုန်တိုင်းအပြီး နောက်ပိုင်းမှာ မကြာခဏကျ ရောက်တတ်တဲ့ သဘာဝဘေးများကို အန်တုပြီး သွားရောက်နေထိုင်လိုစိတ် မရှိတာဟာ ရွေးချယ်မှု မှားယွင်းတယ်လို့ မဆိုနိုင်ပါဘူး။ နာဂစ်မုန်တိုင်းအပြီး လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းမွန်စေဖို့ဆိုပြီး လမ်းအူကြောင်းတွေ ရှာဖွေပြီးတော့ လမ်းများဖောက်လုပ်ခဲ့သော်လည်း ကြားခံနေတဲ့ မြစ်ကြီးများအတွက် လိုအပ်နေသေးတဲ့ တံတားတွေကို မတည်ဆောက်နိုင်ခြင်းဟာ ဒေသအတွက် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ မမျှော်မှန်းနိုင်တဲ့ အရာပါ။ ရန်ကုန်မြို့နဲ့ မန္တလေးလိုမြို့ကြီးများမှာသာ အလျှံအပယ်သော ဘတ်ဂျက်များကို အကုန်ကျခံ လုပ်ဆောင်နေပေမယ့် ပြင်စလူမြို့လို နေရာမျိုးမှာလည်း ပြည်သူတွေများစွာ နေထိုင်နေကြပါတယ် ဆိုတာကို မေ့လျော့နေကြပါတယ်။ နာဂစ်ဒဏ်သင့် ပြည်သူတွေ ပြန်လည်ဘ၀ ရပ်တည်နိုင်ဖို့ဆိုတာကို မေ့လျော့နေကြပါတယ်။
လမ်းပန်းဆက်သွယ်ရေးအပြင် ဒုတိယအချက်ဖြစ်တဲ့ ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည်နေရာချထားရေး အားနည်းချက်တွေကတော့ ဒေသခံတွေရဲ့ သဘောတရား အလုပ်အကိုင်ကို ဆန်းစစ်မလေ့လာမိတဲ့ အကြောင်းပါပဲ။ မုန်တိုင်းကြောင့် ကျေးရွာတစ်ခုလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ရတဲ့ နေရာမှာ ကျေးရွာသစ်တစ်ခုကို ပြန်လည်တည်ဆောက် မပေးတာဟာ မှားယွင်းမှုတစ်ခု မဟုတ်ပါဘူး။ သဘာဝဘေးအန္တရာယ်များအတွက် လုံခြုံစိတ်ချရတဲ့ နေရာများမှာသာ ကျေးရွာသစ်တွေကို တည်ဆောက်ပေးတာဟာလည်း ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်အတွက် မှန်ကန်ပါတယ်။ ဒါပေမဲ့ ရေလုပ်ငန်းကိုသာ အဓိကထားပြီး လုပ်ဆောင်နေရတဲ့ ဒေသခံတွေဟာ ငါးကိုကုန်းပေါ် တင်ထားခံရသလိုပဲ ဖြစ်ခဲ့ရပါတယ်။ အလုပ်ရှိရာ ပင်လယ်ကမ်းစပ်ကို သွားရောက်ဖို့ ဝေးကွာခက်ခဲလွန်းတာကြောင့် မည်သည့်အလုပ်အကိုင်ကို လုပ်ဆောင်ရမှန်းမသိဘဲ ကျေးရွာသစ်တွေကို စွန့်ခွာကာ မြို့ကြီးများပေါ်ကို အလုပ်လုပ်ဖို့ ထွက်ခွာခဲ့ရပါတယ်။ ကျေးရွာအသစ် တည်ဆောက်စဉ်ကတည်းက အလုပ်အကိုင် အခွင့်အလမ်းဆိုတာကို ထည့်သွင်း မစဉ်းစားမိခဲ့တာဟာ၊ လမ်းပန်းဆက်သွယ်ရေးကို ချောမွေ့အောင် လာရောက် ရင်းနှီးမြှုပ်နှံလိုသည့် လုပ်ငန်းရှင်များကို ဖိတ်ခေါ်မှု မပြုခဲ့တာဟာ ယနေ့ထိတိုင် လိုအပ်နေဆဲ အရာများပါ။
(၉) နှစ်တော့ ပြည့်ခဲ့ပြီ ဘယ်တော့ သူတို့အဆင်ပြေမလဲ
(၉) နှစ်ဆိုသည့် အချိန်ကာလတစ်ခုဟာ လူသားတစ်ဦးအတွက်ဆိုလျှင် အတော်ကို လူလားမြောက်တဲ့ အချိန်ကာလတစ်ခုပါပဲ။ အချိန်ဟာ အရာရာကို ကုစားနိုင်သည် ဆိုပေမယ့် ယနေ့အချိန်ထိ မိုးသံလေသံများကြားလျှင် ထိတ်လန့်နေရဆဲဘ၀တွေ၊ အနာဂတ် ပျောက်ဆုံးနေတဲ့ လူငယ်တွေ၊ အခမဲ့ပညာရေး စနစ်မှာတောင်မှ ပညာမသင်နိုင်တဲ့ ကလေးငယ်တွေအတွက် ဘယ်လိုတွေ ကုစားပေးမလဲ။ ပြည်သူ့အစိုးရကနေ လက်ကျန်အစိုးရသက်တမ်း လေးနှစ်အတွင်းမှာ လုပ်ဆောင်မှုတွေ ပေးမလဲဆိုတာကို နေ၀င်နေထွက် မျှော်လင့်ချက်မဲ့နေခဲ့ရတဲ့ နာဂစ်ဒဏ်သင့် ပြည်သူတွေက မျှော်လင့်နေကြပါတယ်။
မင်းသူဝင်းထွဋ်
Eleven Media Group
Subscribe to:
Post Comments (Atom)
No comments:
Post a Comment