မြောက်ကိုရီးယားကို ပိတ်ဆို့မှုတိုးချဲ့ဖို့ ကန် လွှတ်တော်ဆုံးဖြတ်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက် တီလာဆန် Rex Tillerson က အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကို ဝါရှင်တန်မှာ မနေ့က တွေ့ဆုံပြီး မြောက်ကိုရီးယားနိုင်ငံရဲ့ နျူးကလီးယားအစီအစဉ်ဖျက်သိမ်းရေးအတွက် ထောက်ခံမှုရရှိဖို့ ဆွေးနွေးပါတယ်။
ဒီအတောအတွင်းမှာပဲ အမေရိကန် အောက်လွှတ်တော်က မြောက်ကိုရီးယားနိုင်ငံအပေါ် ပိတ်ဆို့မှုတွေကို တိုးချဲ့ပြဌာန်းဖို့ ထောက်ခံမဲ ၄၁၉ မဲ ကန့်ကွက်မဲ ၁ မဲနဲ့ မနေ့က တခဲနက် အတည်ပြုလိုက်ပါတယ်။
အခု ဆုံးဖြတ်ချက်အရ မြောက်ကိုရီးယားနဲ့ မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ပိတ်ဆို့ပြဌာန်းချက်တွေ မလိုက်နာတဲ့နိုင်ငံတွေက သင်္ဘောတွေကို အမေရိကန်ဆိပ်ကမ်းတွေမှာ ဆိုက်ကပ်ခွင့်နဲ့ အမေရိကန်ရေပိုင်နက်ဖြတ်သန်းခွင့် ပိတ်ဆို့မှာ ဖြစ်ပါတယ်။
ဒါ့အပြင် မြောက်ကိုရီးယားအစိုးရဟာ လက်ရှိမှာ သူတို့နိုင်ငံသားတွေကို ကာတာ၊ ဆီနီဂေါ၊ အင်ဂိုလာ စတဲ့ နိုင်ငံခြားတိုင်းပြည်တွေကို အဓမ္မစေလွှတ်ပြီး ခိုင်းစေနေပါတယ်။ အဲဒီ အလုပ်သမားတွေက မြောက်ကိုရီးယားအစိုးရထံ နှစ်စဉ်ပြန်ပို့တဲ့လုပ်ခလစာတွေဟာ ဒေါ်လာငွေ ဘီလီယံများစွာ ရှိတယ်လို့ ဆိုပါတယ်။
အခု ပြဌာန်းချက်အရ ဆိုရင် အဲဒီလို တခြားနိုင်ငံတွေမှာ မြောက်ကိုရီးယားအလုပ်သမားတွေ အသုံးပြုပြီး ထုတ်လုပ်ခဲ့တဲ့ ပစ္စည်းတွေကိုလည်း အမေရိကန်ပြည်ထောင်စုကို တင်သွင်းခွင့်ပိတ်ပင်တော့မှာ ဖြစ်ပါတယ်။
ဒီအတောအတွင်းမှာပဲ တရုတ်အစိုးရပိုင် မီဒီယာတွေမှာ မြောက်ကိုရီးယားအစိုးရကို ပိုမိုပိတ်ဆို့အရေးယူဖို့ ဒီရက်ပိုင်း ရေးသားဖေါ်ပြခဲ့ကြတာနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာတွေက တုံ့ပြန်ဝေဖန်ခဲ့ကြတာကို တရုတ်နိုင်ငံခြားရေးဌာနက မနေ့က ဖြေရှင်းပြောဆိုလိုက်ပါတယ်။ သူတို့ တရုတ်ပြည်အနေနဲ့ မြောက်ကိုရီးယားနိုင်ငံအပေါ်ထားရှိတဲ့ နွေးထွေးရင်းနှီးမှုကို တစ်စုံတရာပြောင်းလဲခြင်း မရှိပါဘူးလို့ တရုတ်နိုင်ငံခြားရေးဌာန အရာရှိတစ်ဦးက ပြောပါတယ်။
တပြိုင်နက်မှာပဲ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက တရုတ် သမ္မတ ရှီဂျင်းပင်ကို ဒီအပတ်အတွင်း တယ်လီဖုန်းနဲ့ သူဆက်သွယ်ပြီး မြောက်ကိုရီးယားကို အရေးယူဖို့ပြောကြားခဲ့တာဟာ အမေရိကန် သမ္မတ ထရမ့်ရဲ့ မေတ္တာရပ်ခံချက်အရ ဖြစ်ပါတယ်လို့ မနေ့က ထုတ်ဖေါ်ပြောဆိုပါတယ်။ RFA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment