Latest News

Thursday, May 18, 2017

အမိန့်နှင့် ညွှန်ကြားချက်ကလွဲ၍ ထွင်ပြီးမလုပ်ရန် မိတ္ထီလာ အ.ထ.က (၁) ကျောင်းအုပ်ကြီးအား သတိပေး

အမိန့်နှင့် ညွှန်ကြားချက်ကလွဲ၍ ထွင်ပြီးမလုပ်ရန် မိတ္ထီလာ အ.ထ.က (၁) ကျောင်းအုပ်ကြီးအား သတိပေး

ရန်ကုန်၊ မေ-၁၇

ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်ကလွဲ၍ အခြားကိစ္စရပ်များကို ထွင်ပြီးမလုပ်ရန် မိတ္ထီလာမြို့ အ.ထ.က (၁) ကျောင်းအုပ်ကြီးအား သတိပေးထားကြောင်း ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(စီမံ) ဦးခင်မောင်ထွေးက စံတော်ချိန်သို့ ပြောဆိုသည်။
'ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အမိန့်နဲ့ ညွှန်ကြားချက်ကလွဲလို့ အခြားကိစ္စရပ်တွေကို ထွင်ပြီးတော့ မလုပ်ရဘူး။ မနေ့ကဆိုရင် အထက(၁)မိတ္ထီလာမှာ ကျောပိုးအိတ်လွယ်ပြီး ကျောင်းမလာရဆိုပြီး ကပ်တယ်တဲ့။ အဲဒါကို ချက်ချင်း ဖုန်းဆက်ပြီးတော့ ဘယ်သူလုပ်တာလဲဆိုတာ ပြောပြီး ဗီနိုင်းကိုလည်း ဖြုတ်၊ ကျောင်းအုပ်ကြီးကိုလည်း သတိပေးတာလုပ်ရတယ်။ သူတို့အနေနဲ့ထွင်ပြီးလုပ်ရင် ကျောင်းသားမိဘတွေအပေါ်မှာ ဝန်ထုပ်ဝန်ပိုးဖြစ်စေမယ့် အကြောင်းအရာမျိုး လုံးဝမလုပ်ရဘူး။ ပြည်သူတွေအပေါ်မှာ ဝန်ထုပ်ဝန်ပိုးဖြစ်စေမယ့် အကြောင်းအရာမျိုး တစ်ခုမှမလုပ်ရဘူး'ဟု ၎င်းက ပြောဆိုသည်။

၂ဝ၁၇- ၂ဝ၁၈ ပညာသင်နှစ် မိတ္ထီလာမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ပညာသင်ယူမည့် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများအားလုံး ကျောင်းတက်ချိန်တွင် ဘေးလွယ်အိတ်ဖြင့်သာ ကျောင်းတက်ရမည်ဖြစ်ပြီး ကျောပိုးအိတ်များဖြင့် ကျောင်းတက်ခွင့်မပြုပါဟု ယင်းကျောင်းရှေ့တွင် ဗီနိုင်းဖြင့် ထုတ်ပြန်ကြေညာထားခြင်းဖြစ်သည်။

အ.ထ.က (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၃၅ဝဝ ကျော်တက်ရောက်ပြီး ဆရာ၊ ဆရာမ ဦးရေ ၁ဝဝ ကျော်ရှိကြောင်း သိရသည်။

အိဟေမာ
The Standard Time Daily

No comments:

Post a Comment