လေပြင်းတိုက်ခတ်မှုကြောင့် ဟင်္သာတခရိုင်၌ လူနေအိမ် ၁၇၀ ခန့်အပါအ၀င် စာသင်ကျောင်းနှင့် ဘာသာရေးဆိုင်ရာအဆောက်အဦးအချို့ ထိခိုက်ပျက်စီး
ဟင်္သာတ မေ ၂
လေပြင်းတိုက်ခတ်မှုကြောင့် ဟင်္သာတခရိုင်၌ လူနေအိမ် ၁၇၀ ခန့်အပါအ၀င် စာသင် ကျောင်းနှင့် ဘာသာရေးဆိုင်ရာအဆောက်အဦးအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
မေလ ၁ ရက်၊ ညနေပိုင်းက လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဟင်္သာတခရိုင်တွင်းရှိ ဟင်္သာတ မြို့နယ်၊ ဇလွန်မြို့နယ်၊ လေးမျက်နှာမြို့နယ်နှင့် အင်္ဂပူမြို့နယ်တို့၌ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ ခြင်းဖြစ်သည်။
“ညနေ ၄ နာရီခွဲနဲ့ ၅ နာရီကြားမှာ လေစပြီးတိုက်တယ်။ လေရောမိုးရောပါတယ်။ ၅ နာရီ ၁၅ လောက်မှာတော့ လေဆင်နှာမောင်းဝင်တဲ့အတွက် လေးအိမ်တန်း၊ ရှမ်းစုရွာမှာ အထိအခိုက်များတယ်။ တစ်အုပ်စုလုံးမှာ အိမ် ၉ လုံးနဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းကတော့ လုံးလုံးပြိုကျသွားတယ်။ အမိုး လန်တာ အိမ်ခြေ ၇၀ ရှိတယ်”ဟု အင်္ဂပူမြို့နယ်၊ ကန်ဘက်အုပ်စု၊ သာယာကုန်းရွာမှ ဒေသခံ ကိုဝင်းဇော် ကပြောကြားသည်။
“ဟင်္သာတခရိုင်အတွင်း ၆ မြို့နယ်ရှိတဲ့အနက် ၄ မြို့နယ်မှာ မနေ့က လေပြင်းတိုက်ခတ်ခဲ့တဲ့ အတွက် ထောက်ပံ့မှုလုပ်ငန်းတွေဆောင်ရွက်ပေးလျှက်ရှိပါတယ်။ ခန့်မှန်းအားဖြင့် ထောက်ပံ့မှုလုပ် သွားရမှာက သိန်း ၇၀ ကျော်ရှိပါတယ်။ အိမ်တွေလုံးဝပြိုသွားတဲ့အတွက်လည်း ကယ်ဆယ်ရေးပစ္စည်း ကိုးမျိုး၊ အမိုးလန်တဲ့အိမ်တွေအတွက်လည်း ကယ်ဆယ်ရေးပစ္စည်း လေးမျိုးထောက်ပံ့သွားဖို့ ဆောင်ရွက်လျှက်ရှိပါတယ်။ စုစုပေါင်းအနေနဲ့ပြောရရင် မြို့နယ်လေးခုမှာ အိမ်ခြေ ၁၇၀ နီးပါး၊ ဘာသာရေးအဆောက်အဦးနဲ့ စာသင်ကျောင်းအချို့ ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့ပါတယ်”ဟု ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ဟင်္သာတခရိုင်ဦးစီးအရာရှိ ဦးသန်းစိုးက ပြောကြားသည်။
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ လုံးဝပျက်စီးခဲ့သည့်အိမ်များအတွက် တစ်အိမ်လျှင် ကယ်ဆယ်ရေးပစ္စည်းကိုးမျိုး၊ အမိုးလန်တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်များအတွက် တစ်အိမ်လျှင် ကယ်ဆယ်ရေးပစ္စည်းလေးမျိုးထောက်ပံ့ပေးနေပြီး ငွေကြေးထောက်ပံ့မှုအနေဖြင့် လုံးဝ ပြိုကျပျက်စီး သစ်အိမ်တစ်အိမ်လျှင် နှစ်သိန်းနှုန်း၊ လုံးဝပြိုကျပျက်စီး ၀ါးအိမ်တစ်အိမ်လျှင် တစ်သိန်း နှုန်း၊ တစ်စိတ်တစ်ပိုင်းပျက်စီး တစ်အိမ်လျှင် တစ်သိန်းနှုန်း၊ တစ်စိတ်တစ်ပိုင်းပျက်စီး ဘာသာရေး အဆောက်အဦးတစ်ခုလျှင် တစ်သိန်းနှုန်း၊ လုံးဝပျက်စီး ဘာသာရေးအဆောက်အဦးတစ်ခုလျှင် သုံးသိန်းနှုန်း ထောက်ပံ့ပေးအပ်လျှက်ရှိကြောင်း သိရသည်။
လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဇလွန်မြို့နယ်၌ ကျေးရွာ ၁၂ ရွာ လေဘေးသင့်ခဲ့ပြီး လူနေအိမ် ၁၀ လုံးနှင့် ဈေးဆိုင်ခန်းတစ်ခန်းပြိုလဲပျက်စီးခဲ့ကာ လူနေအိမ် ၅၄ လုံး၊ စာသင်ကျောင်းတစ်ကျောင်း၊ ဓမ္မာရုံ(၁)ရုံ၊ နွားတင်းကုတ်တစ်လုံးနှင့် ဈေးဆိုင်ခန်း နှစ်ခန်းအမိုးလန်ပျက်စီးခဲ့ကြောင်း၊ အင်္ဂပူမြို့နယ်၌ ကျေးရွာ(၅)ရွာလေဘေးသင့်ခဲ့ပြီး လူနေအိမ် ၉ လုံးနှင့် ဘုန်းကြီးကျောင်းတစ်ကျောင်း ပြိုကျပျက်စီးခဲ့ ကာ လူနေအိမ် ၇၈ လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
ဟင်္သာတမြို့နယ်တွင်မူ အင်္ဂရမ်းအုပ်စု၊ အနောက်ဥသျှစ်ကုနုးရွာရှိ သာသနာ့လင်္ကာရ ဘုန်းကြီး ကျောင်းမှ သွပ်များ၊ သစ်သားဒိုင်းများ လန်ကျပျက်စီးခဲ့ကာ နေအိမ်နှစ်လုံး အမိုးလန်ပျက်စီးခဲ့ပြီး လေးမျက်နှာမြို့နယ်၌ ပန်းတောကြီးကျေးရွာအုပ်စုအတွင်း ကျေးရွာ ၄ ရွာရှိ လူနေအိမ် ၁၄ လုံးနှင့် ဓမ္မာရုံ (၁)ရုံ ပျက်စီးခဲ့ကြောင်းသိရသည်။
အောင်ကျော်မျိုး(ဟင်္သာတ)
Tuesday, May 2, 2017
လေပြင်းတိုက်ခတ်မှုကြောင့် ဟင်္သာတခရိုင်၌ လူနေအိမ် ၁၇၀ ခန့်အပါအ၀င် စာသင်ကျောင်းနှင့် ဘာသာရေးဆိုင်ရာအဆောက်အဦးအချို့ ထိခိုက်ပျက်စီး
လေပြင်းတိုက်ခတ်မှုကြောင့် ဟင်္သာတခရိုင်၌ လူနေအိမ် ၁၇၀ ခန့်အပါအ၀င် စာသင်ကျောင်းနှင့် ဘာသာရေးဆိုင်ရာအဆောက်အဦးအချို့ ထိခိုက်ပျက်စီး
Reviewed by Ar Ti
on
8:52 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment