Latest News

Friday, May 26, 2017

ကျောင်းနားပြီး ၁၃ နှစ်အကြာ၌ ဇက်ကာဘတ်က ဂုဏ်ထူးဆောင်ဘွဲ့ယူရန် ဟားဗက်သို့ ပြန်လည်ရောက်ရှိ

ကျောင်းနားပြီး ၁၃ နှစ်အကြာ၌ ဇက်ကာဘတ်က ဂုဏ်ထူးဆောင်ဘွဲ့ယူရန် ဟားဗက်သို့ ပြန်လည်ရောက်ရှိ

Facebook ကို တည်ထောင်ရန် လွန်ခဲ့သည့် ၁၃ နှစ်က ဟားဗက်တက္ကသိုလ်မှ ကျောင်းနားခဲ့သော မက်ဇက်ကာဘတ်သည် မေ ၂၅ ရက်က ဘွဲ့ရရှိခဲ့ပြီဖြစ်သည်။

ဇက်ကာဘတ်သည် နယ်ပယ်အသီးသီးတွင် ထူးချွန်သူများကိုပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့ကို ရရှိခဲ့ခြင်းဖြစ်သည်။ ထိုဘွဲ့ကို လက်ခံယူရန်နှင့် ၃၆၆ ကြိမ်မြောက် ဟားဗက်တက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် မိန့်ခွန်းပြောရန်အတွက် ဇက်ကာဘတ်သည် ကမ္ဘာ့အကြီးဆုံး လူမှုကွန်ရက်ကြီးကို ၎င်းစတင်ခဲ့သော တက္ကသိုလ်သို့ တစ်ဖန်ပြန်လည် ရောက်လာခြင်းဖြစ်သည်။

ကမ္ဘာပေါ်တွင် ပဉ္စမမြောက်အချမ်းသာဆုံး အသက် ၃၃ နှစ်အရွယ် ဘီလျံနာ ဇက်ကာဘတ်သည် ဟားဗက်သို့ပြန်ရောက်စဉ် ယခင်နေထိုင်ခဲ့သော ကျောင်းသား အိပ်ဆောင်သို့ သွားရောက်လည်ပတ်ခဲ့ပြီး ထိုသို့ သွားရောက်ပုံကို Facebook မှ တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့သည်။ ဇက်ကာဘတ်သည် ၎င်း၏ဂုဏ်ထူးဆောင်ဘွဲ့နှင့်အတူ မိဘ နှစ်ဦးနှင့် ရိုက်ကူးထားသော ဓာတ်ပုံတစ်ပုံကိုလည်း တင်ခဲ့ပြီး “အမေ။ ကျွန်တော်အမေ့ကို ဒီကိုပြန်လာပြီးဘွဲ့ယူမယ်လို့ အမြဲပြောခဲ့ပါတယ်” ဟု စာရေးသားခဲ့သည်။

အချိန်များစွာ ပြင်ဆင်ခဲ့ရသည်ဟု ဆိုခဲ့သော ယခုမိန့်ခွန်းထဲတွင် ဇက်ကာဘတ်က ၎င်း၏ မိခင်တက္ကသိုလ်မှ ဘွဲ့ရရှိသူများကို ကြီးမားကောင်းမွန်သော အရာများအား တည်ဆောက်ကြရန် တိုက်တွန်းခဲ့သည်။ တန်းတူညီမျှဖြစ်ရေး၊ အခွင့်အရေးများအကြောင်းကို ဇက်ကာဘတ်က အလေးပေး ပြောကြားခဲ့ပြီး အခွင့်အလမ်းကို ဆုပ်ကိုင်ရန်အတွက် မစိုးရိမ်ကြရေးအတွက် ကျောင်းသားများအား တိုက်တွန်းခဲ့သည်။

“ကျွန်တော်ပြောချင်တာကတော့ ကိုယ့်ရည်ရွယ်ချက်ကို ရှာတွေ့ရုံနဲ့ မလုံလောက်ပါဘူး။ ကျွန်တော်တို့ရဲ့စိန်ခေါ်မှုဟာ လူတိုင်းမှာ ရည်ရွယ်ချက်ရှိတဲ့ ကမ္ဘာကြီးကို ဖန်တီးဖို့ပါပဲ” ဟု ဇက်ကာဘတ်က မိုးရေများနှင့် ရွှဲ နစ်နေသော လူအုပ်ကြီးကို ပြောကြားခဲ့သည်။ ဘွဲ့ရသူ အသစ်များအနေနှင့်လည်း မညီမျှမှု၊ စိတ်ပျက်မှု၊ စက်ပစ္စည်းများ အစားထိုး ၀င်လာသည့်အတွက် အလုပ်အကိုင်ဆုံးရှုံးရမှုတို့နှင့် ရင်ဆိုင်ရလိမ့်မည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

အခွင့်အလမ်းများကို မတူညီသော ချမ်းသာ ကြွယ်ဝမှု အဆင့်အတန်းများက တားဆီးနေပြီး ယင်းဖြစ်စဉ်သည် လူတိုင်းအတွက် နာကျင်စရာကောင်းကြောင်း၊ ဖြေရှင်းရမည့် လူမှုပြဿနာတစ်ခုလည်းဖြစ်ကြောင်း ဇက်ကာဘက်က ဆိုသည်။

ကမ္ဘာတစ်ဝန်းတွင် လက်ရှိအသုံးပြုသူ နှစ်ဘီလျံနီးပါးရှိနေပြီဖြစ်သည့် ၂၀၀၄ ခုနှစ် က စတင်ခဲ့သော ကမ္ဘာ့အကြီးဆုံး နည်းပညာလုပ်ငန်းများထဲမှ တစ်ခုဖြစ်သည့် Facebook သည် ကျောင်းအတွင်းမှာပင် အသုံးပြုရန် ဇက်ကာဘတ် တီထွင်ခဲ့သည့် ၀က်ဘ်ဆိုက်တစ်ခုအဖြစ်မှ ကြီးထွားလာခြင်းဖြစ်သည်။

Eleven Media Group

No comments:

Post a Comment