Latest News

Tuesday, May 2, 2017

နွေးနွေးထွေးထွေးအိမ်ထောင်ရေး “သူ့အမျိုးတွေကို မချစ်ရင်တောင် မမုန်းပါနဲ့“

နွေးနွေးထွေးထွေးအိမ်ထောင်ရေး
“သူ့အမျိုးတွေကို မချစ်ရင်တောင် မမုန်းပါနဲ့“


အိမ်ထောင်ရေးလို့ ပြောရင် ကျွန်မတို့အများစုက သူနဲ့ကိုယ့်အရေးလို့သာမြင်တတ်ကြပါတယ်။ တကယ်တော့သူနဲ့ကိုယ် နှစ်ဦးတည်းနဲ့မပြီးတဲ့ သူဘက်ရော၊ ကိုယ့်ဘက်ပါ ပါတယ်ဆိုတာကို နားလည်ထားသင့်ပါတယ်။

“ ငါ ယူထားတာ မင်းကိုပဲ ယူထားတာ၊ မင်းအပေါ်တာဝန်ကျေရင် ပြီးတာပဲ၊ မင်းမိဘတွေအပေးမှာတော့ တာဝန်မယူနိုင်ဘူးဆိုတာ မင်းသိရမှာပေါ့“
ဆိုတဲ့စကားကို  အချို့အိမ်ထောင်ရှင်အမျိုးသားတွေက ပြောလေ့ရှိကြပါတယ်။

အိမ်ထောင်ရှင်အမျိုးသမီးအများစုကလည်း “ကျွန်မ ရှင့်ကိုပဲ ချစ်လို့သည်းခံနိုင်တာနော်၊ ရှင့်ညီမကို သည်းခံဖို့လာမပြောနဲ့“ လို့လည်း ဆိုတတ်ကြပါတယ်။

ဒါကိုလည်း မှားယွင်းတယ်လို့ မပြောချင်ပေမဲ့ နားလည်မှုလွဲနေတယ်လို့တော့ကျွန်မက နားလည်လာမိပါတယ်။ အဲဒီလို နားလည်မှုတွေ လွဲခဲ့လို့ကျွန်မတို့  ကိုယ်တိုင်လည်း မှားခဲ့တာတွေရှိပါတယ်။

လူတိုင်းမှာ ကိုယ့်ချစ်သူကို တစ်လောကလုံးမှာ ကိုယ့်ကိုသာ အချစ်ဆုံး၊ ကိုယ့်ကိုသာ အလေးထား ဂရုစိုက်ဆုံး ဖြစ်စေချင်တယ်ဆိုတဲ့အတ္တက  ရှိကြပါတယ်။ ကျွန်မမှာလည်း အဲဒီ အတ္တ ရှိခဲ့ထားခဲ့ဖူးပါတယ်။ အဲဒီအတ္တကြောင့်လဲ မှားခဲ့နောင်တရ စရာတွေဖြစ်ခဲ့ရပါတယ်။

ကိုယ့်အတ္တကြောင့်ဆိုတာ မသိနိုင် မမြင်နိုင်ခဲ့ဘဲနဲ့သူက ကိုယ့်ကို တစ်လောက လုံးထက်ပိုပြီးချစ်ရေး၊ ပိုတန်ဖိုးထားရေး ကိုပဲ ဦးတည်ခဲ့ပြီး သူ့ရဲ့စိတ်ချမ်းသာမှုကိုတော့ဦးစားပေးဖို့မေ့ထားခဲ့မိတယ်။

သူ့အပေါ် နားလည်ပေးရုံနဲ့သူ့အနေနဲ့ စိတ်ချမ်းသာသွားမှာတွေရှိပါလျက်နဲ့ ဒါကိုပဲ
နားလည်မပေးနိုင်ပဲ၊ တကိုယ်ကောင်းဆန်ဆန် ပြုခဲ့တာတွေ၊့ ကျွန်မရဲ့အ မှားတွေရှိခဲ့တယ်။ ဒါဟာ နောင်တရစရာပေါ့။

သူက သူ့အမေနဲ့ အဖေကို သတိရနေသလား၊ သူ့ မိဘအိမ်ကို သွားတွေ့တဲ့အခါ ကိုယ့်ကို လိုက်ခဲ့ပါ မိန်းမရယ်… အမေတို့ကလည်း မင်းကို မေးနေတယ် လို့ဆိုရင် ကိုယ်က အကြောင်းတစ်ခုခုကို ပြပြီး မနေခဲ့သင့်ဘူး။ သူ့စိတ်ထဲမှာ သူက သွားချင်လို့၊ပြီးတော့ကိုယ့်ကိုပါ လိုက်စေချင်လို့ ဆိုတာကို နားလည်ပြီး ကိုယ်က မသွားချင်ရင်တောင်မှသူစိတ်ချမ်းသာပါစေ ဆိုတဲ့စိတ်နဲ့လိုက်လျောသင့်တာပါ။

ကိုယ့်ဇနီးသည်က အမေတို့ ပိုက်ဆံလိုနေတယ် ထင်တယ်လို့ ခင်ပွန်းသည်ကို ပြောလာခဲ့ရင်၊ သူ့စိတ်ထဲမှာ သူ့မိဘတွေ အခက်အခဲကို ခင်ပွန်းဖြစ်သူကပါ နားလည်ပြီး ကူညီပေးစေချင်တာ၊ “ဟာ ဟုတ်တာပေါ့အမေတို့ခက်ခဲနေရင် ကိုယ်တို့စုထားတာ ဘယ်လောက်ရှိလဲ၊ အဲဒီထဲကနေ ကန်တော့လိုက်ရအောင်“ ဆိုတာမျိုးနဲ့ နားလည်မှုပေးသင့်တာပါ။

တကယ်တမ်း ကိုယ့်ချစ်သူကို ကိုယ့်ခင်ပွန်းကို ချစ်တယ်ဆိုတာက သူ ဘာဖြစ်ချင်နေသလဲ ဆိုတာကို မှန်ကန်စွာ အကဲခတ်ပြီး သူ့မိဘဆွေမျိုးတွေနဲ့ပတ်သက်ရင် သူ ဖြစ်ချင်တာလေးတွေ၊ လုပ်ချင်တာလေးတွေကို သူ လုပ်နိုင်အောင် နောက်ကနေ ပံ့ပိုးကူညီပေးခဲ့ရမှာပါ။

အထူးသဖြင့်သူ့မိဘတွေ၊ သူ့သားချင်းတွေ၊ သူ့ဆွေမျိုးတွေနဲ့ပတ်သက်ရင် ကိုယ်က သူ့အပေါ်ကို နားလည်ပေးရမှာ အဲဒီလို မပေးနိုင်လို့ကိုယ်က သူ့ဆွေမျိုးတွေကို သဘောမကျလို့၊ မခင်နိုင်လို့၊ အပြစ်တွေ တင်စရာရှိနေလို့ သူ့ဆွေမျိုးတွေကို သူနဲ့ရော ကိုယ်နဲ့ပါ ပြတ်စေမယ်ဆိုရင် ကိုယ်ပစ်လိုက်တဲ့ အမုန်းမြားဟာ သူ့ရင်ကို အရင်စိုက်ပါတယ်။ သူ့ရင်ကို စိုက်ပြီးမှ သူ့အမျိုးတွေရဲ့ရင်ကို စိုက်ပါတယ်၊ ပြီးရင် အဲဒီမြားဟာ ကိုယ့်ဘက်ကိုပါ ပြန်လှည့်ပြီး ကိုယ့်ရင်ကို လာစိုက်ပါတယ်။ဒါကို နားလည်ဖို့ လိုပါတယ်။

ဆိုပါတော့ ကိုယ်က ယောင်းမကို မကျေနပ်ဘူး၊ ဒါကြောင့်ယောင်းမရဲ့အပြစ်တွေကို သူ့အကိုကို ပြောလိုက်ရင်  သူညီမ ဘယ်လောက်တောင် မကောင်းဘူးဆိုတာ သူသိသွားလိမ့်မယ်လို့ ယူဆပြီး ကိုယ်က သူ့ညီမ မကောင်းကြောင်း ပြောတယ်ဆိုပါတော့။

အဲဒီလို ပြောတဲ့အခါ ဇနီးသည်ပြောတာကို နားထောင်ပြီး အရင်ဆုံး ခံစားရတာ၊ စိတ်မချမ်းမသာ ဖြစ်ရတာ ဘယ်သူလဲ။ သူ့ညီမ မဟုတ်ဘူးနော်၊ ကိုယ့်ခင်ပွန်းပါ။

ပြီတော့သူတို့မောင်နှမ ကိုယ့်ကြောင့်ဆက်ဆံရေးမကောင်းတော့ဘူး ဆိုရင် ကိုယ့်အတွက်တော့ကောင်းတာပေါ့လို့တွက်ဆနိုင်ပေမဲ့ ကိုယ့်ခင်ပွန်းအတွက် သူ့အတွက်တော့မကောင်းဘူးလို့ဆိုရမှာပဲ။ ဘာကြောင့်လဲ ဆိုတော့မောင်နှမလေ။

ကိုယ့်ကြောင့်သူတို့မောင်နှမတွေ ဒီလို ဖြစ်ရတယ်ဆိုတာကို ခင်ပွန်းဖြစ်သူကရော ယောင်းမကရော မသိဘဲနဲ့မခံစားဘဲနဲ့ နေမှာ မဟုတ်ပါ။ သူခံစားရတဲ့အခါ ကိုယ့်ဇနီးသည်ကိုလည်း မပြတ်နို်င်လို့သာ ပေါင်းချင်ပေါင်းမယ်၊ စိတ်ထဲမှာတော့ လုပ်ရက်လေခြင်းလို့ ခံစားနားလည်မှာပါပဲ။

ကိုယ် သူ့ရဲ့ မိဘနဲ့သားချင်း ဆွေးမျိုးတွေနဲ့  သူ့ကို ဝေးသထက် ဝေးစေမယ်ဆိုရင် ကိုယ်ဟာ သူ့အပေါ် မတရားလုပ်လိုက်တာနဲ့အတူတူဖြစ်နေသလို၊ အိမ်ထောင်ရေး သာယာပျော်ရွှင်ဖို့ဆိုတာလည်း ရေရှည်မှာ မဖြစ်နိုင်တော့ဘူး။
ကိုယ်ဝေးအောင်လုပ်လိုက်တဲ့သူက သူ့မိဘဆိုရင် ပိုဆိုးတာပေါ့။

အိမ်ထောင်ရေးဆိုတာ တာတို ပြေးပွဲမဟုတ်ပါဘူး။ အိမ်ထောင်သက် နုစဉ်မှာ အိမ်ထောင်ဘက်ရဲ့ မမျှတမှု၊ တရားမရှိမှုကို မသိမမြင်လို့ ခွင့်လွှတ်နားလည်ပေးနိုင်ပေမဲ့ အိမ်ထောင်သက်တမ်း ကြာလာတာနဲ့အမျှ သိသာလာပါတယ်။ အဲဒီအချိန်ကျမှ ဆွေမျိုးရေး တရားမျှတမှု မရှိလို့ ဆက်ပေါင်းလို့မရတော့တဲ့ အိမ်ထောင်ရေး၊
မပြေမလည် ဖြစ်လာ ကွဲကွာလိုက်ကြတဲ့ မိသားစုတွေရှိကြပါတယ်။

ကိုယ့်ဘက်ကိုပဲ တစ်ဖက်သတ် ကြည့်တတ်တဲ့ ခင်ပွန်းမျိုးကို ပိုင်ဆိုင်ထားရတဲ့  ဇနီးသည်တွေ၊ ကိုယ့်ခင်ပွန်းကို အပြောချိုချိုလေးနဲ့ သူ့ဆွေမျိုးတွေနဲ့ ဝေးရာဆီကို တဖြည်းဖြည်းနဲ့တွန်းပို့နေတတ်တဲ့ ဇနီးမျိုးကို ပိုင်ဆိုင်ထားတဲ့ ခင်ပွန်းတွေဟာ ရေရှည်မှာ သာယာအေးချမ်းတဲ့ အိမ်ထောင်ရေးဖြစ်ဖို့ ခက်ခဲတတ်ပါတယ်။

အချို့ကလည်း အတ္တကြီးတဲ့အိမ်ထောင်ဘက်တွေကို ပိုင်ဆိုင်ထားကြပြီး သားသမီးတွေနဲ့ အိမ်ထောင်ရေး မပျက်ဆီးချင်တဲ့ အတွက် အစွမ်းကုန်သည်းခံပြီး ရေရှည်လက်တွဲသွားကြတာလည်း ရှိပါတယ်။ အတိတ်က ၀ဋ်ကြွေးဆပ်နေရတဲ့ အိမ်ထောင်ရေးမျိုးဖြစ်နိုင်သလို၊ ကြွေးသစ်တင်သွားနိုင်တာလည်း ဖြစ်နိုင်တာပါပဲ။

လောကမှာ ကိုယ်ပေးတာ ကိုယ်ပြန်ရတတ်ကြပါတယ်။ ကိုယ်က ဒီအချိန်မှာ ချွေးမ ဖြစ်ရတယ်ဆိုရင် နောက်တစ်ချိန်မှာ  ယောက္ခမဖြစ်ရပါဦးမယ်၊ အဲဒီအချိန် ကိုယ်နဲ့တူတဲ့ချွေးမမျိုး ပြန်ရတတ်ပါတယ်။

ဒါကြောင့် ကိုယ့်အနေနဲ့ မသိလို့မှားခဲ့ရင်ပဲ ဖြစ်ဖြစ်၊ မှားခဲ့တာကို သိလို့ပြုပြင်ရင်ပဲ ဖြစ်ဖြစ် ကိုယ့်အတွက် ကိုယ့်မိသားစုက အရေးကြီးသလို၊ သူ့အတွက်လည်း သူ့ဆွေမျိုးတွေက အရေးကြီးတာပါပဲ။ဒါကို သူရောကိုယ်ပါ လက်ခံထားမှ အိမ်ထောင်ရေးဟာ သာယာနိုင်မှာပါ.။ အိမ်ထောင်ရေးသာယာဖို့အတွက် ကိုယ်က သူ့အမျိုးတွေကို မချစ်ရင်တောင်မှမမုန်းမိအောင် ကြိုးစားပြီးကိုယ့်ကိုယ်ကို ဆုံးမတတ်ဖို့ လိုပါတယ်။

ပြီးတော့ကိုယ့်အနေနဲ့  အိမ်ထောင်ရေးမှာလည်း မျှတဖို့နဲ့ပေးကမ်းစွန့်ကျဲခြင်းဆိုတာမင်္ဂလာရှိပါတယ်။ ကိုယ့်ဘက်တင်မကဘဲ၊ သူ့ဆွေမျိုးသားချင်းတွေကို အသိအမှတ်ပြုရတာ၊ ကူညီပံ့ပိုးပေးရတာ တွေကို နစ်နာတယ်လို့ မယူဆပါတယ်။ အခြားသူတွေကိုတောင် ကိုယ်က ပေးလှူနေတာပါပဲ။ ဒါကလည်း အလှူဒါန တစ်မျိုးဖြစ်ပါတဲ့ အပြင်၊ အဲဒါဟာ ကိုယ့်မိသားစု အေးချမ်းသာယာဖို့အတွက် ရင်းနှီးမြှုပ်နှံမှု တစ်ခုဆိုရင်လည်း မမှားပါဘူး။

မတူတဲ့ အမြင်များ ရှိရင်လည်း ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်။
ကျေးဇူးတင်ပါတယ်။
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။
မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment