Latest News

Saturday, May 13, 2017

အချစ်တွေနဲ့...ပြည့်နေတဲ့ အခါ

အချစ်တွေနဲ့...ပြည့်နေတဲ့ အခါ


ကျွန်မတို့အများစုထင်မှတ်နေကြတာ ရှိတယ်။ အဲဒါကတော့ကိုယ်က သူ့ကို ဘယ်လောက် ချစ်သလဲ၊ မေတ္တာရှိသလဲဆိုတာကို မပြောရင်လည်း သူက သိပါတယ်လို့ ယူဆနေကြတာပါ။

ကျွန်မတို့လို အိမ်ရှင်မတွေက ဒီအသက်အရွယ်မှာ ခင်ပွန်းကိုလည်း ချစ်တယ်လို့ပြောဖို့ မလိုတော့ဘူး ထင်ကြတယ်။  ခင်ပွန်းဖြစ်သူနဲ့ အတူတူ နေထိုင်ပြီး သူလိုတာလေးတွေကို လိုက်ဖြည့်ဆည်းပေးနေတာပဲ၊ အရာရာတိုင်းမှာသူ့ကို ဦးစားပေးနေတာကို သူသိပါလိမ့်မယ်၊   သူ့အတွက် အနစ်နာခံပေးနေတာကို သူသိနေမှာပါ ဆိုတဲ့စိတ်နဲ့ သိကြပါလိမ့်မယ်လို့ အပိုင်တွက်ထားတတ်ကြပါတယ်။

ဒါကြောင့် တစ်နေ့တစ်ခါ ချစ်တယ်နော်လို့ပြောဖို့မဆိုထားတဲ့  တစ်လ တစ်ခါလည်း မပြောဖြစ်၊ တစ်နှစ်နေလို့မှ တစ်ခါလောက်တောင် ချစ်သေးရဲ့လားလို့မမေးဖြစ်တဲ့အိမ်ထောင်သည်တွေ အများကြီးပါပဲ။

“ကိုယ့်ကို ချစ်သေးရဲ့လား“ လို့သာ ကိုယ်က မမေးဖြစ်သလို၊ “ရှင့်ကို ချစ်နေတုန်းပဲ“ လို့ကိုယ်ကလည်း မပြောဖြစ်ဘဲ  ဒီအတိုင်း သူတို့ဟာသူတို့စိတ်ထဲကတော့ရှိနေမှာပါလေးလို့ ထင်မှတ်ပြီး ဘာသိဘာသာနေတဲ့အိမ်ထောင်သည်တွေ အများကြီး။

အဲလို ချစ်တယ် ဆိုတဲ့စကားကို ပြောရင် မေးရင် ရှက်စရာပဲ၊ ဒီအရွယ်ကြီး ကျမှ ကလက်လိုက်တာလို့ ထင်မှတ်နေတဲ့ သူတွေလည်း တစ်ပုံကြီးပါပဲ။

အိမ်ထောင်သည် ရင့်လာတဲ့သူတွေပဲဖြစ်ဖြစ်၊နုနေတဲ့သူတွေပဲဖြစ်ဖြစ် ချစ်တယ်ဆိုတဲ့စကားကို အမြဲ မပြောဖြစ်ကြပေမဲ့၊ အမြဲတမ်း ပြောဖြစ်နေတဲ့ စကားတွေတော့ ရှိပါတယ်။

အဲဒီစကားတွေကတော့ အပြစ်တင်စကား၊ ဝေဖန်စကား၊ မြည်တွန်တောက်တီးတဲ့စကားလုံးတွေပါပဲ။

ကျွန်မတို့တွေက  သည်းခြေကြိုက်တဲ့  ချစ်တယ်ဆိုတဲ့စကားအစား၊ နားဝင်မချိုတဲ့ကိုယ့်ရဲ့ အတ္တမာနကို ထိပါးစေတဲ့အသုံးကို မကျဘူး ဆိုတာမျိုး၊
မင်းကတော့လုပ်ချလို်က်ပြန်ပြီ။ ငါ့ကို ဒုက္ခပေးလို့မ၀သေးဘူးလား။

မင်းနဲ့နေရတာကိုက ၀ဋ်ကြွေးပဲ  ဆိုတာမျိုးတွေကိုတော့ ကြုံရင် ကြုံသလို ပြောနေကြတာပါပဲ။အဲလို ပြောနေတဲ့အတွက်  သူ့စိတ်ထဲထိခိုက်လိမ့်မယ်လို့လည်း ဘယ်တုန်းကမှ မတွေးမိပါဘူး။

တကယ်တော့ ကိုယ်ချစ်တဲ့ကိုယ့်ကို ချစ်တဲ့သူတစ်ယောက်ဆီက ဒီလို စကားမျိုးတွေ ကြားရတာ ဘယ်လောက်ထိ စိတ်ထိခိုက်ရတယ် ထင်ပါသလား၊ ကိုယ်ကြားချင်တဲ့စကားက ကိုယ့်ကို ချစ်တယ် ဆိုတာကိုပါ၊ ဒါပေမဲ့ အဲဒီစကားအစား ကိုယ်မကြားချင်တဲ့စကားမျိုးတွေကြားရတာ။ ဘယ်လောက် စိတ်ထိခိုက်ရသလဲ။

အဲလိုပဲ တွေ အဆင်မပြေမှုတွေနဲ့ကြုံရတိုင်း ပြစ်တင်ဝေဖန်မှုတွေနဲ့သာ နီးလာတဲ့  အခါ ခင်ပွန်းဖြစ်သူကလည်း ဇနီးသည်နဲ့ နှလုံသားချင်း ဝေးဝေးလာတယ်။

ဒါနဲ့ပဲ အချစ်ငတ်တဲ့စိတ်နဲ့ကိုယ့်ကို တကယ်ချစ်တယ်၊ မေတ္တာရှိတယ်လို့ ထင်မှတ်တဲ့ သူတွေနောက် ကောက်ကောက်ပါသွားတတ်တဲ့သူတွေလည်း လောကမှာ ရှိလာတာပါ။
ဒါကြောင့်စီးပွားရေးအရ အဆင်ပြေနေရင်တောင်မှ မေတ္တာမခံစားရဘူး၊ အချစ်မခံစားရဘူး ဆိုတဲ့ အကြောင်းနဲ့ နောက်အိမ်ထောင်တွေ ထူထောင်သွားကြတာပါ။

ဒါကလည်း သူတို့စိတ်ထဲမှ ကိုယ့်ကိုချစ်တဲ့သူနဲ့ နေထိုင်ရတာ၊ကိုယ့်ကို အပြစ်တင်နေတဲ့သူနဲ့နေထိုင်ရတာထက်တော့ပိုကောင်းတယ်လို့ယူဆကြလို့ပါ။

ဒီလိုပါပဲ သားသမီးတွေကလည်း အမေ့ရဲ့မေတ္တာနဲ့ အချစ်ကို  နားလည်လာတဲ့အခါ သိလာလိမ့်မယ်။ အမေက သူတို့ကို ဘယ်လောက် ထိချစ်သလဲ ငုံထားမတတ် ချစ်တယ်ဆိုတာကိုလည်း သူတို့ကြီးလာတော့ နားလည်လိမ့်မပေါ့လို့… ယူဆပြန်ရော။

သားသမီးကိုလည်း သိပ်ချစ်တဲ့ မေမေ့သား၊ မေမေ့သမီးလို့ပြောဖို့မလိုဘူးလို့ယူဆပြန်ရော…။ အဲလိုသာ အခါအားလျော်စွာ မပြောပေမဲ့  အမြဲတမ်း ဆူဖို့ ကတော့ဘယ်မိဘမှ မမေ့တတ်ပြန်ဘူး။

မိဘတိုင်းက ကိုယ့်သားသမီးလုပ်တာကိုင်တာ အချိုးမကျတဲ့ခါ မြည်တွန်တောက်တီးနေမိတာလည်း ရှိနိုင်တယ်။ နှိမ်လိုက်မိတာမျိုးလည်း ရှိနိုင်တာပါပဲ။
သားသမီးဆိုရင်လည်း ချစ်တဲ့စိတ်နဲ့မှားမှာ စိုးရိမ်ပြီး အပြစ်လုပ်တဲ့အခါ နောင်မလုပ်မိအောင် မာန်မဲတာ၊ ဒဏ်ပေးတာမျိုးလည်း လုပ်တတ်တာပါပဲ။

အဲလို မိဘရဲ့ချစ်ခြင်းမေတ္တာကို မခံစားရဘဲနဲ့၊ မိဘရဲ့ပြစ်တင်ရှုံ့ချမှုတွေကိုပဲ ရရှိနေတယ်လို့ခံစားရတဲ့ ကလေးတွေက အလိုမကျ စိတ်နဲ့ ကြီးပြင်းလာကြရတယ်။ ပိုခံစားတတ်ရင်တော့မူးယစ်ဆေးဝါး သုံးလာတတ်တယ်။ အချို့ကကလည်း လောကကြီးကို အကောင်းမြင်စိတ် နည်းပါးတဲ့အရှုံးသမားတွေအဖြစ် ကြီးပြင်းလာတတ်ပြန်ပါတယ်။

သားသမီးကလည်း အချစ်ကို မပြဘဲနဲ့ အမြဲတမ်းဆူပူကြိမ်းမောင်းနေတတ်တဲ့ မိဘတွေနဲ့ ဝေးလို့ကွာလို့လာပြန်ပါတယ်။

တစ်ယောက်ကိုတစ်ယောက် ချစ်တယ်ဆိုပြီး  ပြောရမဲ့စကားကို မပြောဘဲ နေတဲ့ အခါ၊ အမြဲတမ်း မကြားချင်တဲ့စကားတွေကိုသာ ပြောဆိုနေတဲ့အခါ မှာ  မိသားစုအတွင်းမှာ အချင်းချင်းဝေးကြစေတဲ့အဖြစ်တွေ ရှိလာခဲ့တာလို့  နားလည်လာခဲ့မိတယ်။

 လက်တွေ့ဘ၀မှာတော့အသက်ဘယ်လောက်ပဲ ကြီးပါစေ၊ အိမ်ထောင်သည် ဘယ်လောက်ပဲရင့်နေပါစေ… ချစ်တယ် နော်၊…ချစ်သေးရဲ့ လား ဆိုတဲ့စကား။ ကိုယ့်ရဲ့ချစ်ခြင်း မေတ္တာ၊ စေတနာနဲ့အကြင်နာဆိုတာ အမြင်ချင်ဆုံးနဲ့ ပိုင်ဆိုင်ချင်ဆုံး အရာတွေပါပဲ။

ခင်ပွန်းသည်ဆီက ဇနီးသည်တွေ ကြားချင်တဲ့ စကားတွေထဲမှာ “ခုချိန်ထိ ချစ်နေတုန်းပဲ၊ မင်းကလည်း ခုထိ ချစ်ဖို့ကောင်းနေတုန်း …ဆိုတာမျိုး ပါ။ ဇနီးသည်အနေနဲ့လည်း ခင်ပွန်းကိုေ မးဖို့မရှက်သင့်တဲ့စကားထဲမှာ ကိုယ့်ကို ချစ်သေးရဲ့ လားဆိုတဲ့ စကားပါပဲ။

သားသမီးတွေကလည်း ဒီလိုပါပဲ မိဘရဲ့ ချစ်ခြင်းမေတ္တာနဲ့အဲဒါကို ဖော်ပြပေးမဲ့ စကားတွေ၊ လုပ်ရပ်တွေကို မိဘတွေဆီကနေ လိုချင်ကြပါတယ်။

“အမေ သားကို ချစ်တယ် မဟုတ်လား ဟင်“လို့မေးတဲ့အခါ။ သမီးကို အမေက ချစ်ရဲ့လား လို့မေးနေတဲ့ ကလေးတွေဟာ မိဘတွေဆီက ချစ်တယ်ဆိုတဲ့စကားကို ဘယ်လောက်တောင် တမ်းတနေရှာသလဲ။

သားသမီးကို ချစ်ပြရင် ကမ်းတက်လိမ့်မယ်ဆိုတဲ့စကားဟာ ကလေးတွေအတွက် ရက်စက်လွန်းပါတယ်။

အချစ်တဲ့ မေတ္တာကို မရခဲ့ရင် ချစ်တတ်တဲ့ မိသားစုကို တန်ဖိုးထားတတ်တဲ့ သူတွေ ဖြစ်မလာနိုင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့သူတို့မှ အချစ်ဆိုတာကို မသိတာ၊ နားမလည်တာ။

ဒါကြောင့်သားသမီးတွေ ချစ်တတ်ဖို့ မေတ္တာကို ခံစားနားလည်ဖို့ တာဝန်အရှိဆုံးကျွန်မတို့တွေပါ၊ မိဘတွေပါ။

ကလေးတစ်ယော က်အတွက် မိဘရဲ့ အချစ်နဲ့မေတ္တာဟာ စိတ်ပိုင်းဆိုင်ရာ အင်အားတစ်ရပ်ပါပဲ။ ဒါကို မိဘတွေအနေနဲ့သဘောပေါက်နားလည်ပေးပြီး သားသမီးတွေကို ပြုစုပျိုးထောင်ရာမှာ မေတ္တာနဲ့အချစ်ကို အခြေခံပြီး ပျိုးထောင်သင့်တာပါ။

ကျွန်မအယူအဆကတော့ချစ်ခြင်းမေတ္တာဆိုတာကို ပေးတတ်ဖို့ လိုသလို၊ သူတို့ရင်ထဲထိ ရောက်သွားအောင် ပေးနို်င်ဖို့လည်း လိုအပ်တယ်လို့မြင်မိပါတယ်။ တစ်ဖက်က လက်ခံရရှိတဲ့သူကလည်း ချစ်ခြင်းမေတ္တာနဲ့ ပြန်လည် တွယ်နှောင်သွားကြမှာဖြစ်ပါတယ်။

အဲဒါကြောင့်ကိုယ့်ရဲ့ခင်ပွန်းကိုပဲ ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ဇနီးသက်ထားကိုပဲ ဖြစ်ဖြစ် သားတို့သမီးတို့ကိုပဲ ဖြစ်ဖြစ် ချစ်တယ်…. ဆိုတဲ့ စကားကို
နေ့စဉ်နေ့တိုင်း အခါအားလျော်စွာ ပြောပေးဖို့မတွန့်ဆုတ်ပါနဲ့နော်လို့
အကြံပြုပါရစေ။

အချစ်တွေနဲ့ပြည့်နေတဲ့အခါ... လူတိုင်းလူတိုင်းဟာ လုံခြုံခြင်းနဲ့ပျော်ရွှင်ကျေနပ်ခြင်းကို ခံစားရပါတယ်ရှင်။

မတူတဲ့အမြင်များရှိရင်လည်း ဆွေးနွေးပေးဖို့ဖိတ်ခေါ်ပါတယ်။
ကျေးဇူးတင်ပါတယ်။
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။
မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment