တတိယကမ္ဘာစစ်
ဗေဒင်ဟောကိန်း
“ကိုဘသစ် ဒီကိုရောက်ကတည်းက ဖေ့စ်ဘွတ်ပဲ သဲသဲမဲမဲနှိပ်နေတယ်။ ဘာတွေထူးခြားလို့လဲ”
“ဒီမှာ Daily Telegraph ကသတင်းတစ်ပုဒ်ပါတယ်။ မေ ၁၃ ရက်ကစပြီး အောက်တိုဘာလလယ်အထိ တတိယကမ္ဘာစစ်ကြီး ဖြစ်မယ်လို့ ဟောထားတယ်”
“ဘယ်ကဗေဒင်ဆရာလဲ”
“ဗေဒင်ဆရာမပါ။ အဲဒီဗေဒင်ဆရာမက ဒေါ်နယ်ထရန့် ၄၅ ယောက်မြောက် အမေရိကန်သမ္မတဖြစ်မယ်လို့ ဟောတဲ့သူပဲပေါ့”
“အင်းခင်ဗျားပြောသလိုဆို စိတ်ပူစရာပဲ”
“ကျွန်တော်တော့၊ ဒီလိုဟောကိန်းဟာ Fifty-Fifty ရွေးချယ်မှုလို့ပဲ ဆိုချင်တယ်။ နှစ်ခုရှိလို့ တစ်ခုရွေးတာပဲလေ။ ရာခိုင်နှုန်း ၅၀ မှန်တာမျိုးပေါ့”
“ဒီလိုဟောကြားချက်တွေ မှားရင်တော့ ဗေဒင်ဆရာ နာမည်ပျက်တော့မှာပေါ့”
“ခင်ဗျားမှတ်ထား၊ မိုးလေ၀သနဲ့ ဗေဒင်ဆရာတွေမှားတာ ဘာပြဿနာမှမရှိဘူး။ မိုးလေ၀သဟောကိန်းလည်း မှားတတ်တာပဲ။ မှားလည်းဘာမှမဖြစ်ပါဘူး။ အဲဒါက သဘာဝတရားကိုး၊ သဘာဝကို ဘယ်သူမှ အပြတ်မပြောနိုင်ဘူး။ လူတွေခွင့်လွှတ်တယ်”
“ဗေဒင်ကျတော့ကော”
“အနောက်တိုင်းက ဗေဒင်ဆရာတွေကတော့ နှစ်မျိုးလုပ်ထားတယ်။ မမှန်လို့စိတ်ဆိုးတဲ့လူတွေ ဗေဒင်ဆရာအိမ်ကိုလာတဲ့အခါ ဗေဒင်ဆရာက သူရဲ့ဒိုင်ယာရီကိုဖတ်ဖို့ ပြောတာပဲ။ ဒိုင်ယာရီကို သူကဘယ်နေ့ ဘယ်ရက်ကရှေ့နေကို အပ်ထားတယ်ပြောမှာပဲ၊ သူတို့ကရှေ့နေကို မေးတယ်။ ဒိုင်ယာရီကို ဖတ်ကြည့်တော့ ပြောင်းပြန်ဖြစ်နေတယ်။ စစ်ဖြစ်မယ်လို့ ဟောထားရင် ဒိုင်ယာရီထဲမှာ စစ်မဖြစ်ဘူးလို့ ရေးထားတော့တာပဲ။ ကျွန်တော်က လူတွေရဲ့စိတ်ကိုစမ်းပြီး သတင်းထုတ် ပြန်လိုက်တာပါ။ ဂြိုဟ်စီးဂြိုဟ်နင်းအရ ဒီလိုဖြစ်မှာ ကျွန်တော်သိတယ်ဆိုပြီး ရေးထားတာတွေ့ရမှာပဲ”
“ကျွန်တော်လည်း ကြားဖူးတယ်။ ဗေဒင်ဆရာက ယောက်ျားလေးမွေးမယ်လို့ဟောပြီး သူရဲ့ဒိုင်ယာရီထဲ မိန်းကလေးမွေးမယ် ရေးထားတာမျိုးပေါ့။ ယောက်ျားလေးမွေးရင် ဗေဒင်မှန်တာပေါ့။ မိန်းကလေးမွေးရင် ကျွန်တော်မှတ်တမ်း ကြည့်မယ်ဆိုပြီး သူရဲ့ဒိုင်ယာရီကို ထိုးပြတော့တာပဲ”
“ဒီလိုပုံစံတွေ အများကြီးရှိတယ်။ ကျွန်တော်က ဗေဒင်ဆရာတွေကို အပုပ်ချချင်လို့ မဟုတ်ပါဘူး။ လောကကြီးမှာ ဆင်ခြင်ပြီးစဉ်းစားဖို့ ပြောတာပါ။ ခုဖြစ်နေတဲ့ စစ်သံပေးနေတဲ့ကိစ္စ (Wage of War) ကိုဆွေးနွေးဖို့လိုပါတယ်”
ဒုတိယကမ္ဘာစစ်
“ခင်ဗျားစစ်အတွေ့အကြုံကို ပြောပါဦး ကိုဘသစ်”
“ကျွန်တော်တို့ငယ်ငယ်က ဒုတိယကမ္ဘာစစ် ပြီးသွားတယ်။ ၁၉၄၅ ခုနှစ်မှာ အမေရိကန်သမ္မတ ထရူးမင်းက ပထမဆုံးအဏုမြူဗုံးကို ဟီရိုရှီးမားမှာ ကြဲချတယ်။ နောက်နှစ်ရက်အကြာမှာ နာဂါစာကီမြို့ပေါ်မှာ ကြဲချလိုက်ယ်”
“စစ်ပြီးသွားတော့စုတ်လား”
“ဟုတ်တယ်။ ဒါပေမဲ့လူတွေ သေတယ်လေ။ ဒီဗုံးနှစ်လုံးဟာ လူပေါင်းသုံးသိန်းကျော်ကို တမလွန်ဘ၀ကို ပို့ဆောင်နိုင်ခဲ့တယ်”
“ဒါပေမဲ့ ဒုတိယကမ္ဘာစစ်က လူတွေသေတာ အတော်များတယ် မဟုတ်လား”
“ဟာအများကြီးသေတယ်။ စစ်ဖက်က သန်း ၃၀၊ အရပ်ဘက်က ၂၅ သန်းသေတယ်။ ပစ္စည်းဥစ္စာဆုံးရှုံးမှုက ဒေါ်လာဘီလျံ တစ်ထောင်ဖိုးလောက်ရှိတယ်၊၊ ရှေးဟောင်း အမွေအနှစ်တွေ ယဉ်ကျေးမှုတွေ ပျက်ကုန်တာလည်း အများကြီးပဲ”
“ကျွန်တော်တို့ ရန်ကုန်တက္ကသိုလ် စာကြည်တိုက်ကိုလည်း ဗုံးတည့်တည့်ကြီးမှန်လို့ ပေစာကျောက်စာတွေ ပျက်စီးမီးလောင်ဆုံးရှုံးရတာပဲ”
“အင်းစစ်ဟာ အတော်ကြောက်စရာကောင်းတယ်။ ၁၉၃၉-၁၉၄၅ ခုနှစ်ပေါ့၊ ခြောက်နှစ်အတွင်း နှစ်ပေါင်းတစ်ထောင်ကျော်လောက် တည်ဆောက်ထားတာတွေ ပျက်စီးကုန်တော့တာပါ”
“ခုစစ်ဖြစ်ရင် ခြောက်နှစ်လည်းမကြာဘူး။ လူသန်းတစ်ရာလောက်တော့ အေးအေးလေး သေသွားနိုင်တယ်”
ကိုးရီးယားစစ်ပွဲ
ယနေ့ တတိယကမ္ဘာစစ်ဖြစ်မယ့် စစ်ရေးခြိမ်းခြောက်နေတာကတော့ ကိုရီးယားကျွန်းဆွယ်မှာပါပဲ။ မကြာသေးမီက ၄၅ ယောက်မြောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ IS အဖွဲ့တည်နေရာ ဌာနချုပ်ဖြစ်တဲ့ အာဖဂန်တောင်ကြားကို ကမ္ဘာ့အကြီးဆုံးဗုံး (Mother of all bombs) ဗုံးတစ်လုံးနဲ့ချပြီး ချေမှုန်းခဲ့တယ်။
တန်ချိန် ၂၀ ရှိတဲ့အဲဒီဗုံးဟာ အဏုမြူဗုံး အသေးစားသဖွယ် အင်အားပြင်းပြီး တောင်အတွင်းရှိ ဂူများပြိုပျက်ကာ ငလျင်အသေးစားလေးပါ လှုပ်သွားစေခဲ့တယ်။ တကယ်တန်း သေဆုံးသွားတဲ့ အကြမ်းဖက် တာလီဘန်တွေကတော့ ၁၀၀ လောက်ပဲရှိတယ်။
ဒီလောက်ပဲသေတဲ့ဗုံးကို ဗုံးများရဲ့မိခင်လို့ခေါ်ရင်တော့ လူသုံးသိန်းလောက်သေစေတဲ့ အဏုမြူဗုံးကိုတော့ ဗုံးများရဲ့ဖခင် (Father of all bombs) ဖြစ်ထိုက်ပါတယ်။
“ဒုတိယကမ္ဘာစစ်အပြီးမှာ ကိုးရီးယားစစ်ပွဲ စခဲ့တယ်ဗျ။ ကိုးရီးယားစစ်ပွဲဆိုတာကတော့ တောင်နဲ့မြောက်ကိုးရီးယား နိုင်ငံသားအချင်းချင်းဖြစ်တဲ့ စစ်ပွဲပါပဲ”
“ဘာကြောင့်မတည့်တာလဲ”
“၀ါဒမတူတာပေါ့၊ တောင်ကိုးရီးယားက ဒီမိုကရေစီနီုင်ငံ ထူထောင်တာဖြစ်ပြီး မြောက်ကိုးရီးယားကတော့ ကွန်မြူနစ်စနစ်ကို ထူထောင်တာပါပဲ။ ၁၉၄၈ ခုနှစ်မှာ တောင်ကိုးရီးယားဟာ Republic of Korea နိုင်ငံကိုထူထောင်တယ်။ အဲဒီအချိန်မှာပဲ မြောက်ကိုးရီးယားက People’s Republic of Korea နိုင်ငံကိုတည်ထောင်တယ်။ ဒီလိုအေးအေးချမ်းချမ်း နေလာရာက ၁၉၅၀ ပြည့်နှစ် ဇွန် ၂၅ ရက်မှာ မြောက်ကိုးရီးယားဟာ နယ်စပ်မျဉ်းကိုကျော်လာပြီး တောင်ကိုးရီးယားကို တိုက်ခိုက်တော့တာပါပဲ”
“မြောက်ကိုးရီးယား ကျူးကျော်တာပေါ့”
“ဟုတ်ပါတယ်။ မြောက်ကိုးရီးယား စစ်ပြင်ခဲ့တယ်။ သူကတရုတ်မှာ သင်တန်းတက်တယ်။ တရုတ်ပြည်က အရန်အင်အားတွေလည်းရှိတော့ အတော်လေး အင်အားတောင့်တင်းတာပေါ့။ တောင်ကိုးရီးယာနိုင်ငံ မြို့တော်ဆိုးလ်ကို သိမ်းတယ်။ ဆပ်ကမ်းမြို့တော် ဘိုဆန်ကိုလည်း အစိတ်အပိုင်း အတော်များများကို သိမ်းနိုင်တယ်”
“တောင်ကိုးရီးယား မကျသွားဘူးလား”
“တကယ်တန်း ဗီယက်နမ်မှာလို ဆက်ပြီးတိုက်ရင် တောင်ကိုးရီးယား ကျသွားနိုင်စရာရှိတယ်။ မြောက်ကိုးရီးယား တပ်တွေနားလိုက်တဲ့အချိန်ပေါ့၊ သူတို့အထက်အမိန့် စောင့်နေချိန်မှာ အမေရိကန်တပ်တွေ ရောက်လာတယ်။ တောင်ကိုရီးယားရဲ့ခံစစ်ကို အမေရိကန်တပ်တွေက ကုလသမဂ္ဂတပ်တွေအနေနဲ့ ၀င်ကူတယ်။ မကြာမီဗြိတိသျှ၊ ကနေဒါ၊ သြစတြေးလျနဲ့ တူရကီတပ်တွေကလည်း ၀င်တိုက်တယ်။ အဲဒီနှစ်အောက်တိုဘာမှာပဲ စစ်ကိုရပ်လိုက်ကြတယ်”
“အသေအပျောက်တွေများလား”
“လူသန်းနဲ့ချီပြီး သေတာပေါ့”
“ကျွန်တော်တို့ ကိုးရီးယားစစ်ပွဲရုပ်ရှင်တွေ အများကြီးကြည့်ရတယ်။ နောက်ဆုံး အဆင်ပြေသွားတာပေါ့”
“မှန်ပါတယ်။ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို ၁၉၅၃ ခုနှစ် ဇူလိုင်လမှာ လက်မှတ်ထိုးတယ်”
“ဒီနေ့ထိ တောင်ကိုးရီးယားနဲ့ မြောက်ကိုးရီးယား နှစ်ပိုင်းကွဲနေတာပေါ့”
နိုင်ငံခြားသားပါဝင်လာမှုနဲ့ စစ်ပွဲတွေ
ဟုတ်ပါတယ်။ တစ်ချိန်က လူမျိုးတစ်မျိုးတည်းဖြစ်တဲ့ ဂျာမနီနိုင်ငံဟာ နှစ်ပိုင်းကွဲနေသလို ဗီယက်နမ်နိုင်ငံလည်း နှစ်ပိုင်းကွဲခဲ့တယ်။ ဒါပေမဲ့ ယနေ့မှာတော့ အနောက်ဂျာမနီနဲ့ အရှေ့ဂျာမနီတို့ ပြန်ပေါင်ထုပ်သွားတဲ့အပြင် တောင်ဗီယက်နမ်နဲ့ မြောက်ဗီယက်နမ်တို့လည်း ပေါင်းသွားတယ်။ ဒါပေမဲ့ကိုးရီးယားကတော့ နှစ်ပိုင်းကွဲနေဆဲပဲ။ ဒါကြောင့်တောင်နဲ့ မြောက်ကိုးရီးယားနိုင်ငံဟာ အချိန်မရွေး စစ်ထဖြစ်နိုင်တယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ထားတယ်။
“၁၉၅၀ ပြည့်နှစ် ကိုးရီးယားစစ်ပွဲမှာ တောင်ကိုးရီးယားဘက်က အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျတို့ပါဝင်သလို မြောက်ကိုးရီးယားဘက်က တရုတ်တို့ ရုရှားတို့ပါဝင်တယ်။ ဒါကြောင့် ပြည်တွင်းရေးတွေမှာ သုံးသပ်မှုတွေ ရှိလာတယ်။ အမေရိကန်မှာ မူဝါဒနှစ်ခုရှိတယ်။ ပထမတစ်ခုက စစ်လက်နက်တွေကို မတိုးချဲ့ရဘူး။ အထူးသဖြင့် နျူကလီယားလက်နက်ကို စမ်းသပ်ဖို့လက်မခံဘူး။ နောက်တစ်ခုက သူ့ဆီကိုခြိမ်းခြောက်နိုင်တဲ့ ဒုံးကျည်လိုလက်နက်တွေကို ကန့်သတ်ချင်တယ်။”
“အင်းအမေရိကန်က ကျူးဘားဒုံးကျည် ပြဿနာဖြစ်ခဲ့သေးတာပဲ”
“မှန်တယ်၊ ၁၉၆၂ ခုနှစ်က ရုရှားက အဏုမြူထိပ်ဖူးတပ် ဒုံးကျည်တွေကို ကျူးဘားကျွန်းမှာ ထားဖို့ကြံစည်တယ်။ တကယ်တော့ ကျူးဘားကျွန်းဆိုတာ အမေရိကန်နဲ့ ကပ်နေတယ်။ ဒီတော့အမေရိကန်ရေတပ်က ကျူးဘားပင်လယ်ကို ရေတပ်ကြီးနဲ့ပိတ်ဆို့တယ်။ တကယ်လို့ ရုရှားကနေထွက်လာတဲ့ ဒုံးကျည်တင်ထားတဲ့ စစ်သင်္ဘောပြန်မလှည့်ရင် ရုရှားကို အဏုမြူထိပ်ဖူးတပ်တဲ့ ဒုံးကျည်နဲ့ တိုက်မယ်ဆိုပြီး ခြိမ်းခြောက်တယ်။ ကုလသမဂ္ဂက ကြားဝင်ဖျန်ဖြေပေးရတယ်”
“အဲဒီခေတ်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟာ ဦးသန့်မဟုတ်လား”
“ဟုတ်ပါတယ်၊ ပြဿနာပြေလည်သွားပါတယ်။ ရုရှားစစ်သင်္ဘောတွေ ပြန်လှည့်သွားတယ်။ အဲဒီခေတ်ကလည်း တတိယကမ္ဘာစစ်ကြီး ဖြစ်မယ်ဆိုတဲ့ ခြိမ်းခြောက်သံတွေ ကြားခဲ့ရတယ်”
စစ်အလားအလာ
မြောက်ကိုးရီးယားဒုံးကျည်တွေဟာ အမေရိကန် အနောက်ဘက်ခြမ်းကမ်းခြေကို ရောက်အောင်ပစ်နိုင်တဲ့ အလားအလာရှိနေတယ်။ လောလောဆယ် မြောက်ကိုးရီးယား စမ်းသပ်တဲ့ လက်နက်တွေကတော့ အဆင်မပြေသေးဘူး။ ဒါပေမဲ့ ဂျပန်နဲ့တောင်ကိုးရီးယားကတော့ အရမ်းကြောက်နေကြတယ်။
“ကိုဘသစ်အနေနဲ့ စစ်ဖြစ်နိုင်တဲ့အလားအလာကို ဘယ်လိုသုံးသပ်လဲ”
“ကျွန်တော်တော့ ဗေဒင်ဆရာတွေပြောသလိုပါပဲ။ စစ်ကတော့ အချိန်မရွေးထဖြစ်နိုင်တယ်လို့ ယူဆတယ်။ အထူးသဖြင့် ယနေ့မှာဆိုရင် မြောက်ကိုးရီးယားက သူရဲ့လက်နက် စမ်းသပ်မှုကို လုံးဝမလျှော့ဘူး။ ထပ်တိုးစမ်းသပ်နေတယ်။ ဒိုင်ယာလော့လုပ်ဖို့ လက်ခံတာမကြားရဘူး။ အမေရိကန်က အဏုမြူရေငုပ်သင်္ဘောရော၊ လေယာဉ်တင် သဘောင်္တပ်ဖွဲ့တွေရော မြောက်ပစိဖိတ်ပင်လယ်ထဲကို ရောက်နေတယ်။ တောင်ကိုးရီးယားမှာ ဒုံးခွင်းဒုံးတွေ နေရာအနှံ့ ဖြန့်ကြက်ထားတယ်”
“အမေရိကန် ပိုက်ဆံအတော်ကုန်မှာပဲ”
“ဟုတ်တယ်။ ဒီအတွက် တောင်ကိုးရီးယားဆီက ဒေါ်လာတစ်ဘီလျံတောင်းတယ်။ ဒါပေမဲ့ တောင်ကိုးရီးယားတွေက မပေးဘူးလို့ငြင်းတယ်”
“မပစ်သေးတဲ့လက်နက်ကို ကာကွယ်ဖို့ ပိုက်ဆံတွေ အတော်ကုန်ကြတာပဲ”
“ခုအာဆီယံ ထိပ်သီးအစည်းအဝေး (ASEAN Summit) ကိုလည်း ဖိလစ်ပိုင်မှာ လုပ်နေတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း သွားတက်နေတယ်။ သူတို့လည်း စစ်ပွဲအတွက် စိုးရိမ်တယ်ပြောနေကြတယ်”
“မှန်တာပေါ့၊ အာဆီယံဆိုတာ အာရှတိုက်မှာရှိတယ်လေ။ ခုဟာက အာရှတိုက်ရဲ့ အရေးကိစ္စပဲ”
“အင်း၊ ကျွန်တော်တို့ငယ်ငယ်က စစ်ကြီးပြီးတော့ ဗုံးဆန်တွေကို ဘုန်းတော်ကြီးကျောင်းတွေမှာ အုန်းမောင်းခေါက်တဲ့နေရာမှာ သုံးကြတယ်။ အမြောက်ကျည်ဆန်ခွံတွေကို ညောင်ရေအိုးတွေအနေနဲ့ သုံးကြတယ်”
“စစ်လက်နက်တွေကို ငြိမ်းချမ်းစေဖို့ ဆုတောင်းတဲ့နေရာမှာ သုံးတာပဲပေါ့။ စစ်မဖြစ်ပါစေနဲ့ဆိုတဲ့ သဘောပါပဲ”
“အင်း၊ စစ်တွေမဖြစ်ကြပါစေနဲ့၊ ငြိမ်းချမ်းကြပါစေ၊ သတ္တ၀ါတွေကျန်းမာ ချမ်းသာကြပါစေ”
ဒေါက်တာခင်မောင်ညို
Eleven Media Groupe
Subscribe to:
Post Comments (Atom)
No comments:
Post a Comment