Latest News

Saturday, May 27, 2017

မြောက်ပိုင်းအဖွဲ့တွေက အပစ်ရပ်ရေးအဆိုပြုတောင်းဆို

မြောက်ပိုင်းအဖွဲ့တွေက အပစ်ရပ်ရေးအဆိုပြုတောင်းဆို

ငြိမ်းချမ်းရေးအတွက် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ တွေ့ဆုံညှိနှိုင်းနေချိန်အတွင်း မြေပြင်မှာတိုက်ပွဲတွေမဖြစ်ဖို့၊ လက်နက်ကိုင်တပ်တွေ ကိုယ့်မူလတပ်ရင်းမှာ ပြန်နေကြဖို့ စတဲ့အချက် တွေပါဝင်တဲ့ “အပစ်အခတ်ရပ်စဲရေး အဆိုပြုစာချုပ်”တစ်ရပ်ကို UWSA  ဦးဆောင်တဲ့ မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့တို့က တောင်းဆိုလိုက်ပါတယ်။

လက်ရှိ နေပြည်တော်မှာ ကျင်းပနေတဲ့ ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ်မြောက် အစည်းအဝေးကို လေ့လာသူအနေနဲ့ တက်ရောက်လာရင်း အစိုးရနဲ့ တပ်မတော်ကို အခုလိုတောင်းဆိုလိုက်တာလို့ မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ထဲက PSLF/TNLA ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ၂ တားပန်လ က ပြောပါတယ်။

"အထူးသဖြင့် မြန်မာ့တပ်မတော်ဘက်က ထိုးစစ်တွေရုပ်သိမ်းဖို့ ကျနော်တို့ဘက်က လိုလားပါတယ်၊ အနည်းဆုံး သူတို့ရဲ့ တပ်ရင်းတပ်ဖွဲ့တွေက မူလဌာနေတပ်ရင်းကို ပြန်သွားဖို့လိုပါတယ်၊ ဒါမှ အခုသွားနေတဲ့ နိုင်ငံရေး ငြိမ်းချမ်းရေးလမ်းစဉ် အောင်မြင်မှာဖြစ်ပါတယ်၊ အဲလိုမျိုးမဟုတ်ခဲ့ဘူးဆိုရင် နေပြည်တော်မှာတော့ ၂၁ ရာစု ပင်လုံကျင်းပနေတယ်၊ မြေပြင်မှာတော့ ကျနော်တို့ကို လိုက်လံတိုက်ခိုက်နေမယ်ဆိုရင်တော့ မြေပြင်ကစစ်ပွဲတွေက မြန်မာ့တပ်မတော်ရဲ့ ပြုလုပ်နေတဲ့ စစ်ပွဲတွေက ၂၁ ရာစု ပင်လုံကို လှောင်ပြောင်နေသလိုပဲ ဖြစ်နေဦးမယ်"

အဲဒီအဆိုပြုချက်စာချုပ်ထဲမှာ အစိုးရတပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား တစ်ဖက်နဲ့တစ်ဖက် အပျက်သဘောဆောင်တဲ့ သတင်းစကားမျိုးတွေကို ဖြန့်ချိခြင်းမလုပ်ကြဖို့၊ လက်နက်ကိုင်တပ်တွေ နယ်မြေအတိအကျ သတ်မှတ်ဖို့၊ နယ်ခြားမှတ်တိုင်တွေကျော်ပြီး စစ်လေယာဉ် မပျံသန်းဖို့ စစ်ရေးလှုပ်ရှားမှု မဝင်ရောက်ရ စတဲ့အချက်တွေ ပါဝင်တယ်လို့ ပြောပါတယ်။

အဲဒီအချက်တွေကို အစိုးရနဲ့ တပ်မတော်ကို အဆိုပြုတင်ပြထားပြီး လက်ရှိမှာ သဘောတူညီမှု မရသေးပေမယ့် ရှေ့ဆက်လက်ပြီးတော့ ဆွေးနွေးရဦးမှာဖြစ်တယ်လို့ ပြောပါတယ်။

မြောက်ပိုင်းအဖွဲ့ ၇ ဖွဲ့တို့ဟာ မနေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရခဲ့ပေမယ့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တော့ တွေ့ဆုံခွင့်မရခဲ့ဘူးလို့ ပြောပါတယ်။

မြောက်ပိုင်း အဖွဲ့ ၇ ဖွဲ့ထဲမှာ UWSA၊ KIO ၊ PSLF/TNLA၊ MNDAA၊ SSPP ၊ NDAA နဲ့ AA တို့ ပါဝင်ကြပြီး ဒီကနေ့ နေလည်ပိုင်းက နေပြည်တော်ကနေ ပြန်လည်ထွက်ခွာသွားကြပါတယ်။

Photo: Win Ko Ko Latt/RFA

No comments:

Post a Comment