အစ္စလာမ်စာသင်ကျောင်းချိတ်ပိတ်တာ သာသနာရေးဌာနမဟုတ်
ရန်ကုန်တိုင်း သာကေတမြို့နယ်က အစ္စလာမ်ဘာသာရေးစာသင်ကျောင်း ၂ ကျောင်း ချိပ်ပိတ်ခံရတဲ့ ဖြစ်စဉ်ဟာ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ဆောင်ရွက်တာမဟုတ်ဘဲ၊ တိုင်းအစိုးရ အဖွဲ့က ဆောင်ရွက်တာဖြစ်တယ်လို့ သာသနာရေးဦးစီးဌာနက ပြောလိုက်ပါတယ်။
အဲဒီ စာသင်ကျောင်း ၂ ကျောင်း ဘယ်အချိန်မှာ ပြန်ဖွင့်နိုင်မလဲဆိုတာကို သာသနာရေးဝန်ကြီးဌာနအနေနဲ့ ပြောနိုင်ခြင်းမရှိဘူးလို့ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ပြောပါတယ်။ ရန်ကုန် သာကေတမြို့နယ် အနော်မာရပ်ကွက်မှာရှိတဲ့ အာရဗီစာသင်ကျောင်း ၂ ကျောင်းကို ပြီးခဲ့တဲ့ဧပြီလ ၂၈ ရက်နေ့မှာ သံဃာတော်တချို့ပါဝင်တဲ့ "မျိုးချစ်ကွန်ယက်" ဆိုတဲ့အဖွဲ့ရဲ့ ဖိအားပေးမှုကြောင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနဲ့၊ ရဲတပ်ဖွဲ့တို့က ချိပ်ပိတ်ခဲ့တာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး အထင်အမြင်လွဲမှားအောင် ရေးသား ဖော်ပြနေတာတွေကို ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဦးစီးဌာနက မနေ့က သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီထုတ်ပြန်ချက်မှာ… ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနက ဝေဖန် ပြောကြားတာ မရှိခဲ့ပေမယ့်၊ လူမှုကွန်ယက် စာမျက်နှာတချို့မှာ ဝန်ကြီးဌာန အပေါ် အထင်အမြင်လွဲမှားအောင် ရေးသားနေတယ်လို့ ပါရှိပါတယ်။
ဒီလိုရေးသားချက်တွေကြောင့် ဘာသာရေးလူမျိုးရေး ပဋိပက္ခတွေ ဖြစ်လာနိုင်ပြီး၊ တရားဥပဒေ စိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေးနဲ့၊ လုံခြုံရေး ထိခိုက်လာနိုင်တဲ့အတွက် လိုအပ်ရင် ဥပဒေအရ အရေးယူဖို့ စီစဉ်ဆောင်ရွက်သွားမယ်လို့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
RFA Burmese
Subscribe to:
Post Comments (Atom)
No comments:
Post a Comment