လေပြင်းတိုက်ခတ်မှုကြောင့် ဟင်္သာတခရိုင်တွင်း မြို့နယ် (၄) မြို့နယ်၌ လူနေအိမ် ၃၅၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး ဟင်္သာတမြို့နယ်၌ ထိခိုက်မှုများပြား
ဟင်္သာတ မေ ၂၁
လေပြင်းတိုက်ခတ်မှုကြောင့် ဟင်္သာတခရိုင်တွင်း မြို့နယ် (၄) မြို့နယ်၌ လူနေအိမ် ၃၅၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး ဟင်္သာတမြို့နယ်၌ ထိခိုက်မှုများပြားခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။
မေလ ၂၀ ရက်၊ ညနေပိုင်းက လေပြင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ဟင်္သာတခရိုင်တွင်း မြို့နယ်များအနက် ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်၊ မြန်အောင်မြို့နယ်နှင့် ကြံခင်းမြို့နယ်တို့၌ လူနေအိမ်များနှင့် သာသနိကအဆောက်အဦးအချို့ ပျက်စီးခဲ့ခြင်းဖြစ်သည်။
လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဟင်္သာတမြို့နယ်ရှိ လက်ပံလှကျေးရွာအုပ်စု၊ ပဲကြီးကျွန်း ကျေးရွာအုပ်စု၊ ကိုင်းချောင်းကျေးရွာအုပ်စု၊ အိပ်ပျက်ကျေးရွာအုပ်စု၊ လယ်တီကျေးရွာအုပ်စု၊ ကျုံတုံ ကျေးရွာအုပ်စုနှင့် ကုလားခတ်ကျေးရွာအုပ်စုရှိ ကျေးရွာခွဲ (၃၁) ရွာမှ လူနေအိမ် (၃၂)လုံးပြိုကျပျက်စီး ခဲ့ပြီး လူနေအိမ် (၂၆၇)လုံးနှင့် ဘုန်းကြီးကျောင်း (၄)ကျောင်းအမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့အပြင် ဟင်္သာတမြို့နယ်၊ ကိုင်းချောင်းကျေးရွာအုပ်စု၊ မကျည်းတောကျေးရွာရှိ ရတနာဦးစေတီတော်ထီးတော်ပြိုကျခဲ့ပြီး ပျဉ်းမချောင်းကျေးရွာ၌ လမ်းမီးတိုင်(၂)တိုင် ကျိုးကျခဲ့ ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဟင်္သာတမြို့၌ မြို့ပေါ်ရပ်ကွက်များဖြစ်သည့် လယ်တီကွင်း ရပ်ကွက်နှင့် အေးမြသာယာရပ်ကွက်တို့၌လည်း ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး လူနေအိမ်(၃)လုံးနှင့် ကြက်ခြံတစ်ခြံပြိုကျခဲ့ကာ လူနေအိမ်(၂၆)လုံးအမိုးလန်ပျက်စီးခဲ့ကြောင်းသိရသည်။
ကြံခင်းမြို့နယ်တွင်လည်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ရေနံတောင်ကျေးရွာ အုပ်စု၊ ကျည်တိုင်ကွင်းကျေးရွာရှိ လူနေအိမ်(၂)လုံး အမိုးလန်ပျက်စီးခဲ့ပြီး ချင်းမြောင်ကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာ၌ သစ်ပင်ပြိုလဲသဖြင့် လူနေအိမ်နှင့်တွဲလျက်ရှိသည့် မီးဖိုဆောင်အား ပိ၍ အမိုးပျက်စီးခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဇလွန်မြို့နယ်၌ ဖားလက်ခိုကျေးရွာအုပ်စုနှင့် တောင်ပို့တစ်ရာ ကျေးရွာအုပ်စုရှိ ကျေးရွာနှစ်ရွာတွင် နေအိမ်တစ်လုံးပြိုကျပျက်စီးခဲ့ပြီး နေအိမ် (၃) လုံး အမိုးလန် ပျက်စီးခဲ့ကြောင်း သိရသည်။
မြန်အောင်မြို့နယ်တွင်လည်း လေပြင်းဒဏ်ကြောင့် ရွှေကျင်ကျေးရွာအုပ်စုနှင့် သရက်တော ကျေးရွာအုပ်စုရှိ ကျေးရွာခွဲ (၃)ရွာမှ နေအိမ်တစ်လုံးနှင့် တင်းကုတ်(၁)လုံး ပြိုကျပျက်စီးခဲ့ပြီး နေအိမ် (၂၁) လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် လေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီး ဌာနမှ ထောက်ပံ့မှုများ ပေးအပ်လျှက်ရှိပြီး ပြိုကျပျက်စီးအိမ်ခြေများမှ အိမ်ထောင်စုများမှာ နီးစပ်ရာ ဆွေမျိုးများထံ ရွှေ့ပြောင်းနေထိုင်လျှက်ရှိကြောင်း သိရသည်။
အောင်ကျော်မျိုး(ဟင်္သာတ)
Monday, May 22, 2017
လေပြင်းတိုက်ခတ်မှုကြောင့် ဟင်္သာတခရိုင်တွင်း မြို့နယ် (၄) မြို့နယ်၌ လူနေအိမ် ၃၅၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး ဟင်္သာတမြို့နယ်၌ ထိခိုက်မှုများပြား
လေပြင်းတိုက်ခတ်မှုကြောင့် ဟင်္သာတခရိုင်တွင်း မြို့နယ် (၄) မြို့နယ်၌ လူနေအိမ် ၃၅၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး ဟင်္သာတမြို့နယ်၌ ထိခိုက်မှုများပြား
Reviewed by Ar Ti
on
2:59 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment