၂၀၁၆-၁၇ ဘောလုံးရာသီ ထိပ်တန်းလိဂ် (၅) ခုရဲ့ အနှစ်ချုပ်
ဒီနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်၊ လာလီဂါ၊ ဘွန်ဒက်စ်လီဂါ၊ လီဂူး-၁ ပြိုင်ပွဲတွေ ရာသီသိမ်းသွားခဲ့ပြီး စီးရီးအေကတော့ တစ်ပွဲ ကစားဖို့ ကျန်သေးပါတယ်။
ပရီးမီးယားလိဂ် ပြိုင်ပွဲမှာတော့ နည်းပြ ကွန်တီရဲ့ ချဲလ်ဆီး အသင်းက ရမှတ် (၉၃)မှတ်နဲ့ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ ချဲလ်ဆီးဟာ အမှတ်ပေးဇယားထိပ်ကို ၁၈၆ ရက်တိုင်တိုင် ဦးဆောင်ခွင့်ရပြီး ချန်ပီယံ ဖြစ်ခဲ့တာပါ။ စပါး၊ မန်စီးတီးတို့ ချန်ပီယံလိဂ် တိုက်ရိုက် ဝင်ခွင့်ရခဲ့ပြီး လီဗာပူးကတော့ ရှုံးထွက် အဆင့်ကနေ ကစားရမှာ ဖြစ်ပါတယ်။ တစ်ခေတ်တစ်ခါက ပရီးမီးယားလိဂ်ကို အပြိုင်အဆိုင် ကြီးစိုးခဲ့တဲ့ မန်ယူနဲ့ အာဆင်နယ်ကတော့ အဆင့်(၄)နေရာ မဝင်ခဲ့ကြပါဘူး။ ဒါဟာ ၁၉၇၈-၇၉ ခုနှစ်နောက်ပိုင်း ဒီ နှစ်သင်းလုံး အဆင့် (၄) နေရာ မဝင်ခဲ့တဲ့ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
မန်ယူကတော့ ယူရိုပါ လိဂ်ပြိုင်ပွဲမှာ အေဂျက်ကို အနိုင်ရပြီး ချန်ပီယံ ဖြစ်ခဲ့ရင် ချန်ပီယံလိဂ် ဝင်ခွင့်ရမှာ ဖြစ်ပါတယ်။ ဒီနှစ် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဆန်းဒါးလန်း၊ မစ်ဒယ်ဘရော့နဲ့ ဟူးလ်စီးတီးတို့ တန်းဆင်းခဲ့ရပြီး လာမယ့်နှစ်အတွက် နယူးကာဆယ်နဲ့ ဘရိုက်တန်တို့ တန်းတက်ခွင့်ရခဲ့ပြီး ဟက်ဒါစဖီးနဲ့ ရီးဒင်း နှစ်သင်းထဲက တစ်သင်း တန်းတက်ခွင့် ရမှာ ဖြစ်ပါတယ်။ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းက သွင်းဂိုး (၂၉)ဂိုးနဲ့ ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင် ဖြစ်ခဲ့ပါတယ်။
နောက်ဆုံးပွဲစဉ်အထိ စိတ်လှုပ်ရှားစရာကောင်းခဲ့တဲ့ လာလီဂါ ပြိုင်ပွဲမှာတော့ ရီးရဲလ်က မာလာဂါကို (၂) ဂိုးပြတ် အနိုင်ယူပြီး ဘာစီလိုနာထက် (၃) မှတ် အသာနဲ့ ချန်ပီယံ ဖလား ဆွတ်ခူးခဲ့ပါတယ်။ ဒီရာသီ လာလီဂါ ပြိုင်ပွဲမှာ ရီးရဲလ်ရော၊ ဘာစီလိုနာပါ ဂိုး (၁၀၀) ကျော် သွင်းယူနိုင်ခဲ့ကြပါတယ်။ ရီးရဲလ်၊ ဘာစီလိုနာ၊ အက်သလက်တီကိုတို့ ချန်ပီယံလိဂ် တိုက်ရိုက်ဝင်ခွင့် ရခဲ့ပြီး ဆီဗီလာကတော့ ရှုံးထွက် အဆင့်ကနေ ကစားရမှာပါ။ ဂရန်နာဒါ၊ အိုဆာဆူနာနဲ့ ဂီဂျွန် အသင်းတွေ တန်းဆင်းခဲ့ရပြီး လီဗန်တေးနဲ့ ဂျီရိုနာတို့ တန်းတက်လာခဲ့ပါတယ်။ ကျန် တစ်နေရာအတွက်တော့ အသင်း လေးသင်း လုရမှာပါ။ မက်ဆီကတော့ သွင်းဂိုး (၃၇) ဂိုးနဲ့ လာလီဂါ ဂိုးသွင်းဘုရင် ဖြစ်ခဲ့သလို ဥရောပ ထိပ်တန်းလိဂ် ပြိုင်ပွဲ (၅) ရပ်လုံးမှာ ဂိုး အများဆုံး သွင်းယူနိုင်သူ ဖြစ်ခဲ့ပါတယ်။
တန်းတက်ကလပ် လစ်ဇစ် ခြေစွမ်း ကျဆင်းသွားပြီးရမှတ်တွေ ဆက်တိုက်လျော့ခဲ့လို့ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲရဲ့ ဒုတိယ ရာသီဝက်မှာ ဘိုင်ယန်မြူးနစ်က တစ်ကောင်တည်း ပြေးတဲ့မြင်း ဖြစ်ခဲ့ပါတယ်။ ဒီရာသီမှာ ရှုံးပွဲ နှစ်ပွဲသာ ရှိခဲ့ပြီး ဥရောပ ထိပ်တန်းလိဂ် ပြိုင်ပွဲ (၅) ခုမှာ ရှုံးပွဲ အနည်းဆုံးအဖြစ် စံချိန်တင်ခဲ့တဲ့ ဘိုင်ယန်ဟာ လစ်ဇစ်ကို ၁၅ မှတ်ဖြတ်ပြီး ဗိုလ်စွဲနိုင်ခဲ့တာပါ။ ဘိုင်ယန်၊ လစ်ဇစ်၊ ဒေါ့မွန်၊ ဟော့ဖန်ဟိမ်းတို့ ချန်ပီယံလိဂ် ဝင်ခွင့်ရခဲ့ပြီး ဒမ်စတက်နဲ့ အင်ဂိုစတက်တို့ကတော့ တန်းဆင်းသွားရပါပြီ။ ဝုဖ်ဘတ်ကတော့ ဘရွန်ရှဝှစ် အသင်းနဲ့ ရှုံးထွက်ပွဲစဉ် ကစားရမှာဖြစ်ပြီး ရှုံးရင် တန်းဆင်းရမှာဖြစ်ပါတယ်။ ဒေါ့မွန် တိုက်စစ်မှူး အူဘာမီယန်းကတော့ သွင်းဂိုး (၃၁) ဂိုးနဲ့ ဘွန်ဒက်စ်လီဂါ ဂိုးသွင်းဘုရင်ဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ လေးနှစ်ဆက်တိုက် လီဂူး-၁ ပြိုင်ပွဲမှာ ပီအက်စ်ဂျီ ဗိုလ်စွဲခဲ့ပေမယ့် ဒီနှစ်မှာတော့ မိုနာကိုက ပီအက်စ်ဂျီရဲ့ လွှမ်းမိုးမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ နည်းပြ ဂျာဒင်ရဲ့ မိုနာကိုဟာ ဒီရာသီမှာ ရှုံးပွဲ (၃) ပွဲသာ ရှိခဲ့ပြီး ရမှတ် (၉၅) မှတ်နဲ့ လီဂူး-၁ ဖလား ဆွတ်ခူးသွားခဲ့တာဖြစ်ပါတယ်။ မိုနာကို၊ ပီအက်စ်ဂျီတို့က ချန်ပီယံလိဂ် ဝင်ခွင့် တိုက်ရိုက် ရရှိခဲ့ပြီး နိစ်ကတော့ ရှုံးထွက် အဆင့်ကနေ ကစားရမှာဖြစ်ပါတယ်။ နန်စီနဲ့ ဘက်စ်တီယာတို့ တန်းဆင်းခဲ့ရပြီး လိုရီယန့်ကတော့ ရှုံးထွက်ပွဲစဉ် ကစားပြီး အဆုံးအဖြတ် ခံယူရမှာပါ။ ပီအက်စ်ဂျီ တိုက်စစ်မှူး ကာဗာနီကတော့ (၃၅) ဂိုးသွင်းနိုင်ခဲ့ပါတယ်။
စီးရီးအေ ပြိုင်ပွဲက တစ်ပွဲ ကစားဖို့ ကျန်နေပေမယ့် အမှတ်ပေးဇယား ထိပ်ဆုံးက ဂျူဗင်တပ်ဟာ ဒုတိယနေရာက ရိုးမားကို (၄)မှတ်ဖြတ် နိုင်ခဲ့တာကြောင့် ချန်ပီယံ ဖြစ်သွားခဲ့ပါပြီ။ ရိုးမားနဲ့ နာပိုလီ နှစ်သင်းထဲမှာ ဘယ်တစ်သင်းက ချန်ပီယံလိဂ် တိုက်ရိုက် ဝင်ခွင့်ရမလဲဆိုတာ နောက်ဆုံး ပွဲစဉ်က အဆုံးအဖြတ် ပေးမှာဖြစ်ပါတယ်။ ပါလာမိုနဲ့ ပက်စ်ကာရာ တန်းဆင်းဖို့ သေချာသွားပြီး ခရိုတိုနီနဲ့ အမ်ပိုလီ နှစ်သင်းထဲက တစ်သင်း တန်းဆင်းရမှာဖြစ်ပါတယ်။
Nz (ရိုးရာလေး)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment