Latest News

Sunday, May 28, 2017

တရားမ၀င် မြန်မာနိုင်ငံသား ၂၄ ယောက် ထိုင်းရဲတပ် ဖမ်းဆီး

တရားမ၀င်  မြန်မာနိုင်ငံသား ၂၄ ယောက် ထိုင်းရဲတပ် ဖမ်းဆီး

ထိုင်းနိုင်ငံထဲကို လူကုန်ကူးသူတွေကတဆင့် တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၄ ယောက်ကို် ထိုင်းနိုင်ငံ ကန်ချနဘူရီမြို့မှာ ထိုင်းလူဝင်မှုကြီးကြပ်ရေးအဖွဲ့နဲ့ ထိုင်းရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး မေလ ၂၆ ရက်နေ့ က ဖမ်းဆီးလိုက်ပါတယ်။

    ကန်ချနဘူရီမြို့ပြင် အဝေးပြေးလမ်းမမှာ ထိုင်းရဲတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့က သတင်းအရ စောင့်ဆိုင်း    စစ်ဆေးခဲ့ရာမှာ   ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်အထောက်အထား ဘာမှမရှိကြတဲ့ မြန်မာနိုင်ငံသား တွေကို ဖမ်းဆီးမိခဲ့တာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT အဖွဲ့ရဲ့ ဒါရိုက်တာ ဦးကျော်သောင်း ကတော့ ဒီလူကုန်ကူးသူတွေဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ထိုင်းလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့နဲ့ ဖမ်းဆီးနိုင်ခဲ့တဲ့ လူကုန်ကူးဂိုဏ်းအဖွဲ့က ဖြစ်တယ်လို့ ပြောပါတယ်။

"ကန်ချနဘူရီမှာ သူတို့တင်လာတာကို လမ်းမှာ မိတာ၊ လူကတော့ ၂၄ ယောက်။ သတင်းတွေမှာတက်တာက  လူတစ်ယောက်ကို (ဘတ်) ၈၀၀၀ ဖြစ်ပေမယ့် ကျနော်တို့ သိထားတာက အနည်းဆုံး တစ်သောင်းနှစ်ထောင် ကနေ နှစ်သောင်းအထိ ပေးရတယ်ဆိုတာ သိထားတယ်။ အဲ့ဒီလမ်းကြောင်းလည်း အမြဲတမ်းတင်ပို့နေတဲ့ လမ်းကြောင်းဖြစ်တယ် ဒါ့အပြင် အဲဒီလမ်းကြောင်းကနေပြီးတော့  မလေးရှားနယ်စပ်ဖက်ကို ထိ သွားတယ် အဲ့ဒါတွေကိုလည်း ကျနော်တို့က ဒီ ထိုင်းအစိုးရက လူကုန်ကူးမှုတိုက်ဖျက်ရေး DSI တို့ကို သတင်းပေးနိုင်ယုံ လောက်ပဲ ကျနော်တို့ လုပ်နိုင်တယ်။"

ကန်ချနဘူရီခရိုင်လူဝင်မှုကြီးကြပ်ရေးအဖွဲ့ရဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ လူကုန်ကူးခံခဲ့ရတဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံအတွင်း လာရောက်အလုပ်လုပ်ကိုင် နေထိုင်ခွင့် သက်သေစာရွက်စာတမ်းဘာမှ မရှိကြသလို ထိုင်းနိုင်ငံမှာ လာရောက်အလုပ်လုပ်ကိုင် ဖို့ အတွက် လူပွဲစားတွေကို တစ်ယောက်ကို ထိုင်းဘတ်ငွေ ရှစ်ထောင် စီး ပေးခဲ့ကြရတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံသားတွေကို ခေါ်ဆောင်လာတဲ့ ထိုင်းနိုင်ငံသား လူပွဲစားကတော့ ရဲတပ်ဖွဲ့က ရပ်တန့်စစ်ဆေးရာမှာ ချက်ချင်း မရပ်ဘဲ မောင်းပြေးပြီး   ကားနဲ့ မြန်မာနိုင်ငံသားတွေကို ထားခဲ့ပြီး ထွက်ပြေးလွတ်မြောက် သွားခဲ့တယ်လို့လည်း သိရပါတယ်။
(Photo credit: Aung Moe Myint-RFA)

No comments:

Post a Comment