အောင်မင်္ဂလာ အဝေးပြေးဝင်းတွင် ခိုးဝင်ဘင်္ဂါလီ ၁၁ ဦးကို ဖမ်းမိ
ရန်ကုန်၊ မေ ၁၇
မြန်မာပြည်အနှံ့ အဝေးပြေးယာဉ်လိုင်းများ ပြေးဆွဲလျက်ရှိသည့် မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာ အဝေးပြေးဝင်းတွင် မေလ ၁၅ ရက် ညပိုင်းက ပြည်ပသို့ ခိုးထွက်ရန် ကြံစည်နေသည့် ခိုးဝင်ဘင်္ဂါလီ အမျိုးသား ၁၁ ဦးကို လှည့်ကင်းရဲတပ်ဖွဲ့က ဖမ်းမိခဲ့ကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ယုနိုင်က ပြောကြားသည်။
အဆိုပါ ဘင်္ဂါလီများမှာ ရခိုင်ပြည်နယ် မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့မှ ရန်ကုန်မြို့ အတွင်းသို့ ပွဲစားအား အခကြေးငွေပေး၍ ခိုးဝင်ရောက်ရှိလာခဲ့ခြင်း ဖြစ်ပြီး အောင်မင်္ဂလာ အဝေးပြေးဝင်းမှ တစ်ဆင့် ပြည်ပသို့ ထွက်ခွာရန် ကြံစည်နေစဉ် လှည့်ကင်းရဲတပ်ဖွဲ့က ၎င်းတို့အုပ်စုကို မသင်္ကာသောကြောင့် စစ်ဆေးခဲ့သည်။
“သူတို့အဖွဲ့ကို စစ်ဆေးတော့ မြန်မာစကား မပြောတတ်ဘူး၊ ရခိုင်ဘက်က ခိုးဝင်လာတာ။ ပြည်ပကို ပို့မယ့် ပွဲစားကို စောင့်နေချိန်မှာ ဖမ်းမိခဲ့တာ။ ပွဲစားကိုတော့ လတ်တလော မမိသေးဘူး” ဟု ခရိုင်မှူး ဒုတိယရဲမှူးကြီး ယုနိုင်က ဆိုသည်။
ယင်းခိုးဝင်ဘင်္ဂါလီများကို မင်္ဂလာဒုံ မြို့မရဲစခန်းမှ လဝက အက်ဥပဒေ ပုဒ်မများဖြင့် အမှုဖွင့် အရေးယူထားပြီး ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူများကို ထပ်မံ ဖော်ထုတ်အရေးယူနိုင်ရန် စုံစမ်းစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
မေလ ၉ ရက်နေ့က မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မြယာကုန်းတွင် ခိုးဝင်ဘင်္ဂါလီများ ရောက်ရှိနေသည့် သတင်းနှင့် ပတ်သက်၍ ဝင်ရောက်စစ်ဆေးရာမှ လူစုလူဝေးဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး ယင်းဖြစ်စဉ်မှ သံဃာနှစ်ပါးနှင့် လူပုဂ္ဂိုလ်ငါးဦးကို မြို့နယ်တရားရုံးမှ ဖမ်းဝရမ်းထုတ်ခဲ့သည်။
The Voice
Subscribe to:
Post Comments (Atom)
No comments:
Post a Comment