Latest News

Wednesday, May 17, 2017

မြောက်ကိုရီးယားအား ကျောထောက်နောက်ခံပြုနေသည့်နိုင်ငံများကို အမေရိကန် သတိပေး

မြောက်ကိုရီးယားအား ကျောထောက်နောက်ခံပြုနေသည့်နိုင်ငံများကို အမေရိကန် သတိပေး

ကိုရီးယားကျွန်းဆွယ်အရေး တင်းမာမှုတွေ ဆက်ဖြစ်နေလို့ မြောက်ကိုရီးယားနဲ့ သူ့ရဲ့နျူကလီယား လက်နက် ရည်ရွယ်ချက်တွေကို ကျောထောက်နောက်ခံပြုနေတဲ့ နိုင်ငံတွေကို တုံ့ပြန်သွားမယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟေလီက သတိပေးလိုက်ပါတယ်။

အချို့နိုင်ငံတွေက ကုလသမဂ္ဂရဲ့ မြောက်ကိုရီးယားအပေါ် တရားဝင် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ကျင့်သုံးဖို့ ပျက်ကွက်နေကြတယ်လို့ သူမက ပြောလိုက်တာပါ။
ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အရေးပေါ်အစည်းအဝေးကြီးကို မေလ ၁၅ ရက်နေ့က ခေါ်ဆိုခဲ့ပြီး မြောက်ကိုရီးယားရဲ့ နောက်ဆုံးဒုံးကျည်စမ်း သပ်မှုကို လုံးဝရှုတ်ချကာ နောက်ထပ် ပိတ်ဆို့မှုအသစ်တွေ လုပ်နိုင်ကြောင်း သတိပေးခဲ့တာဖြစ်ပြီး အစည်းအဝေးအပြီးမှာ မစ္စနစ်ကီဟေလီက အခုလို ပြောလိုက်တာလို့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။

မြောက်ကိုရီးယားကတော့ မေလ ၁၄ ရက်နေ့က စမ်းသပ်လိုက်တဲ့ ဒုံးကျည်က အသစ်တိုးမြှင့် လုပ်ဆောင်ထားတဲ့ ဘယ်လစ်စတစ်ဒုံးကျည် ဖြစ်ပြီး ကြီးမားတဲ့ နျူကလီးယား ထိပ်ဖူးကို သယ်ဆောင်နိုင်တယ်လို့ ပြောပါတယ်။

အဲဒီအသစ် စမ်းသပ်ပစ်ခတ်ခဲ့တဲ့ ဒုံးကျည်က ၇၀၀ ကီလိုမီတာ (၄၃၅ မိုင်) အထိ သွားပြီး ပင်လယ်ရေမျက်နှာပြင်ထက် ကီလိုမီတာ ၂၀၀၀ အထိ သွားနိုင်ခဲ့ကာ ဂျပန်နိုင်ငံရဲ့အနောက်ဘက် ပင်လယ်ထဲကို ကျခဲ့တာပါ။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေး ကျင်းပတဲ့ မေလ ၁၆ ရက်မတိုင်ခင်မှာ မြောက်ကိုရီးယားကို ကျောထောက်နောက်ခံပေး နေတဲ့ နိုင်ငံတွေအနေနဲ့ ဆက်လုပ်နေတာကို ရပ်မလား နောက်ဆက်တွဲ ပြဿနာတွေကို ရင်ဆိုင်မလားဆိုပြီး မစ္စဟေလီက သတိပေးလိုက်တာပါ။

“အကယ်၍ ရှင်တို့ဟာ မြောက်ကိုရီးယားကို ထောက်ပံ့နေတယ်၊ ထောက်ခံအားပေးနေတဲ့ နိုင်ငံတနိုင်ဖြစ်ခဲ့ရင် ကျမတို့က တုံ့ပြန်အရေးယူသွားမယ်၊ ရှင်တို့ဘယ်လို နိုင်ငံတွေဖြစ်တယ်ဆိုတာ နိုင်ငံတိုင်းသိအောင် ကျမတို့က လုပ်မယ်၊ ပိတ်ဆို့မှုတွေကို ရှင်တို့ကိုပါ ဦးတည်လုပ်ဆောင်မယ်” လို့ ဂျပန်နဲ့ တောင်ကိုရီးယား ကုလသံတမန်တွေဘက်က ရပ်တည်ပြီး သတင်းထောက်တွေကို ပြောခဲ့တာပါ။
မြောက်ကိုရီးယားအစိုးရက သူရဲ့ နျူကလီးယားလက်နက်တွေနဲ့ ဘယ်လစ်စတစ်ဒုံးကျည် စမ်းသပ်မှုအားလုံးကို ရပ်ဆိုင်းမှသာ အမေရိကန်ဘက်ကလည်း မြောက်ကိုရီးယားနဲ့ တွေ့ဆုံဆွေးနွေးဖို့ စဉ်းစားမယ်လို့လည်း သူမကပြောပါတယ်။

မြောက်ကိုရီးယားအပေါ် ဦးတည်တဲ့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အသစ်ကို အမေရိကန်နဲ့ တရုတ်နိုင်ငံက အတူတကွ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ သူမက အတည်ပြု ပြောကြားလိုက်ပါတယ်။
မေလ ၁၅ ရက်က ထုတ်ပြန်ခဲ့တဲ့ သတင်းထုတ်ပြန်ချက်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံက မြောက်ကိုရီးယားအနေနဲ့ နောက်ထပ် ဘယ်လစ်စတစ်ဒုံးကျည် စမ်းသပ်မှုတွေ မလုပ်ဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။
ကုလလုံခြုံရေးကောင်စီက ၂၀၀၆ ခုနှစ်ကတည်းကစပြီး မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့တာပါ။
DVB

No comments:

Post a Comment