Latest News

Sunday, May 21, 2017

လာမည့်ရာသီ ဘွန်ဒစ်လီဂါတွင် အမျိုးသမီးဒိုင်လူကြီး ပထမဆုံးကိုင်တွယ်မည်

လာမည့်ရာသီ ဘွန်ဒစ်လီဂါတွင် အမျိုးသမီးဒိုင်လူကြီး ပထမဆုံးကိုင်တွယ်မည်

        လာမည့် ၂၀၁၇-၂၀၁၈ ရာသီ ဂျာမန်ဘွန်ဒစ်ပြိုင်ပွဲ၌ အမျိုးသမီးဒိုင်လူကြီးတစ်ဦးဖြစ်သူ ဘီဘီယာနာစတိုင်းဟော့စ် ပထမဆုံးအကြိမ် တာဝန်ယူကိုင်တွယ်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

 ဂျာမနီဘောလုံးအဖွဲ့ချုပ် (DFB) သည် လာမည့်ရာသီတွင် ဘွန်ဒစ်လီဂါပြိုင်ပွဲသို့ ရာထူးတိုးမြှင့်တာဝန်ထမ်းဆောင်ခွင့်ရသူ လေးဦးကို မေ (၁၉) ရက်တွင် ထုတ်ပြန်ကြေညာရာ အမျိုးသမီးရဲဝန်ထမ်းဖြစ်သည့် ဘီဘီယာ နာစတိုင်းဟော့စ်လည်း ပါဝင်လာခြင်းဖြစ်သည်။
      အသက် (၃၈) နှစ်ရှိပြီဖြစ်သည့် စတိုင်း ဟော့စ်သည် ၁၉၉၉ ခုနှစ်ကတည်းက အမျိုးသမီးဘွန်ဒစ်လီဂါပြိုင်ပွဲတွင် စတင်ကိုင်တွယ်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် ကမ္ဘာ့ဘောလုံးအဖွဲ့ ချုပ် (FIFA) အသိအမှတ်ပြု ဒိုင်လူကြီးဖြစ်လာခဲ့သည်။

      စတိုင်းဟော့စ်သည် ပြီးခဲ့သည့်ရာသီများတွင် ဘွန်ဒစ်လီဂါပြိုင်ပွဲ၌ အရန်ဒိုင် (စတုတ္ထဒိုင်) အဖြစ် ဆောင်ရွက်ခဲ့ပြီး လာမည့်ရာသီအတွက် ရာထူးတိုးမြှင့်ခံခဲ့ရသောကြောင့် ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲများ၌ ပထမဆုံး တာဝန်ယူ ကိုင်တွယ်ခွင့်ရသည့် အမျိုးသမီး ဒိုင်လူကြီးအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။

      နာမည်ကျော် အင်္ဂလန်ဒိုင်လူကြီးဟောင်း ဟောင်းဝပ်ဝက်ဘ်နှင့် ချစ်သူအဖြစ် လက်တွဲ နေသည့် စတိုင်းဟော့စ်သည် ၂၀၁၁ အမျိုး သမီးကမ္ဘာ့ဖလား ဗိုလ်လုပွဲနှင့် ၂၀၁၂ လန်ဒန် အိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ များကိုလည်း ကိုင်တွယ်ခဲ့ဖူးသူဖြစ်သည်။

Photos: Mirror
Eleven Sports

No comments:

Post a Comment