Latest News

Monday, May 15, 2017

ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအ၀င် ဒေသငါးခုရှိ မြို့နယ်အချို့တွင် ကျန်းမာရေးဌာနက ဆီးချိုသွေးချို လူနာများကို ရှာဖွေ၍ အခမဲ့ ဆေးကုသပေးမည်

ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအ၀င် ဒေသငါးခုရှိ မြို့နယ်အချို့တွင် ကျန်းမာရေးဌာနက ဆီးချိုသွေးချို လူနာများကို ရှာဖွေ၍ အခမဲ့ ဆေးကုသပေးမည်

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဦးဆောင်၍ ကနဦးအနေဖြင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး နှင့် မွန်ပြည်နယ်ရှိ မြို့နယ် ၁၀ မြို့နယ်တွင် ဆီးချိုသွေးချို လူနာများကို ရှာဖွေ၍ အခမဲ့ ဆေးကုသပေးမည် ဖြစ်ကြောင်း ဆေးတက္ကသိုလ် (၂)၊ ဆီးချိုနှင့် ဟော်မုန်းရောဂါ အထူးကုဌာနမှ ပါမောက္ခ ဒါက်တာကိုကို၏ ပြောကြားချက်အရ သိရသည်။

“မြန်မာတစ်နိုင်ငံလုံး အနေနဲ့ ဆီးချိုဖြစ်ပွားမှုနှုန်းက ၁၀ ဒသမ ၅ ရာခိုင်နှုန်း အထိရှိပြီး မြင့်နေတယ်။ ဒီအခမဲ့ ဆေးကုသပေးမယ့် အစီအစဉ်က ကျန်းမာရေး ၀န်ကြီးဌာနရယ်၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရယ်၊ အီးယူကလာတဲ့ အဖွဲ့တစ်ခုရယ်ပေါင်းပြီး လုပ်မှာပါ။ ကနဦးအနေနဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းမှာ မြို့နယ် ၁၀ မြို့နယ်ကိုရွေးတယ်။ အဲဒီနေရာတွေမှာ တာဝန်ကျနေတဲ့ သူနာပြု ဆရာမတွေ၊ သားဖွားဆရာမတွေက ရွာတွေအထိဆင်းမယ်။ ဆေးခန်းတွေဖွင့်မယ်။ လူနာတွေကို အလကား ကုပေးမယ်။ သွေးတိုးနဲ့ ဆီးချိုကို အဓိကစစ်မယ်။ တွေ့ရင်ကုပေးမယ်။ လိုရင်လွှဲပေးပါမယ်။ မြို့နယ် ဆရာဝန်ကြီးတွေကို အခု မတ် ၁၄ ရက်ကစပြီး သင်တန်းပေးမယ်။ မြို့နယ်ဆရာဝန်တွေက သူတို့မြို့နယ်ကို ပြန်သွားမယ်။ သူတို့မှာရှိတဲ့ သားဖွားဆရာမတွေ အားလုံးက ရွာတွေမှာ ဆီးချိုသွေးချိုလူနာကို လိုက်ရှာပြီး ကုသမှုပေးဖို့ စီစဉ်ထားပါတယ်။ ဆေးကုဖို့အတွက် ၀န်ကြီးဌာန အနေနဲ့ အားလုံးစီစဉ်ပြီးပြီ။ သွေးချိုတိုင်းတဲ့ ကိရိယာ ၂၀၀၀၀ ကျော်၊ သွေးဖောက်ကိရိယာ နှစ်သန်းလောက် ၀ယ်ပြီးသွားပါပြီ” ဟု ဆေးတက္ကသိုလ် (၂)၊ ဆီးချိုနှင့် ဟော်မုန်းရောဂါ အထူးကုဌာနမှ ပါမောက္ခ ဒေါက်တာကိုကိုက ပြောကြားသည်။

ဆီးချိုသွေးချိုရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်သော နှလုံးသွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်း၊ ခြေထောက်ဖြတ်ရခြင်း၊ မျက်စိကွယ်ခြင်း၊ သက်တမ်းမစေ့မီ သေဆုံးခြင်းတို့ကြောင့် ရောဂါကာကွယ်ကုသ ထိန်းချုပ်ခြင်းကို အမျိုးသားရေးအသွင်ဖြင့် ဆောင်ရွက်လျက် ရှိကြောင်းနှင့် ပြည်တွင်း၌ ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားမှုနှုန်း တစ်ရှိန်ထိုး မြင့်တက်နေခြင်းကြောင့် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ တစ်နိုင်ငံလုံးအဆင့် အရှိန်မြှင့် လုပ်ဆောင်ရန် လိုအပ်နေကြောင်း သိရသည်။

ဆေးသုတေသန ဦးစီးဌာနမှ မကူးစက်တတ်သော ရောဂါများ ဖြစ်စေတတ်သော အကြောင်းအရာများကို နိုင်ငံတစ်ဝန်း လေ့လာမှု ပြုလုပ်ခဲ့ပြီး မြို့နယ်ပေါင်း ၅၂ မြို့မှ အသက်၂၅ နှစ်မှ ၆၄ နှစ်ရှိသော လူဦးရေပေါင်း ၈၇၅၇ ဦးကို လေ့လာသုတေသန ပြုလုပ်ခဲ့ကြောင်း၊ လေ့လာချက်မှ ရရှိသော အချက်အလက်အချို့ကို အသုံးပြု၍ တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သော ဆီးချိုသွေးချို ဖြစ်ပွားမှုနှုန်းများကို တင်ပြခဲ့ခြင်း ဖြစ်ကြောင်းနှင့် လေ့လာမှုများအရ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆီးချိုသွေးချို ဖြစ်ပွားမှုနှုန်းမှာ နိုင်ငံလူဦးရေ၏ ၁၀ ဒသမ ၅ ရာခိုင်နှုန်းခန့်အထိ ရှိနေကြောင်း သိရသည်။

အမျိုးသားများတွင် ရောဂါဖြစ်ပွားမှုမှာ ၉ ဒသမ ၁ ရာခိုင်နှုန်းခန့်ရှိပြီး အမျိုးသမီးများတွင် ၁၁ ဒသမ ၈ ရာခိုင်နှုန်း ဖြစ်ပွားနေကြောင်း၊ အမျိုးသားများတွင် ရောဂါဖြစ်ပွားမှုနှုန်းသည် ၂၅-၃၄ နှစ်အုပ်စုတွင် ၃ ဒသမ ၆ ရာခိုင်နှုန်းရှိရာ အသက်ကြီးရင့်သည်နှင့်အမျှ ဖြစ်နှုန်းမြင့်သွားရာ ၅၅-၆၄ နှစ် အုပ်စုတွင် ၁၉ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်တက်လျက် ရှိကြောင်းနှင့် အမျိုးသမီးများတွင် ၂၅-၃၄ နှစ်အုပ်စုတွင် ၄ ဒသမ ၅ ရာခိုင်နှုန်း၊ ၅၅-၆၄ အုပ်စုတွင် ၂၃ ဒသမ ၇ ရာခိုင်နှုန်းအထိ မြင့်တက်လျက်ရှိကြောင်း သိရသည်။

ဆီးချိုသွေးချို ဖြစ်ပွားခါနီး ရောဂါအစပျိုးနေသည့် အခြေအနေသည် တစ်နိုင်ငံလုံးတွင် ရာခိုင်နှုန်း ၂၀ နီးပါးခန့် ရှိနေခြင်းကြောင့် ရောဂါဖြစ်ပွားသူဦးရေ ယခုထက် ပိုမိုလာနိုင်ခြေ ရှိနေကြောင်းနှင့် သုတေသန တွေ့ရှိချက်များအရ မြန်မာနိုင်ငံတွင် ဆီးချိုသွေးချို ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို နိုင်ငံအဆင့် အရှိန်ပြင်းပြင်းနှင့် တိုးချဲ့လုပ်ဆောင်ရန် လိုအပ်နေကြောင်း ကျန်းမာရေးဆိုင်ရာ သုတေသန ပညာရှင်များက ဆိုသည်။

Eleven Media Group

No comments:

Post a Comment