Latest News

Saturday, May 13, 2017

လွှတ်တော်အမတ်အချို့ ဥပဒေချိုးဖောက်နေတယ်လို့ သတင်းစာရှင်းလင်း

လွှတ်တော်အမတ်အချို့ ဥပဒေချိုးဖောက်နေတယ်လို့ သတင်းစာရှင်းလင်း

လှိုင်မြို့နယ်က လက်ရှိ လွှတ်တော်အမတ်အချို့ဟာ အခွန်တိမ်းရှောင်မှုနဲ့ ဥပဒေချိုးဖောက်မှုတွေကို ပြုလုပ်နေတယ်လို့ လှိုင်မြို့နယ်မှာ နေထိုင်တဲ့ ဦးမင်းထက် ခေါ် ဇရာဝန် က ဒီကနေ့ ရန်ကုန်မြို့၊ မြို့တော်ခန်းမအနီးက City Star ဟိုတယ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဥပဒေကို ရေးဆွဲသူတွေကိုယ်တိုင် ဥပဒေချိုးဖောက်နေတာဖြစ်လို့ အခုလို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်တင်ပြရတာဖြစ်ပြီး နောက်ထပ်လည်း ဆက်တိုက်ဖော်ထုတ်သွားမယ်လို့ ဦးမင်းထက်(ခ)ဇရာဝန် ကပြောပါတယ်။

အဲဒီကိစ္စကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ဆီကို စာပေးပို့တိုင်ကြားပေမယ့် ထူးခြားမှု မရှိဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

လှိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦး အနေနဲ့ ၄င်းဖွင့်ထားတဲ့ A&P ယမကာပစ္စည်းအရောင်းဆိုင်ရဲ့ ရောင်းရငွေအပေါ် အခွန်တိမ်းရှောင်ထားတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ဦးမင်းထက်က ရှင်းလင်းခဲ့ပါတယ်။

ဒါ့အပြင် လှိုင်မြို့နယ်၊ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေးရဲ့ ပြည်လုံးချမ်းသာရတနာရွှေဆိုင်မှာလည်း ကုန်သွယ်ခွန်မကောက်ခံဘဲ ရောင်းချနေတယ်လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး လှိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အောင်ကျော်ကျော်ဦး ကတော့ သူ့ဆိုင်ဟာ လိုင်စင်နဲ့ ဖွင့်ထားတဲ့ ဆိုင်ဖြစ်ပြီး ဝင်ငွေခွန်လည်း ဆောင်ထားတယ်လို့ ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲပြုလုပ်တဲ့ ဦးမင်းထက်က ၁၉၈၈ ကနေ ၂၀၁၅ ခုနှစ်အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ပြီး ပါတီမှနှုတ်ထွက်ခဲ့ကာ လက်ရှိမှာတော့ မည်သည့်အဖွဲ့အစည်းကိုမှ ကိုယ်စားမပြုတော့ဘဲ ပြည်သူတစ်ဦးအနေနဲ့ တာဝန်ရှိလို့ အခုလုပ်တာလို့ ပြောပါတယ်။

Photo: Thant Zin OO/RFA

No comments:

Post a Comment