အချစ်ရဲ့ အရသာ
(အမရာ-ဆေး-၁)
တကယ်တော့ ယောကျာ်းမယူ ခင်အထိ အရသာအစုံ မသိခဲ့ပါ ဘူး။ အရသာဆိုတာလည်း ဒီလောက်ကြီးကျယ်ထွေပြား ဆန်းကြယ်လှချည်ရဲ့လို့ မသိခဲ့ရိုး အမှန်ပါ။ ယောကျာ်းယူပြီးမှပဲ လောကရဲ့ တွေးတောကြံစည် မျှော်ရည်မှန်းမရနိုင်တဲ့ အရသာ တွေအကြောင်း တဖြည်းဖြည်း သိလာရပါတယ်။
တခြားတော့ မတွေးကြပါနဲ့။
" ယောကျာ်းမယူခင်အထိ" ဆိုတာ အလွယ်ပြောလိုက်တာပါ။
တကယ်တော့ အချစ်နဲ့ မတွေ့ခင်အထိ လို့ ပြောရမှာ။ သည့်ထက်ပိုပြီး တိတိကျကျပြောရရင် အသည်းပေါက်မတတ် ချစ်ရသူတွေ အနားမှာရှိမလာခင် အထိလို့ပြောရမှာ။
အချစ်ဆိုတာအမျိုးမျိုးလေ။
အသည်းပေါက်မတတ် ချစ်ရ သူနဲ့အတူနေပြီး လောကရဲ့ ဆန်းကြယ်သော ချစ်ခြင်းမေတ္တာ ရသစုံတွေ စိတ်ကြိုက်မှုန်းသီ ကကြိုးချီရင်းနဲ့မှ ကိုယ့်ချစ်သူတွေကို ပေးဖို့ချည်းပဲ ကြိုးစားလုံးပမ်းရင်း အချစ်ရဲ့ အရသာတွေအကြောင်း ရင်သပ်ရှုမော ပြောစရာတွေက များပြီးရင်း များလာတော့တာပေါ့။
အချစ်ဆိုလို့ မိဘမောင်နှမ တွေရော မွေးကတည်းကအတူ နေလာရတာ သူတို့နဲ့နေတုန်းက မသိခဲ့ဘူးလားလို့ မေးချင်စရာ ပါပဲ။
အရိုးသားဆုံး ဝန်ခံရရင်တော့ အချစ်ရဲ့အရသာဟာ ကိုယ်က သူများကို ချစ်တဲ့အခါမှာပဲ ပိုလို့ သက်ဝင်နိုးကြား လှုပ်ရှားပီပြင် ခုန်တဲ့ရင်တွေဟာလည်း အတော မသတ် ပြောမပြတတ်အောင် လှိုက်ဖိုဝပ်စင်း ပေးပြီးရင်းပေးချင် ရောလေ။
လောကမှာ ကိုယ်က ပြန်ပေး စရာမလိုတဲ့သူတွေနဲ့ ကိုယ်က လိုလိုချင်ချင် ပြန်ပေးရတဲ့သူတွေ ရယ်လို့ရှိစမြဲပါ။ သူများဆီက ယူရတဲ့အခါ ဘာမှအထူးတလည် ကြံစည်ခံစား တုန်လှုပ်ထူးခြားနေ တယ်ရယ်မရှိပါဘူး။ ကိုယ်က အူလှိုက်သည်းလှိုက် ပြန်ပေးရတဲ့ အခိုက်မှာတော့ ဝေဒနာရောင်စုံ ဖြာပြီပေါ့။
အမေတို့က အရာအားလုံး ကိုယ့်ကိုပေးခဲ့တာလေ။ လူမှန်း မသိခင်ကတည်းက ကိုယ့်ကို လောကထဲ ကြီးပြင်းကျင်လည်စေ ရင်း ငယ်ဘဝအချိန်အတော် များများဟာ ကိုယ့်ကိုသာ သူတို့က ပေးခဲ့တာ။
သူတို့ကို မချစ်ဖူးလားဆို တော့ ချစ်တာပေါ့။ ဒါပေမဲ့ လိုအပ်လို့ ကိုယ်ကပြန်ပေးရသည့် တိုင် အထူးတလည် ဆန်းကြယ် တုန်လှုပ်မနေတော့ပါဘူး။
တစ်သက်လုံး အမေချက် ကျွေးတာ စားလာပြီး ကိုယ်က ပြန် ကျွေးတော့ သူတို့ကလည်း အရေး တယူ လုပ်တယ်မဟုတ်၊ ကိုယ်က လည်း အမည်ခံသာလုပ်ကြည့်တာ၊ အိုးနင်းခွက်နင်း၊ ကမောက်ကမနဲ့။
ယုတ်စွအဆုံး ကိုယ်ချက်ကျွေးမယ် ကြံတဲ့ ဟင်းလေးတစ်ခွက်ဟာ တောင် အကြီးအကျယ် စပ်ဟပ် ပြင်ဆင်လို့ မဆုံးနိုင်အောင်ပေါ့။
ကိုယ်တို့ချက်တယ်ဆိုတဲ့ ဟင်းတွေဆိုတာမျိုးကလည်း ဗိုက် ပြည့်ပြီးရော ချက်ထားတာတွေမို့ ဘယ်လောက်များ ထူးထူးခြားခြား ရင်ခုန်လှုပ်ရှား ဖမ်းစားနိုင်မှာ မို့လို့လဲ။
ပိုဆိုးတာက အဲဒီ အသည်း ပေါက်မတတ် ချစ်ရသူနဲ့ အတူ နေရာက နှစ်ယောက်လုံးရဲ့ သက်ရှိ ကိုယ်ပွား ရင်သွေးရတနာလေး ရလာတော့ အို- အသည်းပေါက် မတတ်ချစ်ရတယ်ဆိုတာ ဘာ ဟုတ်သေးလို့လဲ။ ခုမှရလာတဲ့ တစ်ဦးတည်းသော ရင်သွေးလေး ကို ဘယ်နားသွားထားရမှန်း မသိအောင်ကို ချစ်တာ။
တကယ်ချစ်လာရင် ဘယ်လို ပြောရမှန်းတောင် မသိအောင်ကို တုန်နေအောင်ချစ်တော့တာ။
ချစ်တယ်လို့ စကားအဖြစ် ပြောရ တာတောင် လုံလောက်ပြီ ထင်ချင် တာ မဟုတ်ဘူး။
ဒီအခါမှာလည်း ချစ်ရုံနဲ့မပြီး တော့ဘူးလေ။ ကိုယ်မွေးထားတဲ့ ရင်သွေးလေးက ပါးစပ်ပေါက်ပါ တယ်။ ကြီးပြင်းဖွံ့ထွား လောက ထဲ တိုးဝင်ရှင်သန်ဖို့ အချိန်တန် ကျွေး ပြုစုလုပ်ကျွေးစရာတွေ ပါလာပြီ။
ကိုယ့်အလှည့်တုန်းက မိဘ တွေဆီကယူခဲ့၊ မိဘအရိပ်ကို ခိုခဲ့ တာပါပဲ။ ကိုယ်ကပြန်ပေးရတဲ့ အခါမှာတော့ သူတို့အတွက် ဖန်တီးစီရင်အပ်တဲ့ ထမင်းပွဲလေး တစ်ခုဟာ သူတို့တွေကို ချစ်တဲ့ အချစ်တွေနဲ့ ထိတွေ့လှိုက်ဖြာ အရသာတွေ ထူးခြားဆန်းကြယ် လို့သာ နေလေတော့ရဲ့။
ဒါဟာ တစ်ဖက်သားကို အူလှိုက်သည်းလှိုက် ချစ်ခင်မြတ်နိုး တန်ဖိုးစွမ်းကုန် တုံ့ပြန်နှောင်ဖွဲ့ပြီ ဆိုမှ ဖြာဝေသက်ဝင်လာတော့ တာ။
ဒါကြောင့် အချစ်ရဲ့ အရသာ ဆိုတာ ချစ်သူတွေကို ပြန်လည်ပေးဆပ်ရပြီ ဆိုတဲ့အခါ ကျမှ ထူးခြားဆန်းကြယ်လှချည်ရဲ့ လို့ သိမ့်သိမ့်ရင်မှာ ခိုက်တော့တာ။
အို...။
ဒါလည်း တလွဲအဓိပ္ဗာယ် မကောက်ကြပါနဲ့။
လောကမှာ စေးကပ်ညစ်ထပ် သော အချစ်တွေဟာ တကယ့် အရသာတွေနဲ့ ချိုမြိန်ကြတာ မဟုတ်ဘဲ စွဲလမ်းချစ်ခင်မှု အညစ် အထေးများကို လွန်မြောက် ကျော်ဖြတ်ရင်း အကြီးမားဆုံး မေတ္တာထုထည်တွေ ရစ်ပတ် နှောင်ဖွဲ့သက်ဝင်လာတဲ့အခါ အချစ်အရသာ အလျဉ်တွေဟာ လည်း တသွင်သွင် ဆန်းပြား ခမ်းခမ်းနားနား ချိုမြရက်ယှယ် အသွယ်သွယ်သော ရသအဖုံဖုံနဲ့ အမျိုးမျိုးအစုံစုံ၊ မကုန်မခြောက် မဖောက်မပြန် အမှန်ပင် ဖမ်းစား နိုင်ပါပေရဲ့။
ဆိုချင်တာကတော့ ငယ်စဉ် က မိဘရင်ခွင်မှာ အပူပင်မရှိ၊ အကုန်အစင်မသိ၊ ဖြူစင်ပကတိ ကလေး အသိလေးနဲ့ အမေ ချက်ကျွေးတာစား ချေးများချင်များ အချိန်တန်လို့သာ စားလိုက်သောက် လိုက် ဒီလောက်ကြိုက်လှတယ်လို့ လည်း အာရုံမထား၊ လျှာဖျားမှာ တင်တဲ့ အရသာ အတူတူ ဘာမှ မကွာသလို၊ အထူးလည်း ပိုလို့ မကြောင့်မကျ အမေတို့ချက်သမျှ ဒါက ဒါပါပဲလို့ မီးဖိုဆိုတာ ကိုယ်နဲ့ လားလားမှ မဆိုင်တဲ့နေရာလို အထူးတလည်လည်း စိတ်မဝင်စား၊ အလိုလို အစားတွေထွက်လာတဲ့ နေရာအလား ပြေးလားလွှားလား ကစားကွင်းသာသာသာ သဘော ထားခဲ့တော့ အရသာဆိုတာတွေ လည်း အလေးအနက်ထားစရာ မဟုတ်ခဲ့၊ အတွေးထက် အခြားဟာတွေသာ ရှုပ်ခဲ့။ တကုတ်ကုတ် မလှုပ်သာတဲ့ စာကြည့်စားပွဲနဲ့ ကျောင်းစာသင်ခန်းတွေသာ အဟုတ်ထင်ခဲ့ပေါ့။
အဲဒီလို ထမင်းတစ်ပွဲဆိုတာ စာမေးပွဲတစ်ခုထက် ပိုအရေးမကြီး တဲ့ဘဝမှာ သူတကာတွေထက် အပိုအရသာအသစ်ဆန်းတွေတော့ မြည်းစမ်းကြုံတွေ့ဖူးပါရဲ့။
ဥပမာ-လူတိုင်းမကျွမ်းကျင် မတတ်မြောက်ခဲ့တဲ့ ပန်းချီတွေ ရေး တာ၊ စာတွေ ကဗျာတွေ ဖွဲ့တာ နွဲ့တာ၊ ကျောင်းစာပြင်ပ တခြား အရသာ၊ နယ်ပယ်အစုံ၊ ကိုယ်ပါလို့ ရသမျှ အကုန်ပေါ့။
ဒါပေမယ့် တစ်သက်လုံး အမေကျွေးသမျှ မပူရ မပင်ရ၊ ပေါ့ပေါ့လေးစားသောက် အချိန် ကုန်၊ အရသာဆိုတာလည်း စုံလှပြီထင်ခဲ့ချိန်တွေမှာ အရသာ ဆိုတာ လျှာဖျားကသာ လာတာ မဟုတ်၊ ရင်ထဲအသည်းထဲက ပူနွေး ဆူပွက်လျှံတက်လာတာ။
တကယ့်တကယ်။
အရွယ်အလိုက် ချစ်ကြိုက်သူ တွေ့၊ လောကကိုမေ့ချိန်။ ခပ်မှိန် မှိန် အရေးမပါခဲ့တဲ့ အမေ့ရဲ့ ထမင်းဟင်းတွေ စတင်ကြိုးစား သိနားလည်စယပြု၊ အရသာတစ်ခု ကို စူးစမ်းချိန်ရောက်ခဲ့ပေါ့။
အခုပဲကြည့်လေ။
အကြာကြီးခွဲနေရတဲ့ သမီးလေး ကိုယ့်ရင်ထဲ ခဏပြန်လာခိုက် သမီးကြိုက်တာတွေသာ ခေါင်းထဲ မှာ သိမ်းကြုံးနေရာယူ သူမတူ အောင် ပြင်ဆင်ချက်ပြုတ် အရသာလေး တစ်လုတ်အတွက် အသက်တောင်မရှူအား ချက်ပြုတ် ထားလို့ကို မဆုံးနိုင်အောင်ပါပဲ။
ဟင်းတစ်ခွက်ကို ချက်တယ် ဆိုတာ ဖြစ်သလို ပစ်ထည့်လိုက်ပြီး ချက်လည်းရတာပဲ။ အဲဒီဟင်းကိုပဲ စိတ်ရှည်လက်ရှည် အနုစိတ်လေး စိတ်ကူးထဲမှာ စီကာစဉ်ကာ တွေးဆဟပ်စပ်ပြီး မီးလေး အတိုး အလျှော့ အဖုံးပိတ်တာ ဖွင့်တာ ရေကိုတစ်ခါတည်း အများကြီး ပေါလောထည့်မထားဘဲ အချိန် အဆနဲ့ နည်းနည်းချင်းထည့် စိတ်ရှည်လက်ရှည် ဆီပြားနှံ့ပြီး ဟင်းနံ့လေး မွှေးလာအောင် မွှေ ရင်း ဟင်းအနံ့လေးကို ရင်ထဲထိ ရှူရှိုက်အနံ့လေးကို အရင် အရသာ ခံ၊ မြင်ရတဲ့ဟင်းရဲ့ အရောင် အဆင်း အဆီအနှစ်ပုံပန်းသဏ္ဌာန် လေးကို မျက်မှန်းနဲ့ အရသာခံ၊ ပြီးမှ လျှာဖျားလေးပေါ် မြည်းစမ်း အရသာခံ၊ အဲဒီလို ဟင်းတစ်ခွက် ကို ရင်ထဲမှာ အရင်စီစဉ် စိတ်ကူးနဲ့ ပြင် အမြင်နဲ့ ပုံပန်းအရသာမှန်း၊ စိတ်ကူးနဲ့ တစ်လျှောက်လုံး ဆင်ပြင် စပ်ဟပ်အရသာဖော် အနံ့လေးကို ကိုယ်လိုသလိုမွှေးပျံ့ လာတဲ့အထိ နှာခေါင်းနဲ့ပါ ချက်၊ အရောင် အနံ့အရသာ ပုံသဏ္ဌာန်၊ အပြင်အဆင်အရောင်အတွဲအစပ် ထည့်တဲ့ ပန်းကန်ပုံသဏ္ဌာန်၊ ဟင်းထည့်ပုံ အပြင်အဆင် အရန် အတွဲအဖက်အထား၊ စားပွဲ ဘယ် နေရာမှာ ဘယ်ပန်းကန် ဘယ်လို ထားမယ်ကအစ ထမင်းပွဲလေး ကြည့်လိုက်တာနဲ့ စားချင့်စဖွယ် အသိုင်းအဝိုင်း အရောင်အဆင်း၊ ဖိတ်ခေါ်ဖြားယောင်းနေတဲ့ အနံ့ အကြိုင်အလှိုင် အစိမ်းအစို အလတ်အဆတ်၊ အနူးအညံ့ အရသာ အတွဲအဖက်၊ လျှာပေါ် ရောက်တဲ့အခါ လျှာရဲ့အရင်းပိုင်း အထိ အဆင်ပြေ ထိထိရှရှ အသည်း ခိုက်အောင် စွဲလိုက်သလို တစ်ခဏ အရာအားလုံးမေ့ပြီး ကမ္ဘာပေါ်မှာ ဒီအရသာမှတစ်ပါး ဘာမှမရှိတော့ သကဲ့သို့ မူးမေ့ယစ်မြော အရသာ တောကနေ ရုန်းထွက်ဖို့တောင် မေ့သွားအောင် ချက်ပြုတ်ပြင်ဆင် ပေးရင်လည်း ဖြစ်တာပဲ။
ကိုယ်ကတော့ ဟင်းကို လှီးဖြတ်ထွင်ပြင်တာက အစ၊ ဆားပြားဟင်းခတ် နယ်ဖတ် နှပ် ထားတာကအစ စိတ်ရှည်လက်ရှည် ပြင်ဆင်ထား၊ ချက်တဲ့ အိုးရွေးတာ ကအစ ဆီသတ်တာ၊ ဟင်းအိုးထဲ ကို ဟင်းမွှေဖို့ယောက်မ၊ ဇွန်း ရွေးတာ၊ ဆီသတ်ချက်မလား၊ တစ်ခါတည်း လုံးချက်မလား၊ အရင်ကြော်ပြီးမှ ချက်မလား၊ဘာမှ မပါဘဲ အရင်အညှီတွေထွက် အောင် အိုးပူတိုက်လှော်မလား၊ ဆီပူပူမှာ ရှဲခနဲ မီးပြင်းတိုက် ကြော် မလား၊ အရည်စပ်စပ်လေး နူး အောင် မီးအေးအေးနဲ့ နှပ်ထား မလား။ နောက်ဆုံး နံနံပင်အုပ်ဖို့ တောင် စိတ်ရှည်လက်ရှည် ရိတ် ရိတ်လှီးထားတဲ့ နံနံပင် ငရုပ်သီး အုပ်မလား၊ အခက်ရှည်ခွေချထား တဲ့ နံနံပင်အုပ်ရမလား။ အဲဒီလို အနုပညာရသလေးတစ်ခုခု အနု စိတ်လေးကြွတက်နေအောင် ချက်ချင်တာ။
တကယ်တော့ ဟင်းလေး တစ်ခွက် ချက်တာတောင် ကောင်း စေချင်တဲ့ စေတနာလေးနဲ့ စိတ်ရှည် လက်ရှည် ပြင်ဆင်စပ်ဟပ် စားချင့် စဖွယ် လှော်ခပ်ကြော်နှပ် အရောင် အဆင်း အဆင်အပြင်ကအစ အနု ပညာမြောက်အောင် ချက်ပြုတ် ကျွေးမွေးရတာကို ကြိုက်တယ်။
နောက်ပိုင်းမှာ စိတ်ကိုလွှတ် မထားဘဲ ထိတာကိုင်တာ စိတ်ကူး တာကအစ အသေးစိတ် သတိ အမှတ်လေးနဲ့ ရသမျှ လိုက်မှတ် နေလည်း ပြီးပြီးရောမချက်ဘဲ အရသာရှိ အာဟာရမျှ ကိုယ်ချက် တာလေးတွေစားပြီး ချမ်းသာကြ ပါစေဆိုတဲ့ ကြည်လင်အေးမြတဲ့ စေတနာကုသိုလ်ဖြူ မေတ္တာ ဟင်းခတ်မွှေးကြူကြူနဲ့ ကြည်ကြည် နူးနူး ဟင်းလေးတွေ ချက်ကျွေး တတ်လာပါတယ်။
တစ်သက်လုံး စာပဲကုန်းကျက် ပြီး တစ်သက်လုံး မီးဖိုထဲ တစ်နာရီ ပြည့်အောင်မနေ၊ ဟင်းတွေ ဘာဆို ဘာမှမချက်တတ်ပေမဲ့ အိမ်ရှင်မ ဖြစ်လာတဲ့အခါ အိမ်ဟာ ကိုယ့်ကို ရှင်သန်ဖေးမပေးရာ အသိုက်အမြုံ၊ ကိုယ်ဟာလည်း အိမ်ကို ကိုယ့် ကမ္ဘာလေးတစ်ခုလို ရှင်သန်ထူမ ပေးရတဲ့ အိမ်ရဲ့အရှင်သခင်မ ပီသချင်လာတယ်။
ဒါနဲ့ပဲ ကိုယ့်ဘဝရဲ့ နံနက် နိုးထထချင်း အချိန်တစ်ပိုင်းလုံး ဟာ ကိုယ့်မီးဖိုလေးထဲမှာ လှုပ်ရှား ချက်ပြုတ် အမွန်မြတ်ဆုံး ဟင်း တစ်ခွက်ကျက်တာနဲ့ ဦးဆုံး ဘုရားခန်းသန့်ရှင်း၊ ဆွမ်း၊ ရေ၊ ပန်း၊ ဆီမီးအပြည့်အစုံနဲ့ လင်းကျင်း ရှင်းသန့် မွှေးရနံ့အစုံ၊ ရောင်ခြည် တော်အစုံ၊ သပ္ပာယ်တင့်တယ် ကြည်ညိုဖွယ် သက်တော်ထင်ရှား မြတ်စွာဘုရားကိုယ်တော်တိုင် စံနေ တော်မူသကဲ့သို့ ရည်စူးကပ်လှူ၊ ပဌာန်းအဓိဌာန် ရွတ်ဖတ်ပူဇော်၊ ရတနာသုံးပါး ရည်စူးကပ်လှူ၊ ကျေးဇူးရှင် မိဘနှစ်ပါး ဆရာသမား များ ရည်စူးကန်တော့ ကုသိုလ်များ ထပ်တူမျှဝေ။
ပြီးတာနဲ့ ကျန်ဟင်းအမယ် ဖွယ်ဖွယ်ရာရာ ဆက်ပြင်ဆင်ချက် ပြုတ်။ ထမင်းဟင်းခူးခပ် ကျွေးမွေး ရင်တော့ ကိုယ့်လင်ကိုယ့်သား ဆိုတဲ့ တဏှာကန့်လန့်ကာ အတတ် နိုင်ဆုံးခွာ သံသရာခရီးသွား အချင်းချင်း ကြုံဆုံရတဲ့အခိုက် စေတနာသန့်သန်လေးနဲ့ ကြည်ကြည် ဖြူဖြူ ပကတိချမ်းသာကြပါစေ ဆိုတဲ့ ဘာမျှော်ကိုးချက်မှ မပါတဲ့ မေတ္တာအအေး မျှဝေလွှမ်းခြုံ ရမယ်ဆိုတဲ့ယောဆရာတော်ဘုရား ကြီး ဆုံးမတော်မူတဲ့တရားအတိုင်း စိတ်ကြည်ကြည်နဲ့ တဏှာအညှီ မပါအောင် ပြင်ဆင်ကျွေးမွေး။ [ဒါနဲ့တောင် သမီးလေးဘာကြိုက် တာဆိုတဲ့ အစွဲကအားကြီးနေသေး...]
ကဲ..။
ဒီနေ့တော့ သမီးနဲ့ကိုယ်က သက်သတ်လွတ်ဆိုတော့ အားလူး အချောင်းထူထူလေးတွေ ခပ်ကြွပ် ကြွပ်ကြော်ထားတာရယ်၊ မှိုကန်စွန်း ကြော်လေးရယ်၊ မန်ကျည်းရွက်နုနု လေးတွေ စိတ်ရှည်လက်ရှည် ထွင် ထားတာကို မြေပဲမွှေးမွှေး ကိုယ်တိုင် ထောင်းလေးနဲ့ ဆား၊ ဆီစိမ်းမွှေး မွှေးရောနယ်ပြီးမှ ကြက်သွန်စိမ်း ပါးပါးလှီးထည့်၊ နှမ်းလေး အိုးကင်း တိုက်မွှေးအောင် လှော်ထားတာ လေး ဖြူး၊ ပဲနီလေးဟင်းချိုကို ကြက်သွန်ဖြူ၊ ချင်းတစ်ပြားရိုက် ဆီသတ်၊ ပဲကြာဆံလေး အနေ တော်ဖြတ်ထည့်။ ခရမ်းချဉ်သီးကို ငါးပိမပါဘဲ သက်သက်လွတ်ချက်၊ နံနံပင်မွှေးမွှေး၊ ငရုတ်သီးစိမ်း သေးသေးလေးတွေအုပ်၊ တညင်းသီး နုလေးတွေ မီးမျှင်းမျှင်းအုံး၊ ဆလတ်စိမ်းစိမ်းလေး ရေ၊ ဆား စင်စင်ဆေး။ အဖေကြီးဖို့တော့ ငါးကြင်းလေးမမြည်းဘဲ ကြော်နှပ် ချက်။
ကဲ။
ဘာအဖိုးမှမတန်တဲ့ သက်သတ် လွတ် ထမင်းပွဲလေးတစ်ပွဲဟာ စားရသူတွေ ခေါင်းမဖော်အောင် ကောင်းလွန်းပါတယ်ဆိုရင် ယုံ မလား။
တစ်ခုတော့ရှိတယ်။
အဲဒီ ထမင်းပွဲလေးထဲက ဟင်းခွက်အသီးသီးတိုင်းမှာ မမြင်ရ တဲ့ မေတ္တာစေတနာတွေ အချစ် တွေတော့ အများကြီး ထည့်ချက် ထားတယ်ပေါ့။
Health Digest Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment