Latest News

Monday, May 29, 2017

ဆိုင်ကလုန်းမုန်တိုင်း မိုရာ ဘင်္ဂလားဒေ့ရှ်သို့ ကုန်းတွင်းဝင်ရောက် တိုက်ခတ်

ဆိုင်ကလုန်းမုန်တိုင်း မိုရာ ဘင်္ဂလားဒေ့ရှ်သို့ ကုန်းတွင်းဝင်ရောက် တိုက်ခတ်

မိုရာ ဆိုင်ကလုန်း မုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း ကမ်းခြေသို့ ဝင်ရောက် တိုက်ခတ်ခဲ့ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုများ၊ လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းသည် စစ်တကောင်းမြို့နှင့် ကော့စ်ဘဇား ငါးဖမ်းဆိပ်ကမ်း ဧရိယာအကြား နေရာတွင် တစ်နာရီ ၇၃ မိုင်နှုန်းဖြင့် ကုန်းတွင်း ဝင်ရောက်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် မိုးလေဝသ ဌာနက ဆိုသည်။

အာဏာပိုင်များက မုန်တိုင်း မဝင်ရောက်မီ လူပေါင်း တစ်သန်းခန့်ကို ရာသီဥတုဒဏ် ခံနိုင်သည့် ယာယီ ခိုလှုံရေး စခန်းများသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။ မုန်တိုင်း၏ ဒဏ်ကို ဘင်္ဂလား ပင်လယ်အော်နှင့် ဆက်စပ်နေသည့် အိမ်နီးချင်း အိန္ဒိယနှင့် မြန်မာနိုင်ငံများမှလည်း သက်ရောက် ခံစားခဲ့ရသည်။

အနောက်တောင် မုတ်သုံလေ ဝင်ရောက်မှုနှင့်အတူ အာရှတောင်ပိုင်းတွင် ရာသီဥတု ဆိုးရွားသည့် အခြေအနေများ ဆက်တိုက် ကြုံနေရသည်။ သီရိလင်္ကာတွင်လည်း မိုးသည်းထန်မှုနှင့် မြေပြိုမှုများအတွင်း လူပေါင်း ၁၈၀ ထက်မနည်း အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်သည်။

မိုရာ ဆိုင်ကလုန်းနှင့် ပတ်သက်၍မူ ဘင်္ဂလားဒေ့ရှ်တွင် အသေအပျောက် သတင်းများ ထုတ်ပြန်မှု မရှိသေးချေ။ ဘင်္ဂလားဒေ့ရှ် မိုးလေဝသ ဌာနက ကော့စ်ဘဇားရှိ မြေနိမ့်ပိုင်း ဧရိယာများတွင် လေးပေမှ ငါးပေမျှထိ ရေဖုံးလွှမ်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ကြေညာသည်။

မေ ၃၀ တွင်လည်း ဆက်လက်၍ မိုးသည်းထန်ဖွယ် ရှိနေပြီး လူအများကို ခိုလှုံရေး စခန်းများတွင် ဆက်လက် နေထိုင်ရန် တာဝန်ရှိသူများက ညွှန်ကြားထားသည်။ ထို့အပြင် ငါးဖမ်းလှေများလည်း ပင်လယ်ထဲ ပြန်မထွက်သေးဘဲ မိုးခိုနေသင့်ကြောင်း တိုက်တွန်း ကြေညာထားသည်။

ဘင်္ဂလား ပင်လယ်အော်သည် နှစ်လယ်ကာလမှ စတင်သည့် မုတ်သုံရာသီအတွင်း ဆိုင်ကလုန်း မုန်တိုင်းများ ဝင်ရောက်တိုက်ခတ်လေ့ရှိသည့် နေရာလည်း ဖြစ်သည်။

Ref: IB Times

7Day News

No comments:

Post a Comment