စိတ်ပင်ပန်းလာတဲ့အခါ စိတ်အညောင်းဖြေပါ
စိတ်အညောင်းမိတတ်တာကတော့ လူတိုင်း နီးပါးပါပဲ။ ကျွန်မလည်း အလုပ်တွေ ရက်ဆက်ပင်ပန်းခဲ့ပြီး အနားယူချိန်လုံလောက်အောင် မရတဲ့အခါ စိတ်ရော လူပါ ပင်ပန်းပြီး ဘာကိုမှ မလုပ်ချင်၊ မပြောချင်ဖြစ်ရပါတယ်။
နေ့စဉ်ပြောနေရတဲ့ သတင်းလုပ်ငန်းနဲ့ပတ်သက်တဲ့စကားတွေလည်း မပြောချင်ဘူး။ ဘယ်လို ဧည့်သည်တွေနဲ့မှလည်း မတွေ့ချင်ဘူး။ အဲဒီလို ဖြစ်နေတုန်းမှာလုပ်ငန်းခွင်က လုပ်ဖော်ကိုင်ဘက်တွေရဲ့အမှားသေးသေးလေးတွေကိုလည်း သည်းမခံနိုင်တော့ဘူး။ ထပ်ခါ ထပ်ခါပြောလည်း မှားမှားနေတဲ့ သူတို့ကို သည်းမခံနိုင်တော့ဘူး။ ဒေါသနဲ့ အော်ဟစ်မောင်းထုတ်ပစ်ချင်စိတ် လည်း ပေါက်ခဲ့ဖူးတယ်။
ဒါပေမဲ့ကိုယ့်ရဲ့လုပ်ဖော်ကို်င်ဘက်တွေကိုလည်း အော်ဟစ်မောင်းထုတ်တာမျိုးတွေ မလုပ်ခဲ့ပါဘူး။ အသိစိတ်နဲ့ကိုယ့်ကိုယ်ကို ထိန်းချုပ်ထားတာကိုး။ ငါ ဒါကို ဒေါသနဲ့ မပြောသင့်ဘူး၊ သူတို့ကို အေးအေးဆေးဆေးနဲ့စိတ်ရှည်လက်ရှည်ရှင်းပြ ရမယ်ဆိုတဲ့ အတိုင်း ရှင်းပြရဦးမှာပဲ…အောင်မလေး မောလိုက်တာရှင်။
သူတို့ကို ဒေါသသံမပါဘဲနဲ့ရှင်းပြနိုင်ဖို့ အသက်ရှုလေ့ကျင့်ခန်းလည်း လုပ်ရ၊ ပြုံးပြုံးလေးနဲ့ရှင်းပြနိုင်ဖို့လည်း ရုပ်ရော စိတ်ပါ ပြင်ဆင်ရတဲ့… ပင်ပန်းလိုက်တာ။…ကိုယ့်ကိုယ်ကိုရော စိတ်ပျက်လို့မဆုံးနိုင်ဘူး။စိတ်ပျက်စွာနဲ့ သူတို့နဲ့မတွေ့ချင် မမြင်ချင်တဲ့နေရာတစ်ခုကို ကျွန်မ ထွက်သွားချင်တယ်။ အားလုံးကို ထားခဲ့ပြီး ထွက်သွားချင်တာ။
စိတ်က ပင်ပန်းလေ ဘာမှကို လုပ်ချင်စိတ် မရှိလေပါဘဲ၊ ဒါနဲ့ ဘယ်နှဲ့လုပ်ရမလဲ။ ဒီပတ်ဝန်းကျင် ဒီအလုပ်တွေထဲကနေ ထွက်ပြေးချင်စိတ်ပေါက်လာပါတယ်။
မျက်လုံးမှိတ်ထားပြီး တင်းကြပ်နေတဲ့စိတ်ကို လျော့ချဖို့ကြိုးစားကြတယ်၊ ဘယ်နှဲ့ကျွန်မ နှစ်သက်လွန်းလို့မနည်း အားတင်းပြီး ရွေးချယ်ခဲ့တဲ့ အလုပ်ကို ထားပစ်လိုက်တော့မယ်လို့စဉ်းစားလိုက်မိတာ ကိုယ့်ကိုယ်ကိုလည်း အံ့သြသွားတယ်။
ကျွန်မဘ၀မှာ ကိုယ်လုပ်ချင်တဲ့အလုပ်ကို တစိုက်မတ်မတ်လုပ်ခဲ့တယ်။ အဲဒီအလုပ်ကိုပဲ သတင်းအေဂျင်စီ လုပ်ငန်းအဖြစ် ထူထောင်ပြီး အောင်ြမင်အောင် ဆောင်ရွက်နေတာ ၂၀၁၇ မှာဆိုရင်၉နှစ် ရှိပါပြီ။ကျွန်မ အလုပ်က အောင်မြင်လွန်းလှတယ်လို့ မဆိုနိုင်ပေမဲ့ ပန်းတိုင်မရောက်သေးပေမဲ့ လမ်းပေါ်ကိုတော့ ရောက်နေပါပြီ။
အားတင်းစမ်း…လို့ ကိုယ့်ကိုယ်ကိုအားတင်းနေရင်း… အာရုံပြောင်းအောင် ရေးဖို့ရှိနေတဲ့ စာရေးမယ်လို့ စဉ်းစားတယ်။ ပုံမှန်စာရေးနေကျ ညနေ ၅နာရီ ဆိုရင် လက်တော့ဖွင့်ပြီး ရေးဖို့ပြင်ဆင်ပြီးနေကြပါ။ ဒါပေမဲ့ စာရေးဖို့ပြင်ဆင်နေတုန်းမှာပဲ စာရေးချင်စိတ်က ပေါ်မလာခဲ့ဘူး၊ ခေါင်းထဲမှာ ဗလာပဲ။ ကိုယ့်ကိုယ်ကိုတောင် ဘယ်လိုနေရမှန်း မသိတာ ဘယ်နှဲ့လုပ်ပြီး ဘာရေးနိုင်မှာလဲလို့ တွေးပြန်တယ်။ ဒါပေမဲ့ဒီအချိန်ဆို စောင့်ဖတ်နေကြတဲ့သူတွေ ရှိနေမှာ ဆိုတဲ့ အတွေးနဲ့ ကိုယ့်ကိုယ်ကို အားတင်းပြီး စာရေးဖို့ကြိုးစားပေမဲ့ တင်းကြပ်နေတဲ့ စိတ်ကြောင့်အတွေးနဲ့စိတ်ကူးတွေရော…။ ခက်လိုက်တာနော်။
စိတ်ပြေလက်ပျောက်ဖြစ်အောင် ကျွန်မ ဘယ်နှဲ့လုပ်ရမလဲ လို့ တွေးရင် နေ့လည်ခင်း၊ အလုပ်ထဲမှာမို့ တရားထိုင်ဖို့ မဖြစ်နိုင်ပေမဲ့ ပုတီးစိပ်ဖို့ကတော့ ဖြစ်နိုင်တယ်လို့ တွေးပြီး။ ပုတီးထိုင်စိတ်နေမိတယ်။ဒေါသ စိတ်တွေ မရှိတော့ပေမဲ့ ရင်ထဲတင်းကြပ်မှုက ပျောက်မသွားသေးဘူး၊ စာရေးချင်စိတ်လည်း ပေါ်မလာပြန်ဘူး၊ ပြီးတော့သတင်းတွေ ဖတ်ဖို့ဆိုတာလည်း အာရုံစိုက်လို့မရပြန်ဘူး။ နောက်ဆုံး အီးမေးလ်တွေ ပြန်ဖို့တောင်မှ မလုပ်ချင်တော့ဘူး။
နေစမ်းကွာ ဆိုပြီး နေနေပေမဲ့ကိုယ့်ရဲ့ဖြစ်ပျက်မှုတွေကို သိနေတော့ စိတ်ထဲ စိုးရိမ်လာတယ်။
အရင်တုန်းကဆို ရုံးအလုပ်တွေကို တက်ကြွ ရွှင်လန်းစွာနဲ့လုပ်တတ်သလို၊ မိသားစုနဲ့လည်း ပျော်ရွှင်ရင်းနှီးစွာ နေတတ်တဲ့ကျွန်မ ဘယ်သူ့မျက်နှာကိုမှ မမြင်ဘူး၊ စကားတစ်ခွန်းမှ မပြောချင်တော့တာ…။ညဘက် ဘုရားရှစ်ခိုးပြီး တရားထိုင်တော့လည်း စိတ်တွေ စုစည်းလို့မရဘူး၊ သမာဓိလည်း ကောင်းကောင်းမရဘူး၊ မှတ်နေရတာကိုက ပင်ပန်းလိုက်တာ။
တကယ်ပဲ ကျွန်မ စိတ်အညောင်းမိနေပြန်ပြီ။
စိတ်ဖိစီးမှုမဟုတ်တဲ့စိတ်အညောင်းမိခြင်းတဲ့ အလုပ်တစ်ခုကို စိုက်စိုက်မတ်မတ် လုပ်တာ ၆ နှစ်နဲ့ အထက် ရှိလာတဲ့သူတိုင်း ဒီလို ဖြစ်တတ်ကြတယ်တဲ့။ အဲဒါ အခု အစ်မလည်း အဲလို ဖြစ်နေတာတဲ့။
သူပြောတာ ငြိမ်ပြီး နားထောင်မိတယ်။ ကျွန်မ ဒီအလုပ်ကို လုပ်နေတာ ၈ နှစ်ရှိပြီ။ ကျွန်မရဲ့ အလုပ်က ကျွန်မရဲ့ ဘ၀လို့တောင် ပြောနိုင်ပါတယ်။ အဲဒီသက်တမ်းတစ်လျှောက် ကျွန်မရဲ့ နေ့နေ့ညည ခေါင်းထဲမှာ ရှိနေတာ ကျွန်မရဲ့အလုပ်ပါ။ မိုးလင်းလို့မျက်စိနှစ်လုံး ပွင့်တာနဲ့ကျွ်နမ ခေါင်းထဲရောက်လာတာ၊ မျက်စိနှစ်လုံး ပိတ်တဲ့ အချိန်ထိ ကျွန်မအတွေးထဲမှာ ရှိနေတာ ဒီအလုပ်ပါပဲ။
အဲဒါကြောင့်ဒီလိုဖြစ်တာလို့တွေးမိတော့ စိတ်ညောင်းဖြေဖို့လိုတယ်ဆိုတာ နားလည်လာမိတယ်။ကျမအနေနဲ့ ခရီးထွက်တာမျိုး ကိုယ့်အတွက် အသစ်အဆန်းတစ်ခုခုလုပ်ကိုငဆောင်ရွက်ရင်းစိတ်အပန်းဖြေတတ်ပါတယ်။
ယ့်အနေနဲ့ စိတ်ရောလူပါပင်ပန်းလာပြီလို့ခံစားရတဲ့အခါ အနားယူဖို့ လိုပါတယ်။
အချို့ကတော့ အခြေအနေအရ သီးသန့် အနားယူဖို့အဆင်မပြေတဲ့အတွက် အခန်းတံတားပိတ်ပြီး အချိန်တွေအကြာကြီး အိပ်ပစ်လိုက်ရင်လည်း ပြန်နိုးလာတဲ့အချိန်မှာ အားအင်တွေပြန်ပြည့်သွားတတ်တယ်။
အချို့ကတော့ လုပ်နေတဲ့ အလုပ်တွေကို တစ်ရက် သို့မဟုတ် သုံးလေးရက်ထိ လုံးဝ မလုပ်ဘဲ၊ မစဉ်းစားဘဲနဲ့ အဲဒီရက်တွေမှာ အခြားသူတွေရဲ့အနှောက်အယှက်လည်း ဝေးအောင်နေရင်းနဲ့ သူ့စိတ်ထဲ နေချင်သလို နေပစ်လိုက်တာပါ။ အဲလို အနားယူပြီးတဲ့ အခါ အလုပ်ထဲကို ပြန်ဝင်လိုက်တယ်။ အဲဒီအချိန်မှာ ပြန်ပြီး အာရုံစိုက်နိုင်တယ် စိတ်အညောင်းပြေသွားတတ်ပါတယ်။
“အစ်မရေ…. ဒီအလုပ်ကို ရပ်ပစ်လိုက် ပြီးတော့ လုပ်ချင်တာလုပ် ၊ စားချင်တာစား ပြီးတော့ ခြေဦးတည့်ရာ လျှောက်သွားချင်လား သွားပစ်လိုက်။ခေါင်းလျှော်တယ် ပြိးတော့ကျွန်မ ဈေးဝယ်ထွက်တယ်၊ အဲဒါတွေ လုပ်ပြီးလို့ ခဏကြာတော့ စိတ်ထဲမှာ အလုပ်လုပ်ချင်စိတ်တွေက တဖွားဖွားပြန်ပေါ်လာတယ်“လို့စိတ်ပင်ပန်းလွန်းလို့အလုပ်မလုပ်နိုင်တော့တဲ့ အစ်မတစ်ဦးက ပြောပြခဲ့ဖူးတယ်။
ကျွန်မလို စိတ်အညောင်းမိနေတဲ့သူတွေရှိ တယ်ဆိုရင်၊ စိတ်အညောင်းပြေဖို့ အလုပ်ကနေ မိသားစုထဲကနေ ခဏလောက် ထွက်လိုက်ပါ။ မိသားစုနဲ့ အတူတူ ခရီးသွားတာကလည်း စိတ်အပန်းဖြေနည်းတစ်မျိုးပါပဲ။
တစ်ခါတစ်ရံမှာ အလုပ်နဲ့မိသားစုတွေကလည်း ကိုယ့်အတွက် စိတ်ဖိစီးမှုကို ဖြစ်စေနို်င်တဲ့အတွက် စိတ်ပင်ပန်းတာကို ပြန်လည် လန်းဆန်းအောင် ကုသဖို့ဆိုရင်တော့သူတို့နဲ့ ခဏလောက်ဖြစ်ဖြစ် ခွဲနေလိုက်တာ ပိုကောင်းသွားတတ်ပါတယ်။
အဲဒီလို စိတ်ကို ပြန်လည် လန်းဆန်းအောင်လုပ်နိုင်ပြီ ဆိုရင်တော့ဘယ်လောက်ပဲ စိတ်ပင်ပန်းနေပါစေ…၊ ဘ၀ကိုရော အလုပ်ကိုပါ မထိမခိုက်ပဲနဲ့ အကောင်းဆုံးလုပ်ဆောင်နိုင်သွားတတ်ပါတယ်။
ဒါ့အပြင်
နောက်ရှေ့ဆက်ဖို့ ပြန်လည် လန်းဆန်း တက်ကြွလာပါတယ်။ ဒါကြောင့် စိတ်ပင်ပန်းတဲ့အခါ စိတ်အပန်းဖြေပါနော်။
ကျေးဇူးပါရှင်။
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ
မေသင်္ကြန်ဟိန်(မြစ်မခ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment