Latest News

Monday, May 22, 2017

ဟင်္သာတမြို့ရှိ နေအိမ်တစ်လုံး၌ မီးလောင်မှု၊ မီးလန့်မှုများအကြိမ်ကြိမ်ဖြစ်ပွားနေမှုအား သိပ္ပံနည်းဖြင့် အဖြေရှာမည်

ဟင်္သာတမြို့ရှိ နေအိမ်တစ်လုံး၌ မီးလောင်မှု၊ မီးလန့်မှုများအကြိမ်ကြိမ်ဖြစ်ပွားနေမှုအား သိပ္ပံနည်းဖြင့် အဖြေရှာမည်

ဟင်္သာတ မေ ၂၂
ဟင်္သာတမြို့၊ ပန်းဘဲတန်းရပ်ကွက်၊ ဇောတိကလမ်းရှိ နေအိမ်တစ်လုံး၌ မီးလောင်မှု၊ မီးလန့်မှုများအကြိမ်ကြိမ်ဖြစ်ပွားနေမှုအား သိပ္ပံနည်းဖြင့် အဖြေရှာမည်ဖြစ်ကြောင်း သိရသည်။

မီးလောင်မှု၊ မီးလန့်မှုများအကြိမ်ကြိမ်ဖြစ်ပွားသည့် အဆိုပါနေအိမ်သို့ မေလ ၂၂ ရက်နေ့ တွင် ဟင်္သာတတက္ကသိုလ် ဓါတုဗေဒဌာနနှင့် ဘူမိဗေဒဌာနမှ ဆရာအချို့နှင့် ရဲတပ်ဖွဲ့တာဝန်ရှိသူတို့ လာရောက်ခဲ့ပြီး မီးလောင်ထားသည့် သစ်သား၊ အ၀တ်စနှင့် မြေကြီးနမူရာ၊ ရေနမူနာတို့ကို ရယူသွားပြီး ဓါတ်ခွဲစစ်ဆေးနိုင်ရန် ပေးပို့သွားမည်ဖြစ်ကြောင်းသိရသည်။

“အိမ်နောက်က တိုင်တို့၊ အခန်းထဲတွေ၊ အပေါ်ထပ်တွေ၊ အိမ်နံရံတွေ၊ ဘေးအကာတွေ ကြည့်ဖြစ်တယ်။ သစ်သားတွေ ကွက်ကွက်ပြီး မီးကျွမ်းထားတာတွေတွေ့တယ်။ မီးလောင်ထားတာ ပေါ့။ မီးစဆွဲတဲ့နေရာနဲ့အနီးဆုံးက မြေကြီးနမူနာ၊ ရေကျတော့ ဒီအိမ်က သုံးတဲ့ရှေ့ကရေပေါ့။ သုံးရေ ပေါ့။ နောက်ကကျတော့ရေယူလို့မရဘူး။ မြေကြီးက နောက်ဖေးက၊ ရေက အိမ်ရှေ့က ယူတယ်။ အမျိုးသားဓါတ်ခွဲခန်း(NHL)ကိုပို့ပါမယ်”ဟု ဟင်္သာတတက္ကသိုလ်၊ဓါတုဗေဒဌာနမှ ကထိက ဒေါက်တာထွန်းထွန်းနိုင် က ပြောကြားသည်။

အဆိုပါနေအိမ်၌ မီးလောင်မှု၊ မီးလန့်မှုများမှာ မေလ ၁၃ ရက်နေ့ကတည်းက စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြေပြင်နှင့် နီးကပ်သည့်ကြမ်းခင်းနေရာ၌သာမက ခေါင်မိုးအနီးနေရာနှင့် အိမ်နံရံများစသည့် မတူညီသော နေရာများတွင် ၁၀ ရက်အတွင်း မီးလောင်မှု၊ မီးလန့်မှု ၉ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 “မီးတောက်တွေ့တဲ့အခါတွေ့တယ်။ အငွေ့ချည်းပဲလည်း တွေ့တယ်။ တစ်ခုနဲ့တစ်ခုမတူဘူး။ မီး စတည်သလို ရဲခါစလည်းတွေ့တယ်။ အငွေ့တွေချည်းပဲထွက်ပြီး ပျောက်သွားတာမျိုးလည်း တွေ့ တယ်။ ပေါ့ဆမီးကြောင့်လည်းမဟုတ်ဘူး။ ၀ါယာရှော့ဖြစ်တာလည်းမဟုတ်ဘူး။ မိသားစုတွေ အားလုံးလည်း စောင့်ကြည့်နေတဲ့ကြားထဲက ထထပြီးတော့ ဖြစ်နေတာ။ ဟိုနေရာကထဖြစ်လိုက်၊ ဒီနေရာက ထဖြစ်လိုက်နဲ့ အဲလိုဖြစ်နေတာ။ လုံချည်ရေစိုကလည်း ထပြီး မီးလောင်တယ်။  အဲလိုဆို တော့ သိပ္ပံနည်းကျလည်း စစ်ဆေးတယ်။ ဘာသာရေးနည်းတွေနဲ့လည်း လုပ်နေတယ်။ ဒါပေမယ့် ဘယ်လိုမှန်းစဉ်းစားလို့မရသေးဘူး”ဟု အဆိုပါနေအိမ်မှ မဇာခြည်ဝင်း က ပြောကြားသည်။

မီးလောင်မှု၊ မီးလန့်မှုများဖြစ်ပွားရသည့်အကြောင်းရင်းကို သိရှိနိုင်ရန် မီးသတ်ဦးစီးဌာနမှ လည်း လေ့လာမှုများပြုလုပ်နေပြီး ထပ်မံဖြစ်ပေါ်လာပါကလည်း မီးကူးစက် ပြန့်ပွားမှုမရှိစေရန် စီမံပေး လျှက်ရှိကြောင်း သိရသည်။

“ပတ်ဝန်းကျင်မှာရှိတဲ့ ရေတွင်းပျက်တွေ၊ လူနဲ့တိရ စ္ဆာန်တွေ အညစ်အကြေးစွန့်ပစ်ထားတဲ့ မိလ္လာတွင်းဟောင်းတို့ဘာတို့ အဲဒီ့မှာ နေရဲ့အပူရှိန်ကြောင့် ထိတွေ့တဲ့အခါ ဓါတ်ငွေ့ဖြစ်ပေါ်နိုင်တယ်။ အဲဒီ့ဓါတ်ငွေ့တွေက မီးလောင်မှုဖြစ်နိုင်ခြေရှိတယ်။ အခုမီးလောင်မှုမှာလည်း အဲလိုဖြစ်နိုင်ခြေရှိ၊ မရှိ ကျွန်တော်တို့လေ့လာနေပါတယ်”ဟု ဟင်္သာတခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးမင်းမျိုးထွန်း ကပြောကြားသည်။

အိမ်ပတ်ဝန်းကျင်တွင် Phosphorus အမှုန့်များတည်ရှိသည့်အခါ လူနှင့်တိရစ္ဆာန်တို့၏ ပယောဂကြောင့် နေအိမ်အတွင်းသို့ရောက်ရှိလာပါကလည်း ရုတ်တရက်မီးလောင်ခြင်းများ ဖြစ်ပွားလေ့ရှိကြောင်း လက်ထောက်မီးသတ်ဦးစီးမှူးက ဆက်လက်ပြောကြားသည်။

 အဆိုပါနေအိမ်တွင် ရက်ဆက်ဆိုသလို မီးလောင်မှု၊ မီးလန့်မှုများ အကြိမ်ကြိမ်ဖြစ်ပေါ်နေ သည့်အပေါ် ဝေဖန်မှုအမျိုးမျိုးရှိနေပြီး လာရောက်ကြည့်ရူသူလည်းများပြားလျှက်ရှိကာ အုပ်ချုပ်ရေး၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတို့ကလည်း မီးဘေးအန္တရာယ်ကာကွယ်နိုင်ရန် လာရောက် စောင့်ကြပ်ပေးလျှက်ရှိကြောင်းသိရသည်။
အောင်ကျော်မျိုး(ဟင်္သာတ)

No comments:

Post a Comment