ရာသီပိတ်ပွဲတွင် တယ်ရီကို ဂုဏ်ပြုသည့်အနေဖြင့် ပွဲချိန်(၂၆)မိနစ်တွင် လူစားလဲခဲ့
ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ရာသီပိတ်ပွဲစဉ် ချယ်လ်ဆီး- ဆန်းဒါးလန်းပွဲတွင် ချယ်လ်ဆီးအသင်းနည်းပြ ကွန်တီသည် ပွဲချိန်(၂၆)မိနစ်တွင် အသင်းခေါင်းဆောင် ဂျွန်တယ်ရီကို နောက်ခံလူ (ဒုတိယ အသင်းခေါင်းဆောင်) ဂယ်ရီကာဟေးလ်နှင့် လူစားလဲခဲ့သည်။
တယ်ရီသည် ချယ်လ်ဆီးအသင်းနှင့် ယခုနွေရာသီတွင် စာချုပ်သက်တမ်းစေ့မည်ဖြစ်ပြီး စတမ်းဖို့ဒ်ဘရစ်ခ်ျကွင်းတွင် နောက်ဆုံး ပရီးမီးယားလိဂ်ပွဲစဉ်ကို ကစားခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ အသင်းတွင် ကျောနံပါတ် (၂၆) ၀တ်ဆင်ကစားခဲ့သော ၎င်းအား ဂုဏ်ပြုသည့် အနေဖြင့် ပွဲချိန်(၂၆)မိနစ်တွင် လူစားလဲခဲ့ခြင်းဖြစ်ပြီး တယ်ရီက လူစားဝင်လာသူ ဂယ်ရီကာဟေးလ်ကို အသင်းခေါင်းဆောင်လက် ပတ်လွှဲပြောင်းပေးအပ်ခဲ့သည်။
ကွင်းပြင်သို့ တယ်ရီထွက်ခွာသွားခဲ့ရာတွင် ချယ်လ်ဆီးအသင်းဖော်များက တစ်ဖက်တစ်ချက်စီဝန်းရံကာ လက်ခုပ်တီးနှုတ်ဆက်ခဲ့ကြပြီး ဒိုင်လူကြီးနှင့် ပြိုင်ဘက် ဆန်းဒါးလန်းကစားသမားများက ယင်းလုပ်ဆောင်မှုအတွက် မိနစ်အနည်းငယ်ကြာခန့် စောင့်ဆိုင်းပေးခဲ့ရသည်။
တယ်ရီသည် ချယ်လ်ဆီးအသင်းတွင် ၁၉၉၈ ခုနှစ်မှ စတင်၍ (၁၉)နှစ်ကြာ ကစားခဲ့ပြီး အသင်းအတွက် ပရီးမီးယားလိဂ်ဖလား(၅)လုံး၊ FA ဖလား(၅)လုံး၊ လိဂ်ဖလား(၃)လုံး၊ ချန်ပီယံလိဂ်ဖလား (၁)လုံး၊ ယူရိုပါလိဂ်ဖလား (၁)လုံး ရယူပေးခဲ့သည်။
Photos: AFP
Eleven Sports
Subscribe to:
Post Comments (Atom)
No comments:
Post a Comment