သီရိလင်္ကာမှာ ရေကြီးမှုကြောင့် လူ ၁၀၀ နီးပါးသေဆုံး၊ သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်
သီရိလင်္ကာအစိုးရက ကုလသမဂ္ဂနဲ့ အိမ်နီးချင်း နိုင်ငံများထံ အကူအညီ တောင်းခံထားပါတယ်။
သီရိလင်္ကာနိုင်ငံမှာ မုတ်သုန်မိုးရွာသွန်းပြီး ရေကြီးမှုနဲ့ ရွှံ့နွှံပြိုကျမှုတွေကြောင့် လူ ၉၁ ဦးထက်မနည်း သေဆုံးပြီး အခြား လူ ၁၀၀ ကျော် ပျောက်ဆုံးနေကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ နိုင်ငံ တောင်ပိုင်းနဲ့ အနောက်ပိုင်း ဒေသတွေမှာ ရေကြီးမှုတွေကြောင့် လူ ၂၀,၀၀၀ ခန့် နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေထံမှ သိရပါတယ်။ စစ်ဘက်ရဟတ်ယာဉ်နဲ့ အမြန်ရေယာဉ်တွေက ကယ်ဆယ်ရေးလုပ်ငန်းများမှာ ပါဝင်ကူညီပေးနေပါတယ်။
ယခု ရေကြီးမှုဟာ ၂၀၀၃ ခုနှစ်က အနောက်တောင်မုတ်သုန်လေ ဝင်ရောက်မှုနဲ့အတူ မိုးသည်းထန် ရေကြီးမှုတွေ ဖြစ်ခဲ့ပြီးနောက်ပိုင်း အဆိုးရွားဆုံး ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်က ရေကြီးမှုတွေကြောင့် နေအိမ် ၁၀,၀၀၀ ပျက်စီးခဲ့ပြီး လူ ၂၅၀ သေဆုံးခဲ့ပါတယ်။ သီရိင်္လကာ သဘာဝဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်မှု အဖွဲ့အစည်းရဲ့ ပြောကြားမှုအရ ရေကြီးမြေပြိုမှုတွေကြောင့် သေဆုံးသူအရေအတွက်ဟာ မြင့်တက်လာနိုင်ကြောင်း သိရပါတယ်။
ရေကြီးမြေပြိုမှု ဖြစ်ခဲ့တဲ့ နေရာဒေသအချို့ကို ကယ်ဆယ်ရေးအဖွဲ့တွေ မရောက်ရှိနိုင်သေးဘဲ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်နေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ သီရိလင်္ကာ အနောက်တောင်ပိုင်း ကလူတာရာဒေသမှာ ရေကြီးမှု အဆိုးဆုံး ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ အဆိုပါဒေသရှိ နေရာ ၅ ခုထက်မနည်းမှာ ရွှံ့နွံပြိုကျမှုများ ဖြစ်ခဲ့ကြောင်းလည်း သိရပါတယ်။
ကိုလံဘိုမြို့တော်ကို ဖြတ်သန်းစီးဆင်းတဲ့ ကီလန်နီမြစ်ကြောင်းတစ်လျှောက် နေထိုင်သူတွေကို ၆ နာရီအတွင်း ရွှေ့ပြောင်းကြရန် တာဝန်ရှိသူတွေက ညွန်ကြားထားပါတယ်။ ရေကြီးမြေပြိုမှုတွေကြောင့် လူသေဆုံးမှု ဆက်လက် မြင့်တက်လာနိုင်ရာ သီရိလင်္ကာအစိုးရက ကုလသမဂ္ဂနဲ့ အိမ်နီးချင်း နိုင်ငံများထံ အကူအညီ တောင်းခံထားကြောင်း သိရပါတယ်။
Source & Photo: Sky News:Duwun
Subscribe to:
Post Comments (Atom)
No comments:
Post a Comment