ရယ်စရာ+မောစရာ ဖြစ်ရပ်မှန်တွေကို ရင်နဲ့ ရင်း၍ ရေးထားသည်။
ပြင်ပလူနာ ဌာနမှာ
"သားထလေ စာကျက်တော့...။သား...သား..."
အမေက ကျွန်တော်ပခုံးကို ခပ်ဖွဖွ ကိုင်ရင်းလှုပ်နှိုးနေသည်။ အမေက ဆုံးသွားတာ ကြာပြီမို့ အိပ်မက် ဆိုတာကို နားလည်လိုက်သည်။ အိပ်မက်ထဲမှာပဲ အမေနဲ့ဆုံတွေ့ခွင့်ရှိတော့သည်မို့ ကျွန်တော်မနိုးထချင်သေး။
"အာ သားဆက်အိပ်ချင်သေးတယ်"
"ထတော့ ။အခုချိန်စာတွေကျက်မှ ဆယ်တန်းကို အမှတ်ကောင်းကောင်းနဲ့ အောင်မှာလေ။ ပညာတတ်ကြီးဖြစ်မှ ကြိုက်သလောက်အိပ်တော့"
"ကလင် ကလင်..ကလင် "
အိပ်မက်မှ မနိုးထချင်သေးပေမယ့် နှိုးစက်မှမြည်သံကြောင့် မထချင်ဘဲ ထခဲ့ရသည်။ သည်နေ့က စနေနေ့ ရုံးပိတ်ရက်ဖြစ်ပေမယ့် ပြင်ပလူနာဌာနမှာ ဂျူတီကျနေသည် မဟုတ်ပါလား။ နာရီကြည့်မိတော့ ခွန်နှစ်နာရီခွဲနေပြီ။ဂျူတီချိန်းရမည့်အချိန်က ရှစ်နာရီဖြစ်ပေမယ့် ဂျူတီချိန်း (လဲ)မယ့် ဆရာဝန်က တစ်ညလုံးမအိပ်ရဘဲ ပင်ပန်းနေမှာမို့ လည်ပင်းသစ်ကုလားအုပ်ဖြစ်နေလောက်ပြီ ထင်သည်။ မျက်နှာသစ်ရေချိုးပြီး အဆောင်ကနေ ဆေးရုံ ကို အမြန်သွားရသည်။ ဆေးရုံသွားရာလမ်းဘေးရှိ လက်ဖက်ရည် ဆိုင်တွင် ဝင်ကာ မနက်စာ အမြန်စားရသည်။
ဆေးရုံ၏ မျက်နှာသာတွင် ကားတွေ ဆိုင်ကယ် တွေက ပျားပန်းခပ်မျှ ရှုပ်ထွေးနေသည်။မနက်ရှစ်နာရီသာ ရှိသေးပေမယ့် ပြင်ပလူနာဌာနရှေ့တွင် တိုကင်ပြားလေးတွေကိုင်ပြီး စောင့်နေသော လူနာများမှာ တန်းစီနေသည်။ ရနိုင်သမျှ ဆေးအများစုကို အခမဲ့ပေးတာကြောင့် လူနာတွေ စုပုံလာခြင်းဖြစ်မည်။ လူနာတွေ စုပုံလာပေမယ့် ဆရာဝန်၊ဆရာမ၊ဆေးရုံလုပ်သား တွေက စုပုံမလာခဲ့။ တစ်နေ့တစ်နေ့ ပြင်ပလူနာဌာနကို လာပြသည့်လူနာက ငါးဆယ် နှင့် နှစ်ရာကြားမှာရှိသည်။စနေ၊တနင်္ဂနွေလို ရုံးပိတ်ရက်တွင် ပြင်ပလူနာဌာန၌ ဆရာဝန်တစ်ဦး၊ ဆရာမနှစ်ဦးနှင့် အလုပ်သမားတစ်ဦးသာ ရှိသည်။ လူနာတွေကိုကြည့်ပြီး လိုအပ်တဲ့အခါ ပြင်ပလူနာဌာနမှာ တာဝန်ကျတဲ့ဆရာဝန်က ဆေးရုံအတွင်းရှိ ကုသဆောင်အသီးသီးသို့ ညွှန်ပေးရသည်။ ဆေးရုံတက်ဖို့ထိ မလိုအပ်လျှင် ပြင်ပလူနာဌာနမှာပဲ ကုသရသည်။
"ညီလေး လာပြီလား"
မနေ့ညက တာဝန်ကျဆရာဝန်က ကျွန်တော့်ကိုမြင်တော့ ဝမ်းသာအားရ နှုတ်ဆက်စကား ဆိုသည်။
"လာသေးဘူးအကို။ ပြီးသွားတာ မကြာသေးဘူး"
"ဟာ...မင်းကတော့ နောက်ပြီ"
အစ်ကို့ဘေး ဝင်ထိုင်ကာ လက်ဆွဲ အိတ်ထဲက နားကြပ်ကိုထုတ် ပခုံးပေါ်တင်ရင်း
"ဘယ်လိုလဲ။ မနေ့ညက အေးဆေးရဲ့လား"
အစ်ကို့၏ မျက်နှာက ရှုံ့မဲ့သွားသည်။အစ်ကိုက ခေါင်းခါရင်း
"ညနေခင်းကတော့ လူနာဆက်တိုက်ပဲ။ ည ၁၂နောက်ပိုင်း နာရီဝက် တစ်ခါလောက် လူနာလာနေတာ အခုမိုးလင်းတဲ့အထိပဲ"
" PC(police case၊ မှု့ခင်းလူနာ) ဘယ်လောက်ရလဲ အစ်ကို"
အစ်ကိုက လက်ငါးချောင်းထောင်ပြသည်။ ကျွန်တော်တို့ဆရာဝန်တွေ ပြင်ပလူနာဌာန၌ အလုပ်ဆင်းစဉ် မမြင်ချင်ဆုံးလူနာမှာ PC case
( မှု့ခင်းလူနာ)တွေဖြစ်သည်။ ဆိုင်ကယ်တိုက်မှု၊ ဓားထိုးမှု၊ ချောင်းရိုက်မှု ၊မုဒိမ်းမှု အစရှိသည့်လူနာများမှာ ကုသပေးရုံနှင့်မပြီးသေး။ဆေးမှတ်တမ်းတွေမှတ်ကာ တရားရုံး၌ ထွက်ဆိုရသေးသည်။ကိုယ့်စရိတ်နဲ့ ကိုယ် တရားရုံးသွားကာ ထွက်ဆိုရပေမယ့် အခန့်မသင့်လျှင် တရားစွဲခံရသေးသည်။ ဆေးရုံတက်ရသည့်လူနာဆို သက်ဆိုင်ရာဆရာဝန်ကြီး၏ လက်မှတ် ကို သွားထိုးရသေးသည်။သက်ဆိုင်ရာ ဆရာဝန်ကြီးအားတဲ့အချိန်၊ ကိုယ်အားတဲ့အချိန်တွေက မိုးကောင်းကင်ပေါ်က ကျလာတဲ့အပ်နဲ့ မြေပြင်ပေါ်က အပ်တစ်ချောင်းတွေ့ဆုံရန် ခက်ခဲသလိုပင်။ မှုခင်းလူနာတစ်ယောက်ရလျှင် ဆယ်ရက်စာလောက်အိုစာအောင် စိတ်ရှုပ်မိသည်။
"အဲတာဆို ငါပြန်တော့မယ်"
"ဟုတ်ကဲ့အစ်ကို"
အပြင်ဘက်၌ စောင့်စားနေသော လူနာများကိုကြည့်ရင်း အစ်ကိုက မပြည့်နိုင်သော ဆုတောင်း စကားဆိုသည်။
"အေးဆေးပါစေကွာ"
#################
"ဆရာမ လူနာခေါ်ပေးပါဦး"
"ဟုတ်ကဲ့ဆရာ။ ...
တိုကင်နံပါတ်၁၂"
မနက်အစောကြီး ရှိသေးပေမယ့် လူနာ ဆယ့်တစ်ယောက် အားပေးသွားပြီပေါ့...။
"အဟွတ် အဟွတ် အဟွတ် "
ချောင်းဆိုးသံနှင့်အတူ အသက်သုံးဆယ်ဝန်းကျင်အရွယ် အမျိုးသမီးဝင်လာသည်။ စမ်းသပ်ကြည့်တော့ အဖျားမရှိ။တုပ်ကွေးပုံစံနှင့်လည်းမတူ။
မေးခွန်းများစွာ မေးပြီး သကာလ ဂျယ်လီတွေနေ့တိုင်းစားသည်ဟု သိရသည်။
ဆေးတွေပေးကာ ဂျယ်လီမစားဖို့ပြောအပြီး သူမက "ကျွန်မက ဂျယ်လီတော့ မဖြတ်နိုင်ဘူးဆရာ။ ချောင်းဆိုးတိုင်း ဒီကိုလာပြမယ်လေ"
သူမကို ဘာမှ ပြန်မပြောနိုင်။ လူနာများစွာ ရှိသေးတာမို့ နောက်တစ်ယောက်ကို ထပ်ခေါ်ရသည်။
ထပ်ရောက်လာသည့်လူနာ ခံစားနေရတာက အဆုတ်ရောင်ရောဂါ။ဆေးရုံကို မဖြစ်မနေ တင်ရမည်။ ပြဿနာက အသက် က ၁၃နှစ်ပြည့်ဖို့ တစ်ရက်အလို။ အသက် ၁၃နှစ်အထက်ဆို ဖျားနာဆောင် တင်ရမည်။ အသက်၁၃နှစ် အောက်ဆိုရင် ကလေးကုသဆောင်ကို တင်ရမည်။ မှားယွင်း စွာ တင်ခဲ့ပါက အကြီးတွေ၏ အကြိတ်ခံ(အဆူခံ)ရသေးသည်။ လူနာကိုကြည့်မိတော့ လူကောင်က သေးသေးညှပ်ညှပ်လေး။ ဆယ်နှစ်သား ခန္ဓာကိုယ်နဲ့။
"ဆေးရုံ တက်ရမယ်။ အဲဒီရုံက ဆရာမေးရင် ကလေးရဲ့ အသက်ကို ဆယ့်နှစ်နှစ်လို့ပြောပါ။ ဒီက သင်ပေးလိုက်တာလို့လဲ မပြောနဲ့ဦး"
"ဟုတ်ကဲ့ဆရာ"
လူနာတွေကို တစ်ယောက်ပြီးတစ်ယောက် ကြည့်နေပေမယ့် ကျွန်တော့်အရှေ့က လူနာစာအုပ်ပုံကြီးက လျော့မသွားဘဲ ပိုတိုးလာသည်။
"ရွှီး....ရွှီး.. ..ရွှီး.. ..ရွှီး.. ."
စာအုပ်လာထပ်သည့် လူ ပွေ့ချီထားသော ကလေးထံမှ တရွှီးရွှီး အသက်ရှူသံများကို ကြားရတော့ စမ်းသပ်နေဆဲလူနာကို ခဏ ရပ်ပြီး ကြည့်ရသည်။ ကလေးလေးက အသက်ကို ခက်ခက်ခဲခဲရှူနေရသည်။အသက် တစ်ခါရှူတိုင်း နှာခေါင်းဝလေးက ကားကားသွားပြီး လည်ပင်ကြောလေးတွေကိုထောင်လို့။
"ဟေ့ နေဦး။ ဒီကိုလာခဲ့"
စိုးရိမ်စရာ လူနာမို့ အမြန်ခေါ်ကာ စမ်းသပ်ရသည်။ လေပြွန်ကျယ်စေသည့်ရှူဆေးအမြန်ပေးရသည်။ကလေးကုသဆောင်သို့ အမြန်ပို့ခိုင်းရသည်။ ထိုစဉ် အပြင်၌ စောင့်နေသော လူနာနှစ်ယောက်က အခန်းထဲဝင်လာပြီး
"ဆရာ ကျွန်တော်တို့က အရင်ရောက်နေတာကို ဘာလို့ နောက်မှရောက်တဲ့လူကို အရင်ကြည့်ပေးရတာလဲ"
"အဲဒီလို မျက်နှာမလိုက်ပါနဲ့"
မေးနေသည့်ပုံစံတွေက မသိလို့မေးနေသည်နှင့်မတူ။ တရားခံ ကို တရားသူကြီးက အမှု့စစ်နေသည့် မျက်နှာထားတွေနှင့်။ မသိလို့နားမလည်လို့ မေးတာပဲဖြ စ်မည်ဟု တွေးကာ အခန်းထဲတွင် ချိတ်ထားသော ဗီနိုင်းကို ထိုးပြရသည်။
"အရင်ရောက်တဲ့ လူနာကို အရင် ကြည့်ပေးတယ်ဆိုပေမယ့် အသက်အန္တရာယ်ရှိတဲ့ လူနာတွေကို ကျော်ကြည့်ပေးရပါတယ်။ အဲ့ဒီ ဗီနိုင်းထဲမှာပါတဲ့ လက္ခဏာ တွေရှိရင် အမြန်ကြည့်ပေးရပါတယ်။ အကြည့်နောက်ကျရင် အသက်အန္တရာယ် ထိခိုက်နိုင်လို့ပါ"
"ဟုတ်ကဲ့ဆရာ ။ မသိလို့ပါ။ "
သည်စကားက လူနာရှင်တွေရဲ့ လက်သုံးစကားဖြစ်သည်။
လူနာတွေ တစ်ယောက်ပြီး တစ်ယောက်ကြည့်နေခဲ့တာ ဆယ်နာရီထိုးတဲ့အထိ မနားရသေး။လူနာတင်ယာဉ်ထံမှ အသံတွေကို အတိုင်းသားကြားနေရသည်။
"ဆရာ Brought Dead(သေဆုံးလူနာ), ဆိုင်ကယ် နဲ့ ကား တိုက်မိတာတဲ့"
သေဆုံးလူနာ၏ ဆွေမျိုးများငိုသံ က ကမ္ဘာပျက်နေသည့်အလား။ စိတ်မကောင်းဖြစ်ပေမယ့် ဘယ်တတ်နိုင်မလဲ။လောကကြီးမှာ ကိုယ်မတတ်နိုင်တာတွေ အများကြီး ရှိသည်လေ။ ဒုရဲအုပ်တစ်ယောက်ရောက်လာကာ ကျွန်တော့်ကို ဆေးစာအကြောင်းပြန်ဖို့ စာရွက် တစ်ရွက်ပေးကာ ပြန်သွားသည်လူသေကို ကြည့်ရှုပြီး ရေခဲတိုက်ပို့ခိုင်းလိုက်သည်။ မနက်ဖြန် မနက် ဂျူတီ ထွက်တဲ့အချိန်မှာ ရင်ခွဲစစ်ဆေးရမည်။ သေဆုံးရသည့်အကြောင်းအရင်းကို ဆေးစာပေးရမည်။ မနက်ဖြန် က မရောက်သေးပေမယ့် လုပ်ရမည့်အလုပ်က ကြိုလို့နေသည်။
မနက်ဖြန်ဂျုတီထွက်ချိန်တောင် မထွက်ရတော့မယ့် ဘဝပါလားလေ။စိတ်ညစ်သွားမိသည်။ခပ်ညစ်ညစ်တွေးမိပြန်သည်။
တစ်နေ့အလုပ်ချိန်က ၂၄နာရီကျော်တော့ ရော သည်လစာပဲ မဟုတ်လား။ ကျန်နေတဲ့ လူနာတွေကို အားတင်ကာ ဆက်ပြီးကြည့်ရင်း ဗိုက်က တဂွီဂွီမြည်လာသည်။ ရေအဝသောက်ကာ လူနာတွေကို ဆက်ကြည့်ရသည်။
လူနာတွေ က တစ်ယောက်ပြီး တစ်ယောက်......။
#####
အသံတွေ၊ အသံတွေ ။လူနာတင်ယာဉ်က လာတဲ့ အသံတွေ က ကျွန်တော့် နားထဲ တိုးဝင်လာသည်။
ဒါ အိပ်မက် မက်နေတာပဲ နေမှာလို့ အိပ်ငိုက်နေတဲ့ စိတ်ကို အားပေးကာ တွေးလိုက်မိပေမဲ့ စားပွဲခုံ ပေါ် လက်တင်၊ လက်ပေါ် နဖူးတင်ပြီး မှိန်းအိပ်အိပ်နေရာက အမြန်ခေါင်းထောင်လိုက်ရသည်။ လူနာတွေရှင်းသွားတုန်း ခဏနားရင်း မှေးခနဲ အိပ်ငိုက်သွားတာဖြစ်သည်။ လူနာတင်ယာဉ်က လာတဲ့ အသံတွေက တဝီဝီမြည်နေမြဲ။
လက်အိတ်အမြန်ဝတ်၊ ပခုံးပေါ် နားကြပ်တင်၊သွေးပေါင်တိုင်း ကိရိယာ ကို ကိုင်ပြီး အသင့်အနေထား စောင့်နေမိသည်။
"ဆရာ တောင်ပေါ်တက်တဲ့ တုတ်တုတ်(သုံးဘီးဆိုင်ကယ်)နဲ့ တောင်ပေါ်ကဆင်းလာတဲ့ ဆိုင်ကယ် တိုက်မိတာတဲ့"
အကူလုပ်သား မောင်မောင်က လက်အိတ် ဝင်ဝတ်ရင်း ပြောသည်။
နာမှုကူညီရေးအသင်းက လူတွေက
လူနာတွေကို လူနာတင်အိပ်ရာနှင့် တစ်ယောက်ပြီး တစ်ယောက် သယ်လာသည်။
တစ်၊ နှစ်၊ သုံး၊လေး.......ကိုး၊တစ်ဆယ်။ စုစုပေါင်း ဆယ်ယောက်။ သွေးသံရဲရဲ တွေနှင့်။
"ဆရာလေးရယ် ။အဘွားကို ကယ်ပါဦး။"
"ကျနော့် သမီးကို အရင်ကြည့်ပေးပါ"
"အဖေက ခေါ်လို့မရတော့ဘူး။ ဆရာ မြန်မြန် ကြည့်ပေးပါ"
"ကယ်ပါဦးဆရာ"
"အား...နာလိုက်တာ။ မြန်မြန် သက်သာအောင် လုပ်ပေးကြပါ"
"ဟမ်စိုင်း မင်းစိတ်တွေ ယောက်ယက်ခတ် နေလို့မဖြစ်ဘူး။ အရေးကြီးဆုံးလူနာကို အရှင်ရှာ။လုပ်သင့်တာလုပ်။ ကုသဆောင် ထဲ ပို့"
ကိုယ့်ကိုယ်ကို စိတ်ထဲကနေ ကျွန်တော် အားပေးစကား ဆိုလိုက်သည်။
နဖူးကနေ သွေးတွေ စီးကျနေတဲ့ အဘွားတစ်ဦး ကို အရင်ကြည့်လိုက်သည်။
ဖြစ်တဲ့နေရာမှာ သတိလစ်ခြင်းမရှိ။ မေးမြန်းတာတွေ အကုန်ဖြေနိုင်။သွေးပေါင်၊သွေးခုန်နှုန်း၊အသက်ရှူနှုန်း အားလုံး အခြေအနေကောင်း။ ဘယ်ညှပ်ရိုးတော့ကျိုးနေသည်။
နောက်တစ်ယောက်...
နောက်တစ်ယောက်.. ..
နောက်ထပ်တစ်ယောက်...
ကျွန်တော်၊ သူနာပြုဆရာမတွေနှင့် ဆေးရုံလုပ်သား ၊ တစ်ယောက်မှ မနားရ။ဆလိုင်းပုလင်းချိတ်၊အနာတွေသန့်ရှင်းရေးလုပ်၊ ဓာတ်မှန်ရိုက်ဖို့ လွှတ်တဲ့လူနာကို လွှတ်၊ ကုသဆောင် ထဲ ပို့သင့်တဲ့လူနာကိုပို့၊ မန္တလေးကို လွှဲရမဲ့လူနာကို လွှဲ၊ချုပ်ရမဲ့လူနာကို ချုပ်ပေး နဲ့ အရာအားလုံး ကို ခဏတာ မေ့လျော့ သွားပါသည်။
"ဒီဆေးရုံက မန္တလေးပဲ လွှဲနေတာပဲ။ မကုနိုင်ရင် ပိတ်ထားလိုက်ပါ့လား"
ဆေးရုံ ရောက်လာကတည်းက အမြန်စမ်းသပ်ပြီး လိုအပ်တဲ့ ကုသမှု ပေးကာ မန္တလေး ဆေးရုံ ကြီးသို့ လွှဲထားသည့် လူနာ၏ လူနာစောင့်တွေထံမှ ထွက်ပေါ်လာသည့် အသံဖြစ်သည်။
ကျွန်တော် ကြားစေချင်လို့ တမင်ပြောတဲ့စကားလား။ သူတို့ဘာသာ ပြောတဲ့စကားလား။ လူနာတစ်ယောက် ၏ ခေါင်းကို ချုပ်နေတုန်းမို့ ဘာစကားမှ ပြောခွင့်မသာခဲ့။ထိုလူနာမှာ ဦးခေါင်းခွံရိုးကျိုးကာ ဦးခေါင်းခွံထဲ သွေးယိုစီးသည့် လက္ခဏာ တွေရှိသည်။ ဦးနှောက်နှင့်အာရုံကြော ခွဲစိတ် အထူးကုဆရာဝန်ကြီး နှင့် အမြန်ဆုံး ခွဲစိတ်ကုသဖို့လိုအပ်သည့် လူနာဖြစ်ကြောင်း၊ ဒီနိုင်ငံမှာ ဦးနှောက် ခွဲစိတ် အထူးကုဆရာဝန်ကြီး တွေ ရှားပါးကြောင်း၊ဒီဆေးရုံမှာ လည်း မရှိတာမို့ လွှဲရတာဖြစ်ကြောင်း ထိုလူနာစောင့်တွေကို အာပေါက်မတတ် ရှင်းပြခဲ့ပြီးသားမို့ စိတ်မကောင်းဖြစ်မိသွားသည်။ "ဆရာဝန် အလုပ်က ပိုက်ဆံ လည်းရ ဝမ်းလည်းဝတဲ့ အလုပ်ပါ"လို့ ပြောဖူးတဲ့ လူတွေကို "စိတ်ထား မထားတတ်ရင် နေ့တိုင်း အကုသိုလ် တွေ ရတဲ့အလုပ်ပါဗျာ"လို့ ပြန်ပြောချင်နေမိသည်။
ဆိုင်ကယ်သမား လူနာကို ဦးခေါင်းဓာတ်မှန်ရိုက်ဖို့ လွှတ်တော့ အခက်ကြုံရပြန်သည်။ ဆိုင်ကယ်သမားမှာ လူနာစောင့် ပါမလာ။ဆေးရုံ လုပ်သားက လူနာတစ်ယောက် ကို ခွဲစိတ်ဆောင် လိုက် ပို့ပေးချိန်ဖြစ်သည်။
"အစ်ကိုတို့ ဒီလူနာကို ဓာတ်မှန်ရိုက်ပေးဖို့ ကူညီပေးပါဦး"
လူမှုကူညီရေး အသင်းက လူတွေကို ကျွန်တော် အကူညီတောင်းလိုက်သည်။ထိုလူတွေထဲမှ ခေါင်းဆောင် ဖြစ်ပုံရသူက
"မင်းတို့ ဆေးရုံ က အလုပ်သမား တွေ ဘယ်ရောက်နေလို့လဲ။ ငါတို့က တခြားနေရာသွားရဦးမှာ။ မအားဘူး"
စိတ်ထဲ ဒေါသပိုးက ခေါင်းထောင်လာသည်။ နာမှုကူညီရေးအသင်းက လူအများစုက အခုလို အကူညီတောင်းရင် ကူညီကြတာများပါသည်။ သည်လူတွေကတော့.......။
ပရဟိတ ဆိုတာ ဘာလဲ။ ရောက်ကတည်းက ဓာတ်ပုံတွေ တဖျပ်ဖျပ် ရိုက်နေခဲ့ပြီး Facebook ပေါ် တင်ဖို့ပဲလားလို့ စိတ်ထဲက အော်ပြောမိပေမဲ့
"အကူလုပ်သားက ခွဲစိတ်ဆောင် လိုက်ပို့နေလို့ပါ" ဆိုတဲ့စကားသာ ထွက်ကျလာသည်။ ဘာမှ မပြောတော့ဘဲ ကျွန်တော်လုပ်ရမဲ့ အလုပ်တွေသာ ဆက်လုပ်နေမိသည်။
ဒုရဲအုပ် ရောက်လာကာ လူနာနာမည်တွေနဲ့ စာရွက်တွေ တစ်ထပ်ကြီးပေးသွားသည်။လူနာတွေရဲ့ ဒဏ်ရာ အတိမ်အနက်၊ သာမန်လား၊ ပြင်းထန်လား ရေးပေးပြီး တရားရုံး မှာ
ထွက်ဆိုရပေဦးမည်။
#######
"ခွေးရူးပြန် ကာကွယ် ဆေးထိုးချင်လို့ပါ"
နေ့လည် ၂ နာရီတွင် နေ့လည်စာစားပြီးပြီးချင်း လူနာကြည့်နေခိုက် ခပ်ဝဝ အမျိုးသမီးတစ်ဦးက ကလေးငယ်ကိုချီလာရင်း ပြောသည်။ ခွေးကိုက်သည်ဆိုတော့ ကြည့်လက်စလူနာကို ခဏရပ်ပြီး ကြည့်လိုက်သည်။ ခွေးကိုက်ဒဏ်ရာ ကြီး မကြီး ၊သွေးထွက် မထွက် အမြန်ကြည့်လိုက်သည်။
"ဒဏ်ရာက ဘယ်နားမှာလဲ။ ဘယ်နားကို ကိုက်မိတာလဲ။ဘယ်ချိန်ကလဲ"
"မနက်အစောကဆရာ။ ဒီနားဆရာ"
ကလေးမိခင်ဖြစ်ဟန်တူသူက ကလေးမ၏ ဘောင်းဘီ ကို အထက်လှန်ပြရင်း ပြောသည်။ ကျွန်တော်ကြည့်မိတော့ ပွန်းပဲ့ ဒဏ်ရာတောင်မတွေ့။ရောင်နေတာလည်းမတွေ့။ အရက်ပျံနှင့်ထိကြည့်တော့လည်း နာကျင်သည့်ပုံမပေါ်ပါ။
"ခွေးကိုက်ဒဏ်ရာလည်းမတွေ့ပါလား။ အိမ်ခွေးလား။ လမ်းခွေးလား၊ခွေးကောင်းလား၊ခွေးရူးလား"
"အိမ်ကမွေးထားတဲ့ ခွေကောင်းကကိုက်တာ။ဂျင်းဘောင်းဘီပေါ်ကနေကိုက်တော့ မပေါက်သွားဘူး"
ဘောင်းဘီကလည်း ပေါက်ပြဲမနေ။
"ပွန်းပဲ့ဒဏ်ရာလည်း မရှိတော့  ခွေးရူးပြန် ကာကွယ် ဆေးထိုးစရာ မလိုပါဘူး"
ထို အမျိုးသမီး၏ မျက်နှာက အနည်းငယ်ခက်ထန်သွားသည်။
"အို
ခွေးရူးပြန် ကာကွယ်ဆေး တွေ နိုင်ငံတော်က အခမဲ့ထိုးပေးနေတယ်ဆိုတာ
ရေဒီယို တွေမှာ ကြေညာနေတာပဲ။ကျွန်မ ကလေးကို ထိုးပေးပါ"
"ဆေးထိုးပေးတာ ဟုတ်ပါတယ် ။အန်တီကလေးက ထိုးစရာမှမလိုတာ။ မလိုဘဲဆေးထိုးရင် တကယ်လိုအပ်တဲ့လူနာကျ ဆေးတွေ မရတော့ဘူးဗျ။ နိုင်ငံတော်က အခမဲ့ပေးတာ ဟုတ်ပါတယ် ။"
"ကျွန်မ ကလေးကို ထိုးပေးပါဆရာ"
နိုင်ငံတော်က ပေးသည့်ဆေးက ခွေးကိုက်ခံရသောလူနာ အတွက်သာ။ ထိုးချင်တဲ့လူတိုင်းကို ကြိုတင်ကာကွယ်ဆေးထိုးပေးလို့ မရပေ။သို့ပေမယ့် ကျွန်တော်က ဆရာမကို ခေါင်းညိတ်ပြတော့ ဆရာမက ဆေးသွားထုတ်သည်။
ခဏအကြာ ဆရာမက ကျွန်တော်နားကပ်ပြီး ခပ်တိုးတိုးစကားဆိုသည်။
"ဆရာ ဆေးက မနက်အစောကတည်းက ကုန်သွားပြီတဲ့"
"ဆေး စတိုမှာရော"
"ပြတ်နေတယ်တဲ့။မနက်ဖြန်မှ ရောက်မယ်တဲ့"
လူနာရှင် အမျိုးသမီးဘက် လှည့်လိုက်ရင်း
"ဆေးက ဒီဆေးရုံမှာ ပြတ်နေတယ်တဲ့ ။အန်တီအနေနဲ့ ဒီနေ့ ထိုးချင်သပဆိုရင် အပြင်က ဆေးဝယ်ခဲ့ပါ။ ထိုးပေးမယ်။ ။ တစ်လုံးကို နှစ်သောင်းကျော်လားပဲ။"
ထိုအမျိုးသမီးက ရှူးရှူးရှဲရှဲ ဖြစ်သွားသည်။မကျေနပ်သည့်မျက်နှာထာ
နှင့်
"ဆရာလေး နာမည်က"
"ကျနော်နာမည် ဒေါက်တာဟမ်စိုင်းပါ"
"နိုင်ငံတော်က အခမဲ့ပေးတာတောင် စေတနာ တရားခေါင်းပါးတဲ့ ဆရာဝန် ။ဖေ့ဖွတ်ပေါ် တင်မယ်"
ကျွန်တော် ထိုအမျိုးသမီး၏ မျက်ဝန်းကို ကြည့်ပြီး ပြုံးပြလိုက်ရင်း
"တင်ပေါ့အန်တီရယ်။ခဏနော်"
ဘေစင်ကိုသွားပြီး မျက်နှာအမြန်သစ်လိုက်သည်။ထိုင်ခုံဆီပြန်လာထိုင်၊ အင်္ကျီကို ဆန့် ခါးမတ်မတ်ထား နားကြပ်ကို လည်ပင်းချိတ်ကာ လက်ညှိုးနှစ်ချောင်းထောင်ပြီး
"ရိုက်လို့ရပြီအန်တီ"
ဟုတ်တယ်လေ ။တစ်ရက်အတွင်း ဖေ့ဖွတ်မှာ like ပေါင်းများစွာ share ပေါင်းများစွာနဲ့ facebook အဆဲခံ ဆယ်လီဖြစ်မယ့် ဓာတ်ပုံ မှာ အဆီတဝင်းဝင်းမျက်နှာကြီး ပါသွားလို့ ဘယ်ဖြစ်ပါ့မလဲ။ ကျွန်တော် SMART ကျပြီး ချောမောနေဖို့ လိုတာပေါ့ ။ဖုန်းကိုင်ထားသည့် ထိုအမျိုးသမီးလက်က အနည်းငယ် တွန့်သွားသည်။
"ဘယ်လိုဆရာဝန်လဲ မသိဘူး။
လာ သမီးပြန်ကြမယ်"လို့ ပြောပြီး သူ့သမီးကို ပွေ့ချီကာ ခပ်သွက်သွက် ပြန်သွားကြသည်။ "ဆရာဝန်ကို စိတ်တိုလိုလား အခမဲ့ မရလို့လား မသိဘူးဆရာရေ"
ဆရာမကပြောတော့ ကျွန်တော်ပြုံးမိသေးသည်။လူနာတွေကို အခမဲ့ဆေးတွေပေးနေပေမယ့် ဆေးရုံ က ဝန်ထမ်းအားလုံးစေ့အောင် နေစရာတောင် မပေးနိုင်သေး။
ဦးစီးအရာရှိရာထူးနဲ့ ကျွန်တော်ကိုယ်တိုင် အပြင်မှာ
အဆောင်ငှါးနေရသည်။စေတနာ ခမ်းသွားတာ မဟုတ်ပေမယ့် ပုထုဇဉ် ပီပီ တစ်ခါတလေ ဒေါသထွက်မိသည်။ အတွေ့အကြုံတွေ လိုချင်လို့ ဝင်လာသူတစ်ဦးအတွက်
အထူးကုဖြေချင်လို့ ဝင်လာသူ
မဟုတ်တဲ့အတွက် အလုပ်ကထွက်ရတော့ရော မက်လောက်စရာ ရှိရဲ့လား။
ဆေးတွေ အမြဲမပြတ်ရှိနေဖို့ကရော......။ဟင်း..။
အတွေးတွေကို ဘေးဖယ်ပြီးလူနာတွေကြည့်ရသည်။
"သည်လူနာကို ဖျားနာဆောင် ပို့ဟေ့"
မြွေကိုက်ခံရသည့်လူနာ(ဘာမြွေလည်း မသိ။ထွက်ပြေးသွားသည်ဟု ဆိုသည်)ကို ဖျားနာဆောင် ပို့ခိုင်းရသည်။ မိုးလေး မစို့မပို့ရွာတော့ မြွေတွေထွက်လာသည်ထင်။
"ဟိုလူနာက ခွဲစိတ်ဆောင် ။သူက အရိုးကုသဆောင်"
ဆိုင်ကယ်မှောက်ပြီး ရောက်လာသည့် လူနှစ်ဦးကို အမြန်ကြည့်ပြီး ကုသဆောင် အသီးသီးသို့ ပို့ခိုင်းရသည်။နှစ်ယောက်စလုံး ဦးထုပ်မပါ။ခေါင်းတွေပေါက်ပြဲနေသည်။အရက်နံ့က တထောင်းထောင်းထလို့။ အပြစ်တင်သလိုတွေးမိတော့ ကိုယ်တိုင် တောင် ဆိုင်ကယ် စီးတိုင်း ဦးထုပ် မပါတာတွေးမိတော့ မဆူဖြစ်တော့။
"ဆရာ ဆေးမထိုးလို့ မရဘူးလား။ များက ဆေးထိုးအပ် အရမ်းကြောက်တာ ဟင့်..."
တစ်ကိုယ်လုံး တက်တူးအပြည့်ထိုးထားတဲ့ လူနာက ခပ်နွဲ့နွဲ့ ခပ်ချွဲချွဲ စကားဆိုသည်။ ထိုလူက ကမ်းနားဘက် လမ်လျှောက်ရင်း ခြေထောက်ကို သံစူးမိကာ ဆေးရုံသို့ရောက်လာတာ ဖြစ်သည်။
"အဲ့တာဆို တက်တူးကျ ဘာလို့ထိုးထားသေးလဲ။ ထိခိုက်ဒဏ်ရာရတိုင်း မေးခိုင်ကာကွယ်ဆေး ကတော့ မဖြစ်မနေထိုးရမယ်"
"ဟင့် အင့်...
တက်တူးထိုးတာကလေ....
များက လှချင်လို့ပေါ့ ရှင်။
အဲ မှားသွားလို့။ လှချင်လို့ပါဗျာ"
စိတ်ထဲ ပြုံးမိပေမဲ့ အပြုံးက နှုတ်ခမ်းထိ ရောက်မလာ ။လူနာတွေက စုပုံနေ၍ဖြစ်သည်။
နောက်ထပ် လူနာတစ်ဦးကို ထပ်ကြည့်ရသည်။
သွေးအန်၊ သွေးဝမ်းသွားတဲ့လူနာ။
ဆေးမှတ်တမ်းတွေ ကြည့်လိုက်တော့ ဆေးရုံတက်လိုက် သက်သာတာနဲ့ ပြန်ဆင်းလိုက် လုပ်နေတဲ့ အရက်သမားဖြစ်နေသည်။ ဆေးရုံ ကဆင်းရင် အရက် လုံးဝ မသောက်ရဘူးလို့မှာလိုက်ပြီးသားပဲ။ သူ့ဘာသာ သူ ထပ်သောက်ပြီး ဒုက္ခ ရောက်တာကို ပြစ်ထားလို့လည်း မရပြန်ဘူး။
အမြန်ဆုံးစမ်းသပ် ပြီး ခွဲစိတ်ဆောင်ကို ပို့ခိုင်းရသည်။
"ဒီဆေးက မနက်တစ်ကြိမ် ညတစ်ကြိမ်။ ၁...၁လို့ ရေးပေးထားတယ်။ ဒီဆေးက မနက် တစ်ကြိမ် နေ့လည် တစ်ကြိမ် ညတစ်ကြိမ် ၁...၁...၁..လို့ ရေးပေးထားတယ်။ ဒီ
နှစ်မျိုးကတော့ ဒီမှာ မရှိလို့ အပြင်က ဝယ်သောက်ရမယ်"
သူနာပြုဆရာမလေး က လူနာကို ရှင်းပြနေသည်။လူနာ၏ ဘေးကလိုက်လာသည့် လူကခက်ထန်နေသည့် မျက်နှာနှင့် "အစိုးရက ကြော်ငြာ ထားတော့ ဆေးအားလုံး အခမဲ့ဆို ဘာလို့ ဒီဆေးတွေကို အပြင်က ဝယ်ခိုင်းတာလဲ"
"အခမဲ့ ပေးတဲ့ ဆေးတွေ ထဲ အဲ့ဆေးတွေ မပါပါဘူး။ လူနာ နဲ့ သင့်တော်မဲ့ ဆေးကို ညွှန်ရတာမို့ပါ။ လိုချင်ရင် ဒီစားပွဲပေါ်က ကြိုက်တဲ့ ဆေး ယူလိုရတယ်။ဒါ အခမဲ့ပေးထားတဲ့ ဆေးတွေ။ယူသွားပါ"
ကျွန်တော့် စိတ်ထဲ အချဉ်ပေါက်ပြီး ဝင်ပြောလိုက်မိသည်။ လူနာက
"ရပါတယ်ဆရာလေးရဲ့။ ဝယ်လိုက်ပါ့မယ်"လို့ ဝင်ပြောရှာသည်။ လူနာစောင့်က ပေကပ်ကပ်ကြည့်ကာ ထွက်သွားသည်။
ကမ္ဘာမှာ နိုင်ငံသူ နိုင်ငံသားတွေဆီက အခွန်မကောက်ဘဲ အခမဲ့ကုသပေးတာမြန်မာနိုင်ငံပဲ ရှိမည်။ဒါပေမဲ့ ဆေးအားလုံး တော့ မပေးနိုင်။ ဟိုဟာ မနိုင်ဘဲ ဟိုဟင်းသောက်သလို ဖြစ်နေပြန်သည်။ အကျိုးဆက်အနေနဲ့ ဝန်ထမ်းနှင့်ပြည်သူတွေကြား ပွတ်တိုက်မှုက မကြာခဏ ဖြစ်လာတော့သည်။
"ကလင် ကလင်"
ဆရာမက ဖုန်းထကိုင်သည်။
"ဆရာ EMO(ပြင်ပလူနာအရေးပေါ်ဌာနမှ တာဝန်ကျဆရာဝန်)နဲ့ ပြောချင်လို့တဲ့"
ထိုင်ရာကထ ဖုန်းဆီသွား
"ဟယ်လို တာဝန်ကျ ဆရာဝန်ပါ"
"ဟုတ် ဆရာစိုင်းလား ။ကျနော် ကျော်မင်း ပါ။ ဆရာစိုင်း Surgical ward(ခွဲစိတ်ဆောင်)ကိုတင်လိုက်တဲ့ လူနာကလေ fracture ulnar(လက်ဖျံရိုး ကျိုး) ကြီးနဲ့ ။ခေါင်းက ဒဏ်ရာတွေက ချုပ်ပေးပြီးပြီ။ အဲတာ Ortho ward(အရိုးကုသဆောင်) ကို ပြောင်းပေးပါ့လား"
"မဟုတ်ဘူး အကို။အဲ့လူနာက head injury(ခေါင်းကိုထိခိုက်ခြင်း) အပြင် ILOC(ဒဏ်ရာရစမှာ သတိလစ်မေ့မြောခြင်း)ဆယ့်ငါးမိနစ်ရှိလို့ အဲ့ward(ကုသဆောင်)တင်လိုက်တာ။ortho(အရိုးကုသဆောင်)ကို referပြလိုက်ပါ့လား"
"ဟုတ်ကဲ့ ဆရာစိုင်း ကျေးဇူးနော်"
"ဟုတ်။ကျေးဇူးပါဆရာ"
############
ညခင်း ၇ နာရီ နောက်ပိုင်းတွင် လူနာအလာကျဲသွားသည်။ ပါလာတဲ့ ဝတ္ထုတိုစာအုပ်ကို ဖတ်နေမိသည်။ ထိုအချိန်တွင် ဆေးရုံ အလုပ်သမားက ဝီးချဲလ်ပေါ်တွင် အမျိုးသမီး တစ်ဦးကိုတင်ပြီး တွန်းလာသည်။ ထိုအမျိုးသမီး၏ မျက်နှာက မခံမရပ်နိုင်အောင် နာကျင်နေသည့်ပုံ။
"ဘာဖြစ်လာလို့လဲ"
ကျွန်တော့် အမေးကို ပြန်ဖြေပေးဖို့ အတော်လေး အားယူနေရသည့်ပုံ။သူမ၏ ဗိုက်ကို လက်ညှိုးထိုးပြသည်။ကျွန်တော်ထိုင်နေတဲ့ နေရာက သူမ၏ဗိုက်ကို မမြင်ရ။
ဘေးကအတူပါလာသည့် လူနာစောင့်က
"ကလေး မီးဖွားချင်လို့ဆရာ။ ရေမွှာပေါက်သွားပြီ"
မဗိုက်ကို အမြန်ထကြည့် ပြီး
"ညီလေး ရေ OG မြန်မြန် ပို့ဟေ့။Admissionစာရွက်က နောက်မှပို့။"
သည်နေ့အတွက် Wardငါးခုလုံး လူနာစုံပြီပေါ့။စာအုပ်ပြန်ဖတ်မည်ကြံခိုက် လူနာတင်ယာဉ်သံကြောင့် သတိမတ်မတ်အနေအထားကို ပြောင်းထိုင်ရင်း လာမည့်လူနာကို စောင့်နေရသည်။ရောက်လာသည့်လူနာက မလိုချင်သည့် Brougt Dead။ မန္တလေး ကနေ သည်မြို့ကတည်းခိုခန်းမှာ စမောလာဆွဲရင်း သေဆုံးသွားခြင်းဖြစ်သည်။ ကာမဆေးတွေသုံးလို့လား။ နှလုံးရောဂါ အခံရှိနေလို့လာ့း။ သွေးရိုးသားရိုးသေတာရော ဖြစ်နိုင်ပါ့မလား။
အတွေးများစွာနှင့် လူနာကို ကြည့် မှတ်တမ်းတင်ပြီး သေဆုံးသူကို ရေခဲတိုက်သို့ ပို့ခိုင်းရသည်။သေဆုံးသူ နှစ်ယောက်တောင် PM(သေဆုံးပြီး ရင်ခွဲစစ်ဆေးခြင်း)လုပ်ရမည်ဆိုတော့ မနက်ဖြန် မနက် ကိုးနာရီ ချိန်းထား တဲ့ ကိစ္စတော့ ပျက်ပြန်ပြီပေါ့။ သေဆုံးလူနာကို ရေခဲတိုက်ထဲ မပို့ခင် ပြဿနာ ကြုံရပြန်သည်။ သေဆုံးလူနာ၏ မိသားစု ဝင်တွေက လူနာကို ရင်ခွဲ စစ်ဆေးခြင်း မပြုဘဲ အိမ်ကို ပြန်ခေါ်လိုကြသည်။ မိသားစု အင်းအားက အယောက်၂၀ခန့်ရှိသည်။ မှု့ခင်းလူနာမို့ ရင်မခွဲဘဲ မစစ်ဆေးဘဲ သေဆုံးရခြင်းရဲ့ အကြောင်းအရင်းကို ထွက်ဆိုလို့ မရကြောင်း၊ ဆရာဝန်၏ ထင်မြင်ချက်မပါရင် ပင်စင်စာအုပ်ကစ သင်္ဂြိဟ်တဲ့ အထိပါ ဒုက္ခ ရောက်မည်ဖြစ်ကြောင်း ရှင်းပြနေပေမဲ့ မဖြစ်မနေ ပြန်ခေါ်သွားမည့်ပုံစံတွေက မပြောင်းလဲ။ တချို့ လူတွေဆီမှာ လူနာကိုပြန် မသယ်ရရင် ကျွန်တော်တို့ကို ရန်ပြုနိုင်တဲ့ အပြုအမူတွေ တွေ့လာရသည်။ ရဲစခန်းကို အမြန်ဖုန်းဆက်ရသည်။ ဒါက...ရဲတွေ ဖြေရှင်းရမဲ့ အလုပ်တွေ။ကျွန်တော်၊ သူနာပြုဆရာမနှင့် ဆေးရုံ လုပ်သား တွေအတွက် လုံခြုံမှု မရှိတဲ့နေရာကို ရောက်နေသည်ဟု ထင်မြင်ခံစားမိတော့ စိတ်ထဲ ချောက်ချားသွားမိသည်။ရဲတွေရောက်လာမှ မဖြစ်မနေ အလောင်းပြန်သယ်မဲ့ ကိစ္စက အဆင်ပြေသွားသည်။မိသားစုဝင်တွေက လူနာကို ရင်ခွဲစစ်ဆေးဖို့ သဘောတူကြသည်။
"ဖလပ်"
ဓာတ်ပုံ ရိုက်လိုက်သည့် မီးအလင်းကြောင့် ဓာတ်ပုံရိုက်သူကို လိုက်ရှာရသည်။ အသက်၄၀ခန့် လူတစ်ဦးက သေဆုံးသူအား သယ်နေတဲ့ပုံတွေကို ရိုက်နေသည်။
"ဒီမှာ ။ဦးလေး ဆေးရုံ မှာ ခွင့်မတောင်းဘဲ ဓာတ်ပုံ ရိုက်လို့မရဘူးဗျ"
ထိုလူ၏ မျက်ဝန်းများက ရဲရဲတောက်နေသည်။ ကျွန်တော့်အရှေ့ဘက်ဆီသို့ လျှောက်လာသည်။ ထိုလူ့ဆီမှ အရက်နံ့က ကျွန်တော့်နှာခေါင်း ဆီ တိုးဝင်လာသည်။ထိုလူက ကဒ်တစ်ခု ထုတ်ပြပြီး
"ကျနော် "ဖွကြမယ်"ဂျာနယ် က သတင်းထောက်ပါ။ ဘယ်နေရာမဆို ဓာတ်ပုံ ရိုက်ခွင့်ရှိတယ်"
"ဒါ ဆေးရုံ ပါ။ဆေးရုံမှာ ဆေးရုံ စည်းကမ်းလိုက်နာပါ။ရိုက်ချင်ရင် ဆေးရုံ အုပ်ဆီ ခွင့်သွားတောင်းပါ"
"မင်းနာမည် ဘယ်သူ တုန်း။ သတင်းစာ ထဲ ထည့်ရေးပစ်မယ်။ ဘာမှတ်နေလဲ"
"ဦးလေး ကဒ်လည်း ပြပါ။ ကျွန်တော်လည်း ဦးလေးအတွက် ဆောင်းပါးရေးပြီး ဦးလေးတို့ "ဖွကြမယ် "ဂျာနယ် ကို ပို့ပေးမယ်"
"ဟမ် မင်းကစာရေးဆရာလား။"
"ဦးလေး မူးပြီး ဓာတ်ပုံတွေရိုက်နေတဲ့ ပုံကို ကျနော် ကင်မရာ နဲ့ video ရိုက်ထားတယ်"
တကယ် မဟုတ်ဘဲ နည်းနည်းပါးပါး ဖိန့်လိုက်ရသည်။
"အဲ့လို မလုပ်နဲ့ငါ့တူ။ဦး ဖုန်းထဲက ပုံတွေ ပြန်ဖျက်ပေးမယ်။ ငါ့တူလည်း အဲတာကိုdeleteလုပ်ပေး"
ခေါင်းညိတ်ပြရင်း တခြား လူနာတွေကို ဆက်ကြည့်ရသည်။
ည ဆယ်နာရီအထိ လူနာ က ခပ်ကျဲကျဲလာနေတုန်းပင်။ ည ဆယ့်တစ်နာရီ လူနာ မလာတော့သည်မို့ နားနေခန်းထဲဝင် ကုတင် ပေါ် ခြေပစ်လက်ပစ် လဲလိုက်မိသည်။ ခါးဆန့်လိုက်တော့ အရိုးတွေဆီမှ တဖြောက်ဖြောက် မြည်လာသည်။ တစ်နေကုန် Facebookမဖွင့်ရသေးတာမို့ ဖွင့်ကြည့်မိတော့ တက်လာသည့်သတင်းက ဆရာဝန်တစ်ယောက်ကို ပိုက်ဆံ ၇သိန်းစိုက်ပြီး ခွဲစိတ်ခန်း လုပ်သင့်သည်တဲ့။ ရတဲ့လစာက တစ်လ နှစ်သိန်းခွဲ။အဆောင်စရိတ် ၊စားစရိတ်တွေနဲ့ တစ်ကိုယ်ရည်သုံးစရိတ်တွေ လောက်ငရုံပင်။ အိမ်တောင် ပြန်မပေးနိုင်။
ဖုန်းကြည့်နေရင်းက မှေးခနဲ အိပ်ပျော်သွားသည်။
"ဒေါက် ဒေါက် ဆရာ လူနာလာတယ်"
နာရီ ကြည့်မိတော့ မနက် ၁နာရီ ၅၀ ။မေးကြည့်တော့ ။ တက်ပြီး သတိလစ်သွားလို့တဲ့။
သူမယောက်ျားက သူ့ဆီ ဖုန်းမဆက်လို့ ဒေါသထွက်ပြီး တက်သွားတာတဲ့။
AN (anxiety neurosis၊စိတ်ဖိစီးမှုကြောင့်ဖြစ်သောရောဂါ)ကြီးများလား။
ကျွန်တော် စမ်းသပ်နေချိန်တွင်
တက်မနေတော့ပါ......။
သွေးပေါင် တိုင်းဖို့ လက်ကို ကိုင်လိုက်ချိန်
သူမက ခြေတွေ လက်တွေ ရုန်းကန်သည်။သူမ၏ လက်မှာ တက်တူးထိုး ထားတာတွေကို တွေ့ရသည်။
"မ....။
ငြိမ်ငြိမ်နေပေးပါ ။ သွေးပေါင် တိုင်းမလို့"လို့ပြောလည်း လက်ကို သွေးပေါင် တိုင်းမရအောင် ကွေး ဆန့် လုပ်နေသည်။သူနာပြုဆရာက သူမရဲ့ လက်ကို ကူပြီး ထိန်းပေးပေမယ့် သွေးပေါင် တိုင်းလို့ မရအောင် ထပ်လှုပ်နေသည်။ တကယ်တော့ သူမက သတိကောင်းစွာ ရနေပါပြီ။
"ဟေ့...အသိစိတ် ရှိရဲ့သားနဲ့ အဲ့လို မလုပ်နဲ့လေ" လို့ ကျနော် ပြောလိုက်ချိန်
"ဒီလို ဆရာဝန် နဲ့ လုံးဝ မကုနိုင်ဘူး။ ပြန်မယ်။ ဘယ်လို ဆရာဝန်လဲ။ လူနာကို စော်ကားတယ်။........................."
သတိလစ်နေတယ်ဆိုပါတဲ့ သူမကလေ....ရုတ်တရက် ထပြီး
မိုက်မိုက်ရိုင်းရိုင်း စကားတွေ ပြောဆိုကာ ဆေးရုံပေါ်ကနေ ပြန်၏။
ကျနော် သူမကို ဘာစကားမှ ပြန်မပြောဘဲ တာဝန်ကျရာနေရာမှာပဲ ထိုင်နေလိုက်မိသည်။
ထိုင်နေရင်း
ကျနော် ပြန်စဉ်းစားမိတာက
ငါများ တော်တော် အပေါက်ဆိုးနေလား?
ရောက်ကတည်းက ဟိန်းဟောက် နေလို့လား?
ငါပြောလိုက်တဲ့ "ဟေ့...အသိစိတ် ရှိရဲ့သားနဲ့ အဲ့လို မလုပ်နဲ့လေ"ဆိုတဲ့စကားကရော သူမကို စော်ကားနေမိတာလား?
ဟင့်အင်း။ တစ်ခုမှ မဟုတ်ပါဘူးလို့ ကျနော်ထင်သည်။
AN လည်း မဟုတ်တန်ရာ။မိမိ ပြဿနာ၊ မိမိရဲ့ အပူတွေကို တခြားလူ သို့ ပေးချင်သူသာဖြစ်ရမည်။
"ဆရာဝန်ကို လေးစားတာ မလေးစားတာ ထက် ယုံကြည်မှု မရှိဘဲ ကုသနေရင် သာမန် ရောဂါတောင် အပျောက် နှေးတတ်ပါတယ်။"
သူမနဲ့ပါလာတဲ့ သူမညီမကိုပြောတော့ သူမညီမက
" တောင်းပန်ပါတယ်ဆရာ။ အမက သူဆေးရုံတက်ရင် သူ့ယောက်ျားက သူ့ဆီ ပြန်လာမယ်ထင်လို့ ဆေးရုံ တက်ချင်နေတာပါ"
"ရပါတယ် "
နားနေခန်းထဲပြန်ဝင်ပြီး အိပ်ပျော်အောင် မနည်းကြိုးစားရသည်။
"Night duty ချတာ အိပ်ဖို့ မဟုတ်ဘူး "ဟု commentပေးဖူးသော လူတစ်ဦး၏ စကားကို တွေးမိတော့ ပြုံးရသေးသည်။ ဆရာဝန် တွေက စက်ရုပ်မှ မဟုတ်တာ။ ၂၄နာရီ Non Stopအလုပ်လုပ်နေဖို့ ပါဝါရိန်းဂျားဖြစ်ဖို့လိုသည်။
ကြားထဲ နာရီ ဝက်ခြားတစ်ခါ လူနာကလာနေသည်။ ဖျားနေတာ ၇ရက်ရှိမှ၊ ဆေးမြီးတိုနှင့်ကုနေတာ တစ်လကြာမှ၊မိမိဘာသာ ဗိုက်ဖျက်ချပြီး သွေးဆင်းမရပ်တော့တဲ့လူနာ၊ သွားကိုက်တာ မနက်ကတည်းက ညမှ မနေနိုင်လို့ လာပြတဲ့လူနာ အစရှိသဖြင့် လူနာတွေ ။ နည်းနည်းပါးပါး တော့ ဒေါသထွက်ဖို့ကောင်းသည်။ တကယ် မနေနိုင်မှ ညဥ့်သန်းခေါင်း လာပြကြသည်။
"လူနာတွေရဲ့ အတိတ်ကိုမေ့လိုက်။ ကိုယ့်ဆီ ရောက်လာချိန်က စပြီး အကောင်းဆုံး လုပ်ပေးရမှာ ကိုယ့်တာဝန်ပဲ"
ဆရာမကြီး တစ်ဦးပြောဖူးသည့် ဆုံးမစကား ကို ပြန်လည် ကြားယောင်မိသည်။
"ဝင်လေ ထွက်လေ ဝင်လေ ထွက်လေ"
အသက်ရှူရင်းက အိပ်ပျော်သွားပြန်သည်။
"ဒေါက် ဒေါက် ဆရာ ဆရာ
ဆရာ NA (new admission၊လူနာသစ်)လာတယ်"
အိပ်ချင်နေသည့် မျက်လုံး ကို အားကုန်ဆွဲဖွင့်
"အေး လာပြီ"
လူနာကုတင်ပေါ်တွင် အသက် ဆယ့်ရှစ်နှစ်ခန့် ကောင်မလေးက လူးလဲပြီး အော်ဟစ်နေသည်။ သူမရဲ့ အနားမှာ အမျိုးသမီး နှစ်ဦးက ပျာပျာသလဲ ဖြစ်လို့။
"ဘာဖြစ်လို့လဲ "
"သမီးလေးကအခုမှ ဗိုက်အတင်းနာလာလို့ဆရာ"
"အပျိုလား အိမ်ထောင်နဲ့လား"
"အပျိုပါရှင့်"
"ဘယ်နားက နာတာလဲ"
ဗိုက်ကို စမ်းသပ်ကြည့်မိလုပ်တော့ ဂေါင်ဝန်ကြီး ဝတ်လာသည်။ ဂေါင်ဝန်ကို အပေါ် လှန်ပေးဖို့လိုသည်။ပါလာသည့် အဖော်နှစ်ဦးက စိုးရိမ်သည်ကလွဲ၍ ဘာမှ လုပ်တတ်ဟန်မတူ။
"အထဲမှာ ဘောင်းဘီပါလား"
"ကောင်မလေးက ခေါင်းညိတ်ပြသည်"
ဂေါင်ဝန်ကို အပေါ်သို့ ဆွဲလှန်လိုက်သည်။
"ဟမ်"
ဂေါင်ဝန်ကို အောက်သို့ အမြန် ပြန်ဖုံးရသည်။ ဘာဘောင်းဘီမှ ဝတ်မထားဘဲ မိမွေးတိုင်း ဗလာ။
"ပြောတော့ ဘောင်းဘီပါတယ်ဆို"
"ဟီး ညက ချွတ်ထားမိတယ်ထင်တယ်"
မေးမြန်းရင်း စမ်းသပ်ရင်း သိရသည်က မနေ့ညနေက ဝယ်လာသော ယိုးဒယား သင်္ဘောသီး ထောင်း နှစ်ပွဲကို တရေးနိုး ထစားပြီး ဗိုက်နာလာသည်ဟုဆိုသည်။ လိုအပ်တဲ့ ကုသမှုတွေ ပေးပြီး ပြန်လွှတ်လိုက်သည်။
လက်က နာရီကို ကြည့်မိတော့ မနက် ၆နာရီ အတိ။ အိပ်ချင်စိတ်က မရှိတော့။သွားတိုက်၊မျက်နှာသစ် ပြီး Night report(တာဝန်ဆင်းချိန် ဆေးရုံလာပြတဲ့လူနာ၊ဆေးရုံပေါ်မှ ဆင်းတဲ့လူနာ၊တက်တဲ့လူနာ၊ မှု့ခင်းလူနာတွေအကြောင်း ဆေးရုံအုပ်ကြီးထံ ပို့ရသည့် အစီရင်ခံစာ)ရေးရသည်။ မကြာခင် တနင်္ဂနွေ နေ့ တာဝန်ကျသည့် MO (ဆရာဝန်)လာတော့မည်။ ကျွန်တော် ကတော့ ဂျူတီ ထွက်ချိန် ၈နာရီ ပြီးတာတောင် သေဆုံးသူ နှစ်ဦးကို ရင်ခွဲစစ်ဆေးဖို့ ရေခဲတိုက်ကို သွားရပေဦးမည်။
ဟမ်စိုင်း(ဆေး-မန်း)
မေလ။၂၀၁၇။မဟေသီ မဂ္ဂဇင်း။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment