အမေရိကန်ကို ကူညီရန်အတွက် ဂျပန်၏ အကြီးမားဆုံး စစ်သင်္ဘောကို စေလွှတ်
အမေရိကန် ရေတပ်သင်္ဘော တစ်စီးကို ကူညီစောင့်ရှောက်ရန်အတွက် ဂျပန်၏ အကြီးမားဆုံး စစ်သင်္ဘောကြီးကို စေလွှတ်ပေးသွားမည်ဟု သိရသည်။
ဂျပန်မီဒီယာများက ရဟတ်ယာဉ်တင် သင်္ဘောကြီး Izumoသည် ပစိဖိတ် အနောက်ဘက်ကမ်းခြေ ဒေသတွင် အင်အားပြ ဖြန့်ကျက်ထားသည့် အမေရိကန် ရေတပ်သင်္ဘော အုပ်စုကို လောင်စာဆီ ဖြည့်တင်းပေးမည့် ထောက်ပံ့ရေး သင်္ဘောနှင့်အတူ လိုက်ပါသွားမည်ဟု ဖော်ပြခဲ့သည်။
ဂျပန်တွင် စစ်အင်အား တိုးချဲ့တည်ဆောက်ရေးအတွက် အငြင်းပွားဖွယ် စည်းမျဉ်းဥပဒေ ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း Izumo အနေဖြင့် အဆိုပါ စစ်ဆင်ရေးမျိုးကို ပထမဆုံးအကြိမ် ထမ်းဆောင်ခြင်းလည်း ဖြစ်သည်။ Izumoသည် ပြန့်ကားကျယ်ပြန့်သော ကိုယ်ထည်ဖြင့် ဒီဇိုင်းထုတ် ဖန်တီးထားပြီး လေယာဉ်တင် သင်္ဘောအသွင် အလွယ်တကူ ပြောင်းလဲအသုံးပြုနိုင်ရန် စီစဉ်ထားခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံတကာ လက်နက်ရေးရာ ပါရဂူများက သုံးသပ်ထားသည်။
အမေရိကန် ရေတပ်၏ နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင် သင်္ဘောကြီး USS Carl Vinson ဦးဆောင်သည့် တိုက်သင်္ဘောအုပ်စု ကိုရီးယားကျွန်းဆွယ်အနီး လှုပ်ရှားနေမည့် အင်အားပြ အစီအစဉ်တွင် ထိုသင်္ဘောအုပ်စုကို ဆီဖြည့်ပေးရန် အမေရိကန် ရေတပ်က ထောက်ပံ့ရေးသင်္ဘော စေလွှတ်ခြင်း ဖြစ်သည်။ ၂၄၉ မီတာ ရှည်လျားသော Izumoသည် ရဟတ်ယာဉ် ၉ စင်းကို သယ်ဆောင်၍ ထိုသင်္ဘောနှင့်အတူ လိုက်ပါမည်ဟု Japan Times သတင်းစာက ဖော်ပြခဲ့သည်။
Izumoသည် တိုကျိုတောင်ပိုင်း ယိုကိုဆူကာ အခြေစိုက်စခန်း အနီးတွင် အမေရိကန် ထောက်ပံ့ရေး သင်္ဘောနှင့် ဆုံတွေ့ပြီး အတူယှဉ်တွဲ ခုတ်မောင်းမည်ဟု သိရသည်။ Izumoသည် ၂၀၁၅ က ပြဋ္ဌာန်းခဲ့သည့် ဥပဒေသစ်ကို လက်တွေ့ ကျင့်သုံးသည့် ပထမဆုံး ဂျပန်စစ်သင်္ဘောလည်း ဖြစ်လာမည်ဟု ဆိုသည်။ ဥပဒေသစ်တွင် ဂျပန်အနေဖြင့် မဟာမိတ်တပ်များ တိုက်ခိုက်ခြင်း ခံရပါက ပါဝင်ကူညီခွင့် ရှိမည်ဖြစ်သည်။
ဂျပန်၏ ဖွဲ့စည်းပုံ ဥပဒေအရ ဂျပန်၏ ကာကွယ်ရေး တပ်ဖွဲ့များသည် နိုင်ငံ၏ ရပ်တည်မှုကို ထိပါးလာခြင်း မရှိသ၍ နိုင်ငံတကာ အရေးကိစ္စ ပြဿနာများတွင် ပါဝင်ဆက်နွှယ်ခွင့် မရှိခဲ့ချေ။ ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများ မြင့်တက်နေချိန်၌ ဂျပန်ရေတပ်သည် အမေရိကန်ရေတပ်နှင့် ပူးပေါင်း၍ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သလို ယခုအခါ Izumoကိုပါ စစ်ဆင်ရေးတစ်ရပ်အတွက် စေလွှတ်ခဲ့ခြင်း ဖြစ်သည်။
Ref: Japan Times
Nainglin Aung ဘာသာပြန်ဆိုသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment