အဆင့်များ၊ ရှုပ်ထွေးမူတွေကြောင့် ငြိမ်းချမ်းရေးရဖို့ အချိန်ကြာရှည်သွားမလား
တနှစ်ကို ၂ကြိမ်ကျင်းပမယ်လို့ ဆုံးဖြတ်ထားတဲ့ ၂၁ရာစုပင်လုံညီလာခံကို မေလ ၂၄ရက်နေ့မှာ ဒုတိယအကြိမ်ကျင်းပဖို့ ဆုံးဖြတ်လိုက်ပါတယ်။
တချိန်ထဲမှာဘဲ ၂၁ ပင်လုံမှာ တင်သွင်းဖို့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနေပေမဲ့ တိုးတက်မှု သိပ်မတွေ့ရလို့ ဆိုပါတယ်။ ဒီအခြေအနေတွေအရ ငြိမ်းချမ်းရေးရဖို့ အချိန်တွေကြာမှာဖြစ်တယ်လို့ ဝေဖန်မှုတွေရှိပါတယ်။
---
ဦးတင်အောင်ခိုင်က ဆက်လက်တင်ပြပေးလိုက်ပါသည်။
------------------------------------------------
ငြိမ်းချမ်းရေးအတွက် အားလုံးပါမှ အောင်မြင်နိုင်မယ်ဆိုတာတဲ့ စကားဟာ သဘောတရားနဲ့ လမ်းကြောင်းအရ မှန်ကန်ပေမဲ့ ဘယ်လိုပါဝင်ရမှာလည်းဆိုတဲ့ မေးစရာတွေ ရှိနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က အားလုံးပါဝင်ရေးလို့ ပြောနေတာနဲ့ တချိန်ထဲ NCA တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမှာ ပါဝင်လက်မှတ်ရေးထိုးဖို့ တိုက်တွန်းနေလေတော့ အားလုံးပါဝင်ရေးဆိုတာ အားလုံးပါဝင်လက်မှတ်ရေးထိုးဖို့ ပြောတာများလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်နေပါတယ်။ လက်ရှိမှာ NCA လက်မှတ်ရေးထိုးပြီးတဲ့ အဖွဲ့များက အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ကျင်းပလျက်ရှိပါတယ်။ အခုကျင်းပနေတဲ့ အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲဟာ ငြိမ်းချမ်းရေးလမ်းကို သွားဖို့ အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်နေတာတော့ အမှန်ပါ။ NCA လက်မှတ်ရေးထိုးထားတဲ့ ချင်းအမျိုးသားတပ်ဦး CNF က ဒေါက်တာရွှေခါးပြောတာက
“ငြိမ်းချမ်းရေးကတော့ ဒီပြဿနာက နိုင်ငံရေးပြဿနာဖြစ်နေတဲ့ အတွက်ကြောင့် နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းရမှာပေါ့၊ နိုင်ငံရေးမဆွေးနွေးဘဲနဲ့တော့ ငြိမ်းချမ်းရေးရနိုင်မှာမဟုတ်ဘူး၊ အဲ့ဒါကြောင့် ငြိမ်းချမ်းရေးအရင်ရအောင်လုပ်ပြီးမှ ဆွေးနွေးကြမယ်ဆိုတဲ့ ဟာကတော့ ကျနော်နားမလည်ဘူး၊ အခုမြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပဋိပက္ခက နိုင်ငံရေးကြောင့် ဖြစ်နေတော့ ဒီနိုင်ငံရေးကို အဖြေရှာကြမယ်၊ နိုင်ငံရေးဆွေးနွေးပွဲလုပ်မယ်၊ အဲဒီလိုသွားပြီးမှဘဲ နှစ်ဘက်ကျနော်တို့ လက်ခံနိုင်တဲ့ သဘောတူတဲ့ ဖြေရှင်းချက်ရရင်တော့ အဲဒါကငြိမ်းချမ်းရေးဘဲ၊ အဲသလိုဘဲ ကျနော်မြင်ပါတယ်။ ”
ဒါပေမဲ့ လက်ရှိမှာ NCA စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့က ၈ဖွဲ့ဘဲရှိပြီး ကျန်လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမှာ မပါဝင်နိုင်တာကြောင့် ဆွေးနွေးချက်တွေဟာ ပြည့်စုံနိုင်ခြင်းရှိပါ့မလားဆိုတဲ့ ဝေဖန်ချက်တွေရှိပါတယ်။ ဒီနေရာမှာ NCA စာချုပ်ပါ ပုဒ်မ ၃၃ခုမှာ ငြိမ်းချမ်းရေး ညီလာခံကို NCA လက်မှတ်ရေးထိုးသူများသာ ပါဝင်ခွင့်ရှိတယ်ဆိုတဲ့ အချက်မပါဝင်ဘူးလို့ ပြောတာတွေရှိပါတယ်။ SNLD ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင် ပြောတာက
“NCA မှာ အခန်း၇ခန်းပါတယ်၊ ပုဒ်မ ၃၃ခုပါတယ်။ အဲ့ဒါအားလုံးက သဘောတူကြပြီဆိုရင် နိုင်ငံရေးဆွေးနွေးပွဲစမယ်ဆိုတဲ့ ဂတိက၀တ်တွေရှိတယ်။ အဲဒါက ဒီစာချုပ် သဘောတူညီချက်ရဲ့ အနှစ်သာရဘဲ၊ နိုင်ငံရေးဆွေးနွေးပွဲစပြီပေါ့ဗျာ၊ နိုင်ငံရေးဆွေးနွေးပွဲရောက်တော့မှဘဲ လိုတာတွေ အကုန်ပြောကြ၊ ဒီညီလာခံက NCA က သတ်မှတ်ထားတဲ့ အတိုင်းလုပ်မယ်ဆိုရင် NCA လက်မှတ်ထိုးမှဘဲ ညီလာခံတက်ရမယ်ဆိုတာတော့ အဲဒီ ပုဒ်မ ၃၃ခုထဲမှာ မပါဘူးဗျ ”
ဦးစိုင်းညွန့်လွင်ပြောသွားတာပါ။ အလားတူဘဲ ဒေါက်တာရွှေခါးကလည်း NCA လက်မှတ်ရေးထိုးခြင်း မရှိသေးတဲ့ အဖွဲ့တွေ လက်မှတ်ရေးထိုးလာမှ အားလုံးပါဝင်လာမှာဆိုရင် သူတို့ ပါဝင်လာအောင် လက်မှတ်ရေးထိုးဖို့တခုတည်း တိုက်တွန်းနေတာထက် တခြားနည်းလမ်းရှာပေးဖို့ လိုတယ်လို့ ပြောပါတယ်။
“NCA အပေါ်မှာကို သွားနိုင်မယ်ဆိုပြီးတော့ အမြင်ရှိတဲ့ သူတွေက လက်မှတ်ရေးထိုးတာပေါ့နော်၊ နံပတ်၂ ကတော့ အဲ့ဒီတုန်းက အားလုံးပါဝင်ရေးမှာ တပ်မတော်ဘက်ကနေ တချို့ အဖွဲ့အစည်းတွေကို သူတို့ က မထည့်ချင်ဘူး အဲ့ဒါကြောင့် သူတို့ လက်မှတ်မထိုးနိုင်ဖြစ်တာပေါ့နော်၊ မုံးလားတို့ ၀လိုမျိုးကတော့ အစကထဲကကို သူတို့ မပါဘူး၊ သူတို့ ကတော့ သူတို့ နည်းနဲ့ သူတို့ သူတို့ဟန်သွားမယ်ဆိုတော့ ဖြစ်နေတဲ့ ဇာတ်လမ်းတွေက အဲ့သလိုရှိနေတယ်၊ အခုဒီဟာတွေကို အားလုံးပါဝင်နိုင်အောင်ဆိုလို့ရှိရင်၊ ကဲတကယ်လို့ NCA ထဲမှာ ဒါတွေဒါတွေ လိုအပ်သေး တယ်ဆိုလို့ရှိရင် အဲ့ဒါကို ညှိနှိုင်းကြ၊ သူတို့လည်း ဒီ prosess ထဲမှာပါလာအောင် နည်းလမ်းရှာပေးရမှာပေါ့”
ဒေါက်တာရွှေခါးပြောတာပါ။ တကယ်က NCA စာချုပ်မှာ လက်မှတ်ရေးထိုးနိုင်ရေးအတွက် တိုင်းရင်းသားတွေဘက်က အစကထဲက အားလုံးပါဝင်ရေးဆိုတာကို ပြောခဲ့တာဖြစ်ပါတယ်။ တိုင်းရင်းသားတွေက ဘာကြောင့်အားလုံးပါဝင်ရေးဆိုတာကို ရှေ့တန်းတင်လာရတာပါလဲ၊ အဖြေကတော့ တပ်မတော်ဘက်ကငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဟိုအဖွဲ့မပါရဒီအဖွဲ့မပါဆိုတဲ့ သတ်မှတ်ချက်ရှိခဲ့တာကြောင့် ဖြစ်ပါတယ်။ တိုင်းရင်းသားအရေးလေ့လာသူ ဦးသန်းစိုးနိုင်ပြောတာက
“ဖြစ်နေတဲ့ အရှုပ်အထွေးတွေ အားလုံးရဲ့အစက ဘာလည်းဆိုတော့ တပ်မတော်က တအောင်းရယ်၊ ကိုးကန့်ရယ် ရခိုင်ရယ် အဲ့ဒီအဖွဲ့ သုံးဖွဲ့ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ခွင့်မပြုနိုင်ဘူးဆိုတဲ့ သဘောထားကြောင့် ခုရှုတ်ထွေးမူတွေဖြစ်ရတာ ဒီအဖွဲ့သုံးဖွဲ့ကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာပါဝင်ခွင့်မပြုဘုး၊ အဲ့ဒီအဖွဲ့တွေကို ဆက်တိုက်နေမယ်ဆိုရင် သူတို့အနေနဲ့လက်မခံနိုင်ဘူးဆိုတဲ့ ကိစ္စအစပြုပြီးတော့ NCA လက်မှတ်ထိုးရေးဟာ အဟန့်အတားဖြစ်တယ် ငြင်းပယ်နေတာ ဒီနေ့အထိ တောက်လျှောက်ဖြစ်လာတာ၊ ကျနော်တို့ ပထမ အဆင့်ညီလာခံအပြီး ၇ရက်ကြာမှာ တပ်မတော်ကနေ စစ်ဆင်ရေးတွေလုပ်တယ်၊ အဲ့ဒီအပေါ်မှာ မြောက်ပိုင်းအဖွဲ့ဆိုတာပေါ်လာတော့ မြောက်ပိုင်းအဖွဲ့ကလည်း ထပ်လှုပ်ရှား အခုကြတော့ အခြေအနေက မြောက်ပိုင်းအဖွဲ့က ၇ဖွဲ့ဖြစ်သွား အဲဒီ၇ဖွဲ့မှာ တချို့က UNFC မှာပါတယ်၊ အတော့ ကိုအခြေအနေက ရှုပ်ထွေးသွားတယ်”
ဦးသန်းစိုးနိုင်ပြောသွားတာပါ။ ဒီအခြေအနေတွေအရ မြန်မာနိုင်ငံက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ပိုမိုရှပ်ထွေးမူတွေဖြစ်ပေါ်လာရတာဖြစ်တယ်လို့ ပြောပါတယ်။ ဒီကိစ္စတွေအတွက်က ၂၁ရာစုပင်လုံ ညီလာခံလိုမျိုးတွေကျင်းပပြီး ခမ်းခမ်းနားနားလုပ်နေတာထက် အရင်အစိုးရ လက်ထက်က NLD ပါတီကအမြဲပြောနေတဲ့ ထိတ်ပိုင်းခေါင်းဆောင် များတွေ့ဆုံဆွေးနွေးပွဲလုပ်ဖို့ လိုအပ်တယ်လို့ ဦးစိုင်းညွန့်လွင်က ရှုမြင်ပါတယ်။
“လူကြီးချင်းတွေ့မှ ရမှာ၊ အဲဒါက တီဗွီအောက်မှာ ဆွေးနွေးလို့ မရဘူး သီးခြားစီ အလွတ်သဘောဆွေးနွေးတယ်ဆိုလို့ရှိရင် ဖြစ်သွားမှာ ကျနော်တို့တတွေ တောင်းဆိုတာက တပြည်လုံးအပစ်အခတ်ရပ်စဲရေး ကြေညာပစ်လိုက်၊ ဟိုဘက်ကလည်း ကြေညာလိုက် ဒီဘက်ကလည်းကြေညာလိုက် မပစ်ကြနဲ့တော့ အဲလိုဆွေးနွေးလိုက်ရင် ကျနော်ထင်တယ် ပိုနီးစပ်တာပေါ့နော်”
အခုအခြေအနေမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ အဆင့်တွေများပြီး ရှုပ်ထွေးမူတွေရှိတယ်လို့ ဝေဖန်တာလည်းရှိ ပါတယ်။ လက်ရှိမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပါ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ နိုင်ငံရေး၊ စီးပွားရေး၊ မြေယာကိစ္စများ သဘာဝသံယံဇာတများ စတာတွေကိုပါ ဆွေးနွေးမူတွေ ရှိနေတာကြောင့် ကောင်းတော့ကောင်းပါတယ်။ ဒါပေမဲ့ အချိန်ကြာဖို့ ရှိတယ်လို့ ပြောဆိုနေကြတာပါ။ လက်ရှိမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တချို့ပြောနေတာက NCA စာချုပ်ကို လက်မှတ်ထိုးပီးသွားတဲ့ နည်းလမ်းဟာ အရင်စစ်အစိုးရလက်ထက်က ကျင်းပခဲ့တဲ့ အမျိုးသားညီလာခံ ကျင်းပတဲ့ ပုံမျိုးဖြစ်နိုင်တယ်လို့ ဝေဖန်နေတာဖြစ်ပါတယ်။ အဓိကက မလိုအပ်ဘဲ အချိန်တွေကြာနေတာကို ပြောဆိုနေတာပါ။
အမျိုးသားညီလာခံကြီးကို ၁၉၉၂မှာစတင်ခဲ့ပြီး ၂၀၀၇ခုနှစ်အထိကျင်းပခဲ့တာ ဖြစ်တာကြောင့် ၁၆နှစ်ကြာမြင့်ခဲ့တာ ဖြစ်ပါတယ်ခင်ဗျား
RFA Burmese
ဖေအောင်ဖော့ဘွတ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment