Latest News

Thursday, May 4, 2017

အောင်မြင်ပျော်ရွှင်တဲ့အိမ်ရှင်မတစ်ဦးဖြစ်ဖို့…

အောင်မြင်ပျော်ရွှင်တဲ့အိမ်ရှင်မတစ်ဦးဖြစ်ဖို့…

ဒီကနေ့ မိသားစု၊ လုပ်ငန်းခွင်နဲ့ ဘ၀အရေးမှာ ဟန်ချက်ညီအောင်ထိမ်းညှိရင်းနဲ့ရှင်သန်နေရတဲ့ အမျိုးသမီးတွေက အများစု ဖြစ်နေတော့ သိပ်အားရ ချီးကျူးဖို့ ကောင်းတယ်လို့  ကျွန်မကတော့နားလည်ယူဆမိပါတယ်။

အိမ်ထောင်ရှင်မလည်း ဖြစ်၊ မိခင်လည်း ဖြစ်၊ လုပ်ငန်းခွင်ထဲက အလုပ်သမားလည်း တစ်ဖြစ်လည်းဘ၀မှာ နေ့စဉ်နဲ့အမျှ ကိုယ့်ကို တွန်းအားပေးနေတဲ့အရာတွေက အများကြီး အများကြီးပါ။

ဒါ့အပြင် ကိုယ့်ကို  တောင်းဆိုနေတဲ့အရာတွေ၊ ဖိအားဖြစ်စေတာတွေကလည်း မိသားစုဘ၀နဲ့လုပ်ငန်းခွင်မှာသာမက လူမှုရေးနယ်ပါယ်မှာပါရှိလာပါတယ်။ ဒါတွေကလည်း ကျွန်မတို့ကို တကယ့်ကို စိတ်ရော လူပါ ပင်ပန်းနွမ်းနယ်စေတာပါ။

မိုးလင်းတာနဲ့လုပ်ငန်းခွင်ဝင်ဖို့ ပြင်ဆင်ရတယ်၊ မိသားစုအတွက် ပြင်ဆင်ပေးရတဲ့အမျိုးသမီးတွေဟာ တစ်နေကုန် လုပ်ငန်းခွင်မှာ အစည်းဝေးတွေထဲမှာလည်းး  လူရော စိတ်ပါ အနားမရဘဲ  အလုပ်လုပ်နေကြတယ်။

ဒီကြားထဲမှာ ကိုယ့်ကို တိုက်ခိုက်တဲ့သူတွေ၊ နောက်ကျောကနေ ဓါးထိုးဖို့ကြံစည်တာတွေ၊ အပြစ်တင် အတင်းပြောမဲ့ သူတွေ စတဲ့ သူတွေရဲ့ လူမှုရေးဆိုင်ရာ ဘေးအန္တရာယ်တွေကိုလည်း  တဖက်တစ်လမ်းကနေ ရင်ဆိုင်ကြရပါသေးတယ်။

ညဘက်ရောက်တော့လည်း အချို့အလုပ်တွေက ကိုယ်နားရမဲ့ အချိန်မှာ မိသားစုအလုပ်အတွက်ပဲ ဖြစ်ဖြစ်၊ လူမှုရေး ကိစ္စရပ်ပဲ ဖြစ်ဖြစ် ကိုယ့်နားနေရမဲ့ အချိန်ထဲကနေ မဖြစ်မနေ ဖဲ့ပေးလိုက်ရတာမျိုးလည်း ရှိလာပြန်တယ်။

တစ်ဖက်ကလည်း မိသားစု ဘ၀လေး လှလှပပ သာသာယာယာဖြစ်လာရင် ကိုယ့်ရဲ့ခင်ပွန်းကလည်း စိုစိုပြေပြေလေး ဖြစ်လာရင်၊ စနိုက်ကျော်လုပ်ဖို့ ကြံစည်နေသူ ဒိုးတူဘောင်ဖက် ရုန်းကန်ဖို့ထက် အဆင်သင့်လေးခူခပ်စားချင်သူတွေရဲ့ဘေးအန္တရာယ်ကနေ ကိုယ့်ခင်ပွန်နဲ့ကိုယ့်မိသားစုလေးကို အစွမ်းကုန် ကာကွယ်ရပြန်တယ်။

အဲဒီလိုနဲ့ ခက်ခဲပင်ပန်းစွာနဲ့ရှင်သန်လာတာတနင်္လာနေ့ကနေ သောကြာနေ့အထိ လုပ်ငန်းခွင်နဲ့ မိသားစုကြား မနားမနေ အလုပ်လုပ်ကြရတဲ့အပြင် စနေနေ့မှာလည်း အနည်းဆုံး နေ့တစ်ပိုင်းလောက်ကတော့ အလုပ်လုပ်ကြရပါသေးတယ်။

အဲဒီလို စိတ်ရောလူပါ အလုပ်လုပ်ရင်းနဲ့ မိသားစုဘ၀လေး သာယာဖို့ကြိုးစားရတာ တကယ်တော့ မလွယ်ပါဘူး။ မလွယ်ပါဘူး။ အဲဒီလို မလွယ်ဘူးဆိုတာကိုတောင်မှ ဖြစ်အောင် လုပ်နေတဲ့မိန်းမတွေလည်း အများကြီး ရှိပါသေးတယ်။

 ကိုယ့်မိသားစု ဘ၀လေး စားဝတ်နေရေး အဆင်ပြေဖို့ ခင်ပွန်းသည်နဲ့အတူ ရုန်းကန်ကြိုးစားရင်းနဲ့တစ်ဖက်ကလည်း ခိုင်မြဲရေးအတွက်သာမက သာယာစိုပြေရေးကိုလည်း အားထုတ်ရ။

ခင်ပွန်းနဲ့မိဘတွေအပြင် သားတို့သမီးတို့ရဲ့စိတ်ပို်င်းဆိုင်ရာရော ရုပ်ပို်င်းဆိုင်ရာကိုပါ ဂရုစိုက်ရ၊ ဒါ့အပြင်ကိုယ့်ကိုယ်ကိုလည်း လှပအောင်မြင်ဖို့ အားထုတ်ရနဲ့ အမျိုးသမီးတွေဟာ ခက်ခဲ ပင်ပန်းလှပါတယ်။

အဲဒီလို ဘက်ပေါင်းစုံကနေ ဘ၀ကို ကျားကန်ကန်ပြီး လှုပ်ရှားနေရတဲ့ ဒီအမျိုးသမီးတွေရဲ့  ခွန်အားတွေက ဘယ်ကနေ ရလာသလဲ၊ ဘာက သူတို့ကို ဒီလို ရင်ဆိုင်စွမ်းဆောင်နိုင်အောင် အင်အားတွေဖြစ်စေသလဲ၊တကယ်ောတ့ မိသားစုဘ၀နဲ့လုပ်ငန်းခွင်ဘ၀ကို ဟန်ချက်ညီအောင် ထိန်းညှိပြီး ကိုယ့်ကိုယ်ကိုလည်း မညှိုးပန်းလို နေနိုင်တဲ့အမျိုးသမီးဆိုရင် အဲဒီအမျိုးသမီးဟာ အောင်မြင်တဲ့သူလို့ကျွန်မတော့ယူဆမိတယ်။

 တကယ်လည်းအလုပ်ရဲ့ဖိအား၊ မိသားစုရဲ့ဖိအားတွေအပြင် လူမှုအသိုင်းအ၀ိုင်းရဲ့ဖိအားတွေကိုလည်း မလိုချင်ပေမဲ့လည်း လက်ခံကြရပါတယ်။ အဲဒီလို ဖိအားတွေများနေပေမဲ့ သူတို့တွေဟာ အရာရာကို ကြံြ့ကံ့ခံပြီး ကိုယ့်နည်းကိုယ့်ဟန်လေးနဲ့တော့ပျော်ရွှင်အောင် နေထိုင်ကြတာ မလွယ်ဘူးလေ။

အဲဒီလို အမျိုးသမီးတွေမှာ တွေ့ရတာကတော့ဘယ်လိုပဲ ဖြစ်ဖြစ် အမျိုးသမီးတွေဟာ လုပ်ငန်းခွင် ကျေနပ်မှု၊ မိသားစုတွင်း ကျေနပ်မှုပိုင်းမှာတော့ ရောင့်ရဲနိုင်အောင်ကြိုးစားလာကြတာလည်း တွေ့ရပါတယ်။

ပိုက်ဆံလိုလာရင်ချေးလိုက်တယ်။ ပြန်ပေးနိုင်တဲ့အခါ ပြန်ပေးတယ်။ ရှိတဲ့အခါ မိသားစုလိုက် ပျော်ရွှင်အောင် နေထိုင်လိုက်၊ သွားလိုက်လာလိုက် ရုန်းကန်လိုက်နဲ့ပါ။

နောက်တစ်ချက် သတိပြုမိတာကတော့  ပစ္စည်းဥစ္စာထက် လူကို ပိုပြီး တန်ဖိုးထားတတ်တဲ့ သူတို့ရဲ့စိတ်ပါပဲ။ ကိုယ်ပို်င်မိသားစုရှိတဲ့လုပ်ငန်းခွင်ကနေ ပြန်လာတဲ့အမျိုးသမီးက အိမ်ရောက်ပြီး ရေမိုးချိုးအနားယူပြီးတဲ့အခါ ဇိမ်ကျအောင် နေပြီး အနားယူနိုင်ပေမဲ့ ၊ သားသမီးတွေနား ကပ်ပြီး ဒီကနေ့ အကြောင်းလေးေ တွ အမေ့ကို ပြောပါဦး လို့ဆိုတာမျိုး။

အိမ်မှာ နားနေရတဲ့ပင်စင်စား အမေနဲ့အမေနားကပ်ပြီး ဒီနေ့အမေ ဘာတွေစားသလဲ အဖေနဲ့စကားများရသေးလား ဆိုတာမျိုးနဲ့ ပြောဆိုပေးတာမျိုးတွေလည်း ရှိတာ တွေ့ရပါတယ်။

အဲလို အိမ်သားတွေအပေါ် ဂရုတစိုက်မေးမြန်းပြောဆိုခြင်းအားဖြင့်ကိုယ့်ရဲ့စိတ်အပန်းဖြေမှုလည်း ဖြစ်သွားသလို၊ မိသားစုကိုလည်း တန်ဖိုးထားတယ်ဆိုတာကို ပြသရာရောက်ပါတယ်။

ဒါ့အပြင် ခင်ပွန်းဖြစ်သူကိုလည်း အိမ်ထောင်ဦးတုန်းကလို သာယာပျော်ရွှင်မှုအပြည့်အ၀ မပေးနိုင်ရင်တောင်မှကိုယ့်ထက်ငယ်တဲ့၊ နုတဲ့ လန်းတဲ့သူတွေရဲ့ဘေးက ကာကွယ်ဖို့စိတ်ရှည်ပေး၊သည်းခံနားလည်ပေး၊ လိုအပ်တာ ဖြည့်ဆည်းပေးရင်း ကိုယ့်ရဲ့ အသုံးဝင်မှုနဲ့ တန်ဖိုးကို ခင်ပွန်း နားလည်အောင် ကြိုးစားကြတာ တွေ့ရပြန်တယ်။

နောက်တစ်ချက်ကတော့အမှားတွေကနေ သင်ယူကြတာပဲ။ လုပ်ငန်းခွင်နဲ့ မိသားစုကြားမှာ ရှင်သန်ကြတဲ့ အမျိုးသမီး အများစုက မှားရင် တောင်းပန်တတ်တဲ့ အလေ့နဲ့ ကျေးဇူးတင်တတ်တဲ့အလေ့က ကျင့်သားရနေကြပြီ။

အဲဒါကလည်း ကို်ယ့်ကိုယ်ကို  လိပ်ပြာသန့်စွာနဲ့ ကျေနပ်စေတဲ့ထဲမှာ ပါဝင်တယ်လို့ ကျွန်မ ယူဆမိပါတယ်။ တောင်းပန်တတ်ခြင်းက ကိုယ့်ပတ်ဝန်းကျင်ကို တန်ဖိုးထားရာရောက်သလို၊ ကိုယ့်အပေါ်ကို အမုန်းပွားသူ နည်းပါးစေပါတယ်။ အဲလိုပဲ ကျေးဇူးတင်တတ်ခြင်းက မိတ်ဆွေသစ် တိုးပွားစေတယ်။ ပြီးတော့ ကူညီမဲ့သူတွေ အမြဲတမ်း ရှိနေစေတတ်ပါတယ်။

ဒါ့အပြင် အချို့အမျိုးသမီးတွေက အိမ်ထောင့်တာဝန်၊ လုပ်ငန်း တာဝန်တွေအပြင် တိုင်းပြည်ထူထောင်ရေးလည်း ဖြစ်တဲ့ လူမှုရေးအလုပ်တွေမှာ တစ်နိုင်တစ်ပိုင် ၀င်ရောက်လာကြတာလည်း တွေ့ရပြန်တယ်။

ဒါကလည်း ကိုယ့်ရဲ့အသုံးဝင်မှုနဲ့ တန်ဖိုးအတွက်ကို်ယ့်ကိုယ်ကို ကျေနပ်စေတဲ့ လုပ်ရပ်တစ်ခုပါပဲ။အများအတွက်ကိုယ်က တစ်ခုခုလောက် လုပ်ပေးနို်င်လိုက်တဲ့ အပေါ်မှာ ကျေနပ်စရာတွေ ဖြစ်ကုန်တယ်။ ပျော်ရွှင်ကျေနပ်စရာ ဘ၀ကို ဖြစ်စေပါတယ်။

ဒီလိုနည်းလမ်းတွေနဲ့ ဘ၀ကြီးကို အကောင်းဘက်ကနေ ကြည့်ရှု့တတ်သူ ဖြစ်လာကြတယ်။ အိမ်မှာရော ရုံးမှာပါ ပျော်ရွှင်ကျေနပ်စွာ နေထိုင်တတ်တဲ့အလေ့အကျင့်လေး ဖြစ်လာတာလို့ မြင်မိပါတယ်။

အဲဒီလို နည်းလမ်းနဲ့ဖိအားတွေရဲ့ဒဏ်ကို ခံနိုင်ရည်ရှိလာတယ်လို့ပြောရင် ဘယ်သူ ငြင်းမလဲရှင်။ အဲဒီလို ဖြေရှင်းနေထိုင်နေကြတဲ့ အမျိုးသမီး အများစုကို ကျွန်မကတောက အောင်မြင်ပျော်ရွှင်နေတဲ့ အမျိုးသမီးတွေလို့သာ သတ်မှတ်ချင်ပါတော့တယ်။

ဒီလိုအမျိုးသမီးတွေဟာ မိသားစုအတွက်ရော၊ ဆွေမျိုးသားချင်းတွေနဲ့ တိုင်းပြည်အတွက်ရော အရေးပါလှတယ်ဆိုတာကို ဘယ်သူ ငြင်းဦးမလဲရှင်။ ကျွန်မက အမျိုးသမီးဖြစ်တဲ့ အတွက် အမျိုးသမီးတွေကို ခံစားနားလည်ပြီး မြင်တွေ့မိတာ ဖြစ်ပါတယ်။ အမျိုးသားဖြစ်မှ အမျိုးသားတွေကို ခံစားနားလည် နိုင်မှာပါ၊ဒါကြောင့် ဒီလိုရေးလို့တော့ အမျိုးသားတွေက ကျွန်မကို စိတ်မဆိုးလောက်ဘူး ထင်ပါရဲ့။

မတူညီတဲ့ အမြင်တွေကို ဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်။
မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment