Latest News

Monday, May 8, 2017

ရခိုင်ကော်မရှင် ဘာသာရေးခေါင်းဆောင်တွေနဲ့တွေ့

ရခိုင်ကော်မရှင် ဘာသာရေးခေါင်းဆောင်တွေနဲ့တွေ့

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ရဲ့ နောက်ဆုံးအစီရင်ခံစာတင်သွင်းနိုင်ရေးအတွက် ဒီကနေ့ ရန်ကုန်မြို့မှာ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး အကြံဥာဏ် တောင်းခံခဲ့ပါတယ်။

ဒီကနေ့ တွေ့ဆုံပွဲဟာ အားရကျေနပ်စရာကောင်းတယ်လို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးဝင်းမြက ပြောပါတယ်။

ဗုဒ္ဒဘာသာဆရာတော်ကြီးတွေဖြစ်ကြတဲ့ အရှင်ဆေကိန္ဒ၊ အရှင်ဓမ္မပီယ၊ ရခိုင်ပြည်နယ် စစ်တွေမြို့က ရွှေစေတီ ကျောင်းဆရာတော် အရှင်အရိယာဝံသ အစရှိတဲ့ ဆရာတော် ၈ ပါး၊ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဦးတင်မြင့်၊ ဦးဝဏ္ဏရွှေ အစရှိတဲ့ ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြပါတယ်။

မနက်ဖြန်မှာလည်း ကော်မရှင်အဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကော်မရှင်ရဲ့ ကြားဖြတ်အစီရင်ခံ စာနဲ့ ပတ်သက်ပြီး ဒေသခံတွေကို ရှင်းလင်းပြောကြားမှာဖြစ်ပြီး အကြံဥာဏ် တွေလည်း တောင်းခံမှာဖြစ်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီ အာနန် ဦးဆောင်တဲ့ ရခိုင် အကြံပေးကော်မရှင်ကို ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၂၄ ရက်နေ့က နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးခဲ့တာဖြစ်ပါတယ်။

အဲဒီကော်မရှင်ဟာ အပြီးသတ် အစီရင်ခံစာကို  ဒီနှစ် သြဂုတ်လ ၂၄ ရက်နေ့ မတိုင်ခင်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ကနေတဆင့် ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြရမှာဖြစ်ပါတယ်။

Photo: Kaung Htet Kyaw, Htet Arker/ RFA

No comments:

Post a Comment