မြန်အောင်မြို့နယ်၊ တာခွကျေးရွာရှိ ဗိုလ်ချုပ်အောင်ဆန်းပုံတူရုပ်တုအား ဖျက်စီးသူကို ပြည်သူပိုင်ပစ္စည်းဖျက်စီးမှု ၆
(၁)ဖြင့် ရဲစခန်းမှ တရားစွဲတင်
မြန်အောင် မေ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ တာခွကျေးရွာရှိ ဗိုလ်ချုပ်အောင်ဆန်းပုံတူရုပ်တု အား ဖျက်စီးသူကို ပြည်သူပိုင်ပစ္စည်းဖျက်စီးမှု ၆(၁)ဖြင့် ရဲစခန်းမှ တရားစွဲတင်ခဲ့ကြောင်း သိရ သည်။
တဲကြီးကုန်းအုပ်စု၊ တာခွကျေးရွာရှိ ဗိုလ်ချုပ်အောင်ဆန်းပုံတူ ဖိုင်ဘာရုပ်တုဖျက်စီးခံရမှုမှာ ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီးနောက် တစ်လခွဲကျော် အကြာတွင် တရားရုံးသို့ တရားစွဲတင်ခဲ့ခြင်းဖြစ်သည်။
“(ပ)၅၄/၂၀၁၇၊ ပုဒ်မ ၆(၁) နဲ့ တရားခံ စိုးမင်း(ခ)စိုးမင်းမင်းကို ၅ လပိုင်း ၁၁ နေ့က တရားစွဲ တင်ပို့လိုက်ပါတယ်။ မြန်အောင်မြို့နယ်တရားရုံးက ရာကြီးအမှတ် ၈၃/၁၇ နဲ့ လက်ခံပါတယ်”ဟု မြန်အောင်မြို့မရဲစခန်းမှူး ဒုရဲမှူးကျော်ညွန့်ကပြောကြားသည်။
ဗိုလ်ချုပ်အောင်ဆန်းပုံတူရုပ်တုအား ဖျက်စီးခဲ့သူမှာ မြန်အောင်မြို့နယ်၊ ဆည်ရွာအုပ်စု၊ ပန်းတိမ်ကုန်းကျေးရွာမှ အသက် ၃၆ နှစ်အရွယ်ရှိ စိုးမင်းမင်းဆိုသူဖြစ်ပြီး (၁၈)လက်မခန့်ရှိ သံတုတ်၊ အရိုး/ အသွား(၁၈)လက်မခန့်ရှိ တံဇဉ်တို့ကို အသုံးပြု၍ ရိုက်ချိုးဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူက စိတ်ကျန်းမာရေး ဆေးရုံမှာတော့ တက်ဖူးတယ်။ ဆေးပြတ်သွားတဲ့အခါ ဆေးသွားမယူနိုင်၊ မစားနိုင်တဲ့အခါကျတော့ အတက်ရောဂါ ဖြစ်ပြီး သူကသုံးရက်လောက် တက်ပြီးရင် စိတ်က ဂယောင် ချောက်ခြားဖြစ်ပြီး မူမမှန်တော့ဘူးပေါ့ဗျာ။ အပျော့စားအရက်စွဲတဲ့ရောဂါကြောင့် အတက်ရောဂါဖြစ်တာ လို့ စိတ်ကျန်းမာရေးဆေးရုံက ဆရာဝန်ကြီးတွေက ဘုတ်အဖွဲ့ဖွဲ့ပြီး အဲလိုအကြောင်းပြန်ကြားလာ ပါတယ်။ လက်ရှိမှာ သူ့ကို ရဲစခန်းမှာ ချုပ်ထားပါတယ်”ဟု ဒုရဲမှူးကျော်ညွန့်က ဆက်လက် ပြောကြား သည်။
ဖျက်စီးခံခဲ့ရသည့်ဗိုလ်ချုပ်အောင်ဆန်းပုံတူ ဖိုက်ဘာရုပ်တုမှာ တာဂွကျေးရွာ “ဘိုးရာဇာ” စာကြည့်တိုက်ရှေ့ အလျား(၄)ပေ၊ အနံ(၃)ပေ၊ အမြင့်(၅)ပေရှိ အုတ်ခုံပေါ်တွင် စိုက်ထူထားသည့် ရုပ်တုဖြစ်ပြီး ဖိုက်ဘာအလေးချိန် (၂၀)ပိဿာ၊ ရုပ်တုအမြင့်(၅)ပေခွဲရှိကာ တန်ဘိုးငွေကျပ်သိန်း ၅၀ ခန့်ရှိကြောင်း သိရသည်။
အဆိုပါဖျက်စီးခံခဲ့ရသည့် ဖိုက်ဘာရုပ်တုနေရာတွင် ဗိုလ်ချုပ်အောင်ဆန်းပုံတူ ကြေးရုပ်တုကို ထားရှိနိုင်ရန် ဒေသခံများက စီစဉ်လျှက်ရှိကြောင်းသိရသည်။
အောင်ကျော်မျိုး(ဟင်္သာတ)
Saturday, May 13, 2017
မြန်အောင်မြို့နယ်၊ တာခွကျေးရွာရှိ ဗိုလ်ချုပ်အောင်ဆန်းပုံတူရုပ်တုအား ဖျက်စီးသူကို ပြည်သူပိုင်ပစ္စည်းဖျက်စီးမှု ၆(၁)ဖြင့် ရဲစခန်းမှ တရားစွဲတင်
မြန်အောင်မြို့နယ်၊ တာခွကျေးရွာရှိ ဗိုလ်ချုပ်အောင်ဆန်းပုံတူရုပ်တုအား ဖျက်စီးသူကို ပြည်သူပိုင်ပစ္စည်းဖျက်စီးမှု ၆(၁)ဖြင့် ရဲစခန်းမှ တရားစွဲတင်
Reviewed by Ar Ti
on
10:05 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment