ဘူးသီးတောင်-မောင်တော လမ်းပေါ်တွင် ကျပ်သိန်းပေါင်း သုံးသောင်းကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁ ဒသမ ၆ သန်း ဖမ်းဆီးရမိ
ငွေကျပ်သိန်းပေါင်း သုံးသောင်းကျော် တန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးပြား ၁ ဒသမ ၆ သန်းအား ဘူးသီးတောင်-မောင်တော ကားလမ်းပေါ်မှ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ စိတ်ကြွမူးယစ်ဆေးပြားများကို မေ ၁၁ ရက် နံနက် ၁၀ နာရီ မိနစ် ၅၀ ခန့်တွင် ကုန်တင်ကား တစ်စီးပေါ်မှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ် (၆) မိုင် ရဲကင်းတွင် ပူးပေါင်းအဖွဲ့မှ SURF မော်တော်ယာဉ် အနက်ရောင် တစ်စီးပေါ်မှ ကုန်တင်ကားပေါ်သို့ မသင်္ကာဖွယ်ရာ အထုပ်အား ပြောင်းလဲတင်ဆောင် နေသည်ကို တွေ့ရှိရသဖြင့် စနစ်တကျ ရှာဖွေစစ်ဆေးခဲ့ရာ FUSO 7I/---- ယာဉ်မောင်း မောင်တောမြို့ အမှတ် (၃) ရပ်ကွက် နေဦးလေးရွှေ၊ (၄၇ နှစ်)(ဘ) ဦးထွန်းတင်နှင့် ယာဉ်နောက်လိုက် မောင်တောမြို့ ရပ်ကွက် (၃) နေ ဦးစောရန်အောင်၊ (၂၃ နှစ်)(ဘ) ဦးကျော်အောင်ဖြူ မောင်းနှင်လာသော ကားပေါ်တွင် တင်ဆောင်လာသော ပစ္စည်းများကို ရှာဖွေစစ်ဆေးရာ ပီနံအိတ်အတွင်းမှ R စာတန်းပါ စိတ်ကြွမူးယစ်ဆေးဝါး အထုပ် ၁၆၀၊ ခန့်မှန်းဆေးပြား အရေအတွက် ၁ ဒသမ ၆ သန်းအား ရှာဖွေတွေ့ရှိခဲ့ပြီး ခန့်မှန်းတန်ဖိုး ဆေးပြားတစ်ပြားလျှင် ကျပ်နှစ်ထောင်နှုန်းဖြင့် သိန်းပေါင်း ၃,၂၀ ၀,၀၀၀,၀၀၀ ခန့်ဖမ်းဆီးမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အမှုနှင့်ပတ်သက်ပြီး တောင်ဘဇာနယ်မြေ ရဲစခန်းမယ (ပ) ၃/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ တို့ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မောင်တောဒေသတွင် စိတ်ကြွဆေးပြား ဖမ်းဆီးရမိမှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီး ပြီးခဲ့သော မေ ၁ ရက်ကလည်း မောင်တောမြို့ သုံးမိုင်စစ်ဆေးရေးဂိတ်၌ ပါဂျဲရိုးကား တစ်စီးပေါ်မှ ကျပ်သိန်း ၈၈၀၀ တန် ဖိုးရှိ စိတ်ကြွဆေးပြား ၄၄၀၀၀၀ ခန့်အား သိမ်းဆည်းရမိခဲ့ပြီး အဆိုပါ ကားပေါ်တွင် ဗိုလ်မှူးအဆင့်ရှိ တပ်မတော်အရာရှိ တစ်ဦးနှင့် တပ်သားတစ်ဦးကို တွေရှိခဲ့သောကြောင့် ခေတ္တတပ်ရင်းမှူးထံ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
Eleven Media Group
Thursday, May 11, 2017
ဘူးသီးတောင်-မောင်တော လမ်းပေါ်တွင် ကျပ်သိန်းပေါင်း သုံးသောင်းကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁ ဒသမ ၆ သန်း ဖမ်းဆီးရမိ
ဘူးသီးတောင်-မောင်တော လမ်းပေါ်တွင် ကျပ်သိန်းပေါင်း သုံးသောင်းကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁ ဒသမ ၆ သန်း ဖမ်းဆီးရမိ
Reviewed by Ar Ti
on
8:28 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment