ဘန်ကောက်သို့ပျံသန်းတဲ့ လေယာဉ် ရုတ်တရက် လေထုမငြိမ်သက်မှုကြောင့် ခရီးသည်များ ဒဏ်ရာရ
ခရီးသည်တင်လေယာဉ်ဟာ ဘန်ကောက်မြို့မှာ မဆင်းသက်မီ မိနစ် ၄၀ ခန့်အလိုမှာ လေထုမငြိမ်သက်မှု ကြုံခဲ့ရပါတယ်။
ရုရှားနိုင်ငံ မော်စကိုမြို့ကနေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ပျံသန်းလာတဲ့ Aeroflot လေကြောင်းလိုင်းမှ ခရီးသည်လေယာဉ်ဟာ ရုတ်တရက် လေထု မငြိမ်သက်မှုကြောင့် လေယာဉ်လှုပ်ရမ်းမှုဖြစ်ပြီး ခရီးသည်များ ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
ယနေ့ (မေလ ၁ ရက်) မှာ Flight SU270 လေကြောင်းခရီးစဉ်ကို ပျံသန်းလာတဲ့ Aeroflot လေယာဉ်ဟာ လေထုအတွင်း လှုပ်ရမ်းခဲ့မှုကြောင့် လူ ၂၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပြီး ၎င်းတို့အနက် ၂၄ ဦးက ရုရှားနိုင်ငံသားများဖြစ်ပြီး အခြား ခရီးသည်တွေဟာ ထိုင်းလူမျိုးတွေဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ ရုရှားသံရုံးက ထုတ်ပြန်ပါတယ်။
Boeing 777 ခရီးသည်တင်လေယာဉ်ဟာ ဘန်ကောက်မြို့မှာ မဆင်းသက်မီ မိနစ် ၄၀ ခန့်အလိုမှာ လေထုမငြိမ်သက်မှု ကြုံခဲ့ရကြောင်း Aeroflot လေကြောင်းလိုင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ကြည်လင်နေတဲ့ ကောင်းကင်ယံမှာ ရုတ်တရက် လေထုမငြိမ်မသက်မှု ဖြစ်ခဲ့တာကြောင့် လေယာဉ်အမှုထမ်းတွေဟာ ခရီးသည်တွေကို ကြိုတင်သတိမပေးနိုင်ခဲ့ဘူးလို့လည်း Aeroflot က ဆိုပါတယ်။
ဒဏ်ရာရ ခရီသည်အားလုံးကို ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်းနဲ့ အရိုးကျိုးအက်ဒဏ်ရာနဲ့ ပွန်းပဲ့ဒဏ်ရာများ အဓိက ရခဲ့ကြောင်း ရုရှားသံရုံးက ပြောပါတယ်။ လေထုမငြိမ်မသက်မှု ဖြစ်ခဲ့စဉ်မှာ ခရီးသည်အချို့ဟာ ထိုင်ခုံခါးပတ်တွေ အချိန်မီ မပတ်ခဲ့နိုင်တာကြောင့်လည်း ဒဏ်ရာရမှုတွေ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။
Aeroflot လေယာဉ်ဟာ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိလေဆိပ်ကို ယနေ့မနက် ဒေသစံတော်ချိန် ၈း၂၀ မှာ ဆင်းသက်ခဲ့ကြောင်းနဲ့ ဒဏ်ရာရခဲ့တယ် ရုရှားနိုင်ငံသား ၁၅ ဦးဟာ ဒဏ်ရာပြင်းထန်ခဲ့မှုကြောင့် Samitivej Srinakarin ဆေးရုံမှာ တက်ရောက်ကုသနေရဆဲ ဖြစ်ပါတယ်။
Aeroflot လေကြောင်းလိုင်ဟာ မော်စကို-ဘန်ကောက် ခရီးစဉ်ကို တစ်နေ့လျှင် ၂ ကြိမ် ပျံသန်းနေကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံဟာ ရုရှားကမ္ဘာလှည့်ခရီးသည်များ လာရောက်မှုအများဆုံး နေရာတစ်ခုဖြစ်ပြီး ကမ်းခြေအပန်းဖြေစခန်းတွေကို အများအပြား သွားရောက်ကြလေ့ ရှိပါတယ်။
Source & Photo: Reuters:Duwun
Subscribe to:
Post Comments (Atom)
No comments:
Post a Comment