Latest News

Wednesday, May 3, 2017

ထရမ့်နဲ့ပူတင် ဖုန်းပြော၊ ဆီးရီးယားငြိမ်းချမ်းရေး ဖိအားပေးဖို့ သဘောတူ

ထရမ့်နဲ့ပူတင် ဖုန်းပြော၊ ဆီးရီးယားငြိမ်းချမ်းရေး ဖိအားပေးဖို့ သဘောတူ

ဆီးရီးယားအစိုးရ စစ်တပ် အခြေစိုက်စခန်းတွေကို အမေရိကန် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့အပြီး ၁ လ နီးပါးအကြာမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဆီးရီးယား အာဆတ် အစိုးရရဲ့ မဟာမိတ် ရုရှ သမ္မတ  ဗလာဒီမီယာပူတင် တို့ ပထမဆုံး အကြိမ် အဖြစ် တယ်လီဖုန်းကတဆင့် ဆက်သွယ် စကားပြောဆို ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီမှာ ဆီးရီးယား ပြည်တွင်းစစ်အဆုံးသတ်နိုင်ရေး အစိုးရနဲ့ သူပုန်တပ်တွေအကြား အပစ်အခတ်ရပ်စဲကြဖို့ နှစ်နိုင်ငံစလုံးက ဖြစ်နိုင်တဲ့ နည်းလမ်းတွေ ရှာဖွေကြပြီး သက်ဆိုင်တဲ့ အုပ်စုအားလုံးကို ဖိအားပေး တောင်းဆိုသွားကြဖို့ သဘောတူခဲ့ပါတယ်။

အိမ်ဖြူတော်နဲ့ ကရင်မလင်နန်းတော် နှစ်ဖက်စလုံးရဲ့ ထုတ်ပြန်ချက်မှာ သမ္မတနှစ်ဦး ဆွေးနွေးခဲ့မှုဟာ အပြုသဘောဆောင်တယ်လို့ ဆိုထားပါတယ်။

အခု ဖုန်းနဲ့ ဆွေးနွေးမှုမှာ ဆီးရီးယား အရေးအပြင် မြောက်ကိုရီးယား ပြဿနာကိုလည်း ပြောဆိုခဲ့ကြပြီး အနာဂတ်မှာ ခေါင်းဆောင်နှစ်ယောက် မျက်နှာချင်းဆိုင် တွေ့ဆုံကြမယ့် အချိန်ကာလနဲ့ ပတ်သက်လို့လည်း ဆွေးနွေခဲ့ကြပါတယ်။

ကိုရီးယားကျွန်းဆွယ်က တင်းမာနေမူတွေကို လျှော့ချဖို့ မစ္စတာပူတင်က တောင်းဆိုကြောင်း ရုရှ အစိုးရ ထုတ်ပြန်ချက် ပါဝင်ပြီး အမေရိကန် သမ္မတရုံး ထုတ်ပြန်ချက်မှာတော့ မြောက်ကိုရီးယားရဲ့ အန္တရာယ် ရှိလှတဲ့ အနေအထားကို ဘယ်လို အကောင်းဆုံးနည်းလမ်းတွေ အသုံးပြုပြီး ဖြေရှင်းနိုင်မလဲ ဆိုတာကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ကရင်မလင် သမ္မတရုံး အဆိုအရ ကမ္ဘာ့ ခေါင်းဆောင် နှစ်ယောက်ဟာ လာမယ့် ဇူလိုင်လဆန်း ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့မှာ ကျင်းပမယ့် ဂျီ-၂၀ ထိပ်သီး အစည်းအဝေးပွဲ မှာ လူချင်း တွေ့ဆုံကြဖို့ စီစဉ်ထားတယ်လို့ ဆိုထားပေမယ့် အိမ်ဖြူတော် ထုတ်ပြန်ချက်မှာတော့ လာမယ့် တွေ့ဆုံပွဲ အကြောင်း ဘာမှ ပြောမထားပါဘူး။

BBC

No comments:

Post a Comment