Latest News

Sunday, May 14, 2017

အစိုးရပထမနှစ်၊ နိုင်ငံတကာ ဆက်ဆံရေးနှင့် စပ်မိစပ်ရာ

အစိုးရပထမနှစ်၊ နိုင်ငံတကာ ဆက်ဆံရေးနှင့် စပ်မိစပ်ရာ

၂၀၁၇ ခုနှစ် မေလတွင် သမ္မတဦးထင်ကျော်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်သည့် အစိုးရအဖွဲ့၏သက်တမ်း တစ်နှစ်ကျော်ကျော်ကာလတွင် နိုင်ငံတကာ ဆက်ဆံရေးကဏ္ဍသည် အအောင်မြင်ဆုံးဟု ဆိုနိုင်လင့်ကစား အာဆီယံနိုင်ငံများနှင့် ဆက်ဆံရေးအပါအ၀င် နိုင်ငံခြားဆက်ဆံရေး ခြေလှမ်းများသည် လေးလံနေဆဲဖြစ်သည်။ နိုင်ငံတကာဆက်ဆံရေး ပထမနှစ်ကို လုံးစေ့ပတ်စေ့ ပြန်လည်သုံးသပ်ကာ အားနည်းချက်များ၊ လိုအပ်ချက်များ၊ ဟာကွက်များ၊ အလွဲအချော်များကို ပြုပြင်၊ ထိန်းညှိနိုင်ရေး ရည်မှန်းချက်ထားရမည် ဖြစ်သည်။

နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခံရသူ ဦးထင်ကျော်သည် ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။ ၂၀၁၆ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် အီတလီသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ ပါရိုလိုဂျန်တီလိုနီကို နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။ သမ္မတသစ်အနေဖြင့် ပထမဆုံး လက်ခံတွေ့ဆုံခဲ့သည့် နိုင်ငံခြားအစိုးရ ကိုယ်စားလှယ်ဟုလည်း ဆိုနိုင်သည်။ နိုင်ငံတော်သမ္မတရုံးဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့သည်။ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးကို ဆွေးနွေးခဲ့သည်။

မြန်မာနှင့် အီတလီသံခင်းတမန်ခင်းသည် စိတ်ဝင်စားစရာ နည်းပါးခဲ့သည်။ ၁၉၈၈ ခုနှစ်မတိုင်မီ ရောမ-ရန်ကုန် ဆက်ဆံရေးသည် အေးစက်လွန်းခဲ့သည်။ ၁၉၈၅ ခုနှစ် ဇွန်လတွင် အီတလီဒုတိယနိုင်ငံခြားရေးဝန်ကြီး Bruno Corti မြန်မာနိုင်ငံသို့ အလည်အပတ် လာရောက်ခဲ့သည့် မှတ်တမ်းက အမြင့်ဆုံးဖြစ်ခဲ့သည်။ ၁၉၇၉ ခုနှစ်မှ ၁၉၈၆ ခုနှစ်အတောအတွင်း မြန်မာနိုင်ငံသည် အီတလီနိုင်ငံမှ အမေရိကန်ဒေါ်လာ ၇ ဒသမ ၇ သန်း အထောက်အပံ့ ရရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ သန်း ချေးငွေရရှိခဲ့သည်။ မြန်မာနိုင်ငံသည် ၁၉၈၈ ခုနှစ်မတိုင်မီ အင်္ဂလန်နိုင်ငံ၊ ဂျာမနီနိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ကနေဒါနိုင်ငံတို့နှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေး ရှိခဲ့သည်ဟု ဆိုနိုင်သည်။

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက်ခံခဲ့ရပြီးနောက်ပိုင်း မြန်မာ-အီတလီ ဆက်ဆံရေး အရှိန်မြင့်တက်ခဲ့သည်။ အီတလီနိုင်ငံခြားရေးဝန်ကြီး Giulo Terzi သည် ၂၀၁၂ ခုနှစ် ဧပြီလတွင် မြန်မာနိုင်ငံသို့ အလည်အပတ် လာရောက်ခဲ့ပြီး မြန်မာအစိုးရအနေဖြင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးဖို့ လိုအပ်ကြောင်း တိုက်တွန်းခဲ့သည်။ သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တိုင် နိုင်ငံရေးအကျဉ်းသားများက ရာနှင့်ချီ၍ အကျဉ်းထောင်များထဲတွင် ကျန်ရှိနေဆဲဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် အီတလီနိုင်ငံသို့ အလည်အပတ် သွားရောက်ခဲ့ပြီး ပုပ်ရဟန်းမင်းကြီး၊ အီတလီဝန်ကြီးချုပ်တို့နှင့် တွေ့ဆုံခဲ့သည်။ ၂၀၁၇ ခုနှစ် မေလဆန်း အီတလီခရီးစဉ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပုပ်ရဟန်းမင်းကြီး၊ ၀န်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးတို့နှင့် တွေ့ဆုံဆွေးနွေး၊ အမြင်ဖလှယ်ခဲ့သည်။ ဥရောပသမဂ္ဂနှင့်အတူ အီတလီသမ္မတနိုင်ငံသည် မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲကို ထိထိရောက်ရောက် ၀န်းရံလျက်ရှိသည်။

အီတလီနိုင်ငံခြားရေးဝန်ကြီးနှင့် မရှေးမနှောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် သမ္မတဦးထင်ကျော်နှင့် တွေ့ဆုံခဲ့သည်။ ၂၀၁၆ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်သည် ရွေးချယ်ခံ သမ္မတဦးထင်ကျော်ထံ ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာပေးပို့ခဲ့သည်။ သမ္မတဦးထင်ကျော်သည် ဧပြီလ ၆ ရက် ညနေပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့သည်။ ပေကျင်း-နေပြည်တော် ဆက်ဆံရေးသည် ဒေသတွင်းနိုင်ငံရေးနှင့် နိုင်ငံခြားဆက်ဆံရေးတွင် အရေးကြီးကြောင်း မီးမောင်းထိုးပြခဲ့သည့် တွေ့ဆုံမှုဟု ဆိုနိုင်သည်။ တရုတ်သမ္မတရှီကျင့်ဖျင်က သမ္မတဦးထင်ကျော်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလည်အပတ် လာရောက်ရန် တရားဝင် ဖိတ်ကြားခဲ့သည်။

လွတ်လပ်ပြီးခေတ် မြန်မာနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေး အခင်းအကျင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် သော့ချက်နိုင်ငံတစ် နိုင်ငံဖြစ်သည်။ လွန်ခဲ့သောဆယ်စုနှစ်များတွင် ပေါက်ဖော်ဆက်ဆံရေးသည် မဟာဗျူဟာ မဟာမိတ်ဆက်ဆံရေးအသွင် ထုံကူးခဲ့ပြီး ဖြစ်သည်ဟု ဆိုနိုင်သည်။ ပေကျင်းနှင့် ၀ါရှင်တန်တို့၏ ဒေသတွင်း အားပြိုင်မှု ၀ဲဂယက်ထဲတွင် မြန်မာနိုင်ငံသည် ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာဗျူဟာ၊ သူလည်းနိုင် ကိုယ်လည်းနိုင်ဗျူဟာတို့နှင့် ရုန်းကန်လှုပ်ရှားရဦးမည့်သဘော မြင်တွေ့နေရသည်။ လာမည့်နှစ်များတွင် ပေကျင်း-နေပြည်တော် ဆက်ဆံaရးသည် အားကောင်းသည်ထက် အားကောင်းလာဖို့ အလားအလာ များနေသည်။ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများသည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတွင် မူဝါဒ၊ လမ်းစဉ်၊ ဗျူဟာ၊ လုပ်ငန်းစဉ်တို့ကို စနစ်တကျ ထိန်းညှိဖော်ဆောင်နိုင်မှသာ ပေကျင်းဆီအယိမ်းကို ထိန်းနိုင်ဖွယ်ရှိသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ဧပြီ ၂၆ ရက်တွင် ဆွီဒင်နိုင်ငံ၊ အိုင်ယာလန်နိုင်ငံနှင့် တီမောလက်စ်တေ ဒီမိုကရက်တစ် သမ္မတနိုင်ငံတို့မှ သံအမတ်ကြီးများ၏ သံအမတ် ခန့်အပ်လွှာများကို လည်းကောင်း၊ ဧပြီ ၂၇ ရက်တွင် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ဆလိုဗက်နိုင်ငံတို့မှ သံအမတ်ကြီးများ၏ သံအမတ်ခန့်အပ်လွှာများကိုလည်းကောင်း လက်ခံခဲ့သည်။ နိုင်ငံတော်သမ္မတအနေဖြင့် သံအမတ် ခန့်အပ်လွှာများကို ပထမဆုံးအသုတ် အနေဖြင့် လက်ခံခဲ့ခြင်းဟု သတ်မှတ်နိုင်သည်။ အမေရိကန်ပြည်ထောင်စုသည် အစိုးရသစ်ဖွဲ့စည်းပြီးချိန်နှင့် ဟန်ချက်ညီညီ သံအမတ်သစ်ကို ခန့်အပ်တာ ၀န်ပေးခဲ့သည်။

၂၀၁၆ ခုနှစ် မေလ ၆ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နေ့ချင်းပြန် အလည်အပတ် သွားရောက်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် လာအိုနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) ၏ အလှည့်ကျဥက္ကဋ္ဌ နိုင်ငံဖြစ်သည်။ သမ္မတ၏ လာအိုခရီးစဉ်က မြန်မာအစိုးရသည် အာဆီယံအဖွဲ့ကို အလေးထားကြောင်း သက်သေပြနိုင်ခဲ့သည်။ ခရီးစဉ်တွင် သမ္မတရုံးဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်လည်း အဖွဲ့ဝင်အဖြစ် လိုက်ပါခဲ့သည်။ အဆိုပါ ခရီးစဉ်နောက်ပိုင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတ၏ နိုင်ငံခြား ခရီးစဉ်များတွင် အဖွဲ့ဝင်အဖြစ် လိုက်ပါခြင်း မရှိတော့ပေ။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေး အခင်းအကျင်းကို သုံးသပ်မည်ဆိုလျှင် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ နိုင်ငံခြားခရီးစဉ်များသည် အဓိကနေရာတွင် ရှိမည်ဖြစ်သည်။ အာဆီယံနိုင်ငံ အကြီးအကဲများသည် သက်တမ်းပထမဆုံးနှစ်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများသို့ နှုတ်ခွန်းဆက် ချစ်ကြည်ရေးခရီး သွားရောက်လေ့ရှိသည့် ဓလေ့ထုံးစံရှိသည်ဟု မှတ်သားမိသည်။ အဆိုပါ ခရီးစဉ်များသည် ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်ရေး၊ ယုံကြည်မှုနှင့် နားလည်မှု တည်ဆောက်ရေး၊ အမြင်သဘောထား ဖလှယ်ရေးတို့တွင် တစ်ချက်ခုတ်၊ နှစ်ချက်ပြတ် အကျိုးပြုတတ်သည်ဟုလည်း မှတ်သားမိသည်။

နိုင်ငံတော်သမ္မတဦးထင်ကျော်၏ ပထမနှစ်သက်တမ်း အတောအတွင်း နိုင်ငံခြားခရီးစဉ်များကို ဆန်းစစ်လျှင် အာရှတိုက်မှ ခြောက်နိုင်ငံနှင့် ရုရှားပြည်ထောင်စုသို့ အလည်အပတ် သွားရောက်ခဲ့သည်။ သမ္မတဦးထင်ကျော်သည် ၂၀၁၆ ခုနှစ် မေလတွင် ရုရှားဖက်ဒရေးရှင်း၊ ဇူလိုင်လတွင် မွန်ဂိုလီးယားနိုင်ငံ၊ သြဂုတ်လတွင် အိန္ဒိယသမ္မတနိုင်ငံ၊ အောက်တိုဘာလတွင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ နိုဝင်ဘာလတွင် ထိုင်းနိုင်ငံတို့အပြင် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် ကမ္ဘောဒီးယားနိုင်ငံနှင့် ဧပြီလတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့ကို သွားရောက်ခဲ့သည်။ ထိုင်းနိုင်ငံမှလွဲ၍ ကျန်ခရီးစဉ်များသည် ချစ်ကြည်ရေး အလည်အပတ် ခရီးစဉ်များဖြစ်သည်။ အစိုးရသက်တမ်း တစ်နှစ်တွင် သမ္မတဦးထင်ကျော်သည် အာဆီယံသုံးနိုင်ငံ (လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ) ကိုသာ အလည်အပတ် သွားရောက်ခဲ့ပြီး အာဆီယံ၏ တည်ထောင်သူ အဓိကနိုင်ငံများအပါအ၀င် အာဆီယံ ခုနစ်နိုင်ငံကို အလည်အပတ် သွားရောက်ရန် ကျန်ရှိနေသည်။

အစိုးရသစ်ဖွဲ့ပြီးနောက်ပိုင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၆ ခုနှစ် ဇွန်လတွင် ထိုင်းနိုင်ငံ၊ သြဂုတ်လတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စက်တင်ဘာလတွင် အမေရိကန်ပြည်ထောင်စု၊ အောက်တိုဘာလတွင် အိန္ဒိယသမ္မတနိုင်ငံ၊ နိုဝင်ဘာလတွင် ဂျပန်နိုင်ငံနှင့် အင်္ဂလန်နိုင်ငံ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလတွင် စင်ကာပူနိုင်ငံ၊ ၂၀၁၇ ခုနှစ် ဧပြီလနှင့် မေလတွင် ဘယ်လ်ဂျီယံနိုင်ငံ၊ အီတလီနိုင်ငံနှင့် အင်္ဂလန်နိုင်ငံတို့ကို အလည်အပတ် ခရီးသွားရောက်ခဲ့သည်။ ၂၀၁၇ ခုနှစ် ဧပြီလတွင် အာဆီယံထိပ်သီး အစည်းအဝေး တက်ရောက်ရန် ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက်ခဲ့ပြီး မေလတွင် (၂၁) ရာစု ပိုးလမ်းမသစ် အစည်းအဝေး တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထပ်မံသွားရောက်မည် ဖြစ်သည်။ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ အင်ဒိုနီးရှားခရီးစဉ်သည် အထမမြောက်ခဲ့ပေ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည်လည်း အစိုးရတစ်နှစ်သက်တမ်းတွင် အာဆီယံနှစ်နိုင်ငံ (ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံ) ကိုသာ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည်။

သမ္မတဦးထင်ကျော် သို့မဟုတ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အာဆီယံနိုင်ငံများဖြစ်သော အင်ဒိုနီးရှားသမ္မတနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်သမ္မတနိုင်ငံ၊ ဘရူနိုင်းနိုင်ငံတို့ကို ချစ်ကြည်ရေးခရီး သွားရောက်ရန် လိုအပ်နေဆဲဖြစ်သည်။ ဖိလစ်ပိုင်သမ္မတ ဒူတာတေးသည် သမ္မတသက်တမ်းပထမဆုံးနှစ် ၂၀၁၆ ခုနှစ်တွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ အင်ဒိုနီးရှားသမ္မတနိုင်ငံ၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဘရူနိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် စင်ကာပူသမ္မတနိုင်ငံတို့ကို ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည်။ ဒူတာတေးသည် ၂၀၁၇ ခုနှစ် မတ်လတွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကို ချစ်ကြည်ရေးခရီး လာရောက်ခဲ့သဖြင့် ဖိလစ်ပိုင်သမ္မတအနေဖြင့် အာဆီယံ ခရီးစဉ်အားလုံး ပြည့်မြောက်ပြီဟု ဆိုနိုင်သည်။ သမ္မတ ဦးထင်ကျော်အနေဖြင့်လည်း အာဆီယံနိုင်ငံများ ခရီးစဉ်ကို သမ္မတသက်တမ်း ဒုတိယနှစ်တွင် ပြီးပြည့်စုံနိုင်ရေး ပြင်ဆင်ဆောင်ရွက်သင့်သည်ဟု တိုက်တွန်းအကြံပြုလိုပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတဦးထင်ကျော်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့၏ နိုင်ငံရပ်ခြား ချစ်ကြည်ရေးခရီးစဉ်များသည် အခြားအာဆီယံနိုင်ငံ အကြီးအကဲများ၏ ခရီးစဉ်များနှင့် နှိုင်းယှဉ်လျှင် အလွန်အမင်း လေးလံလွန်းသည်ဟု သုံးသပ်ရမည်ဖြစ်သည်။ အစိုးရသစ်၏ ဒေသတွင်း နိုင်ငံခြားရေးမူဝါဒသည် တက်ကြွသည့်သဘော အားနည်းနေပြီလားဟု မေးခွန်းထုတ်စရာ ဖြစ်နေသည်။ အစိုးရသစ်၏ တစ်နှစ်တာ ဆောင်ရွက်ချက်များတွင် နိုင်ငံတကာ ဆက်ဆံရေးကဏ္ဍသည် အအောင်မြင်ဆုံးဟု ဆိုနိုင်သည်။ သမ္မတဦးထင်ကျော်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်သည့် အစိုးရလက်ထက်တွင် မြန်မာနိုင်ငံသည် နိုင်ငံတကာ အသိုင်းအ၀ိုင်း၌ လူရာဝင်၊ နေရာပြန်ရလာခဲ့သည်။ အမေရိကန်၊ တရုတ်၊ ရုရှားနှင့် ဥရောပ နိုင်ငံများသာမက အာရှဒေသတွင်းနိုင်ငံကြီးများ၏ မျက်နှာသာပေး၊ အရေးပေးခံရသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ပြောင်းလဲရောက်ရှိခဲ့သည်ဟု သုံးသပ်နိုင်သည်။

အချုပ်အားဖြင့်ဆိုသော် မြန်မာအစိုးရအနေဖြင့် အာဆီယံဒေသတွင်းနိုင်ငံများနှင့် ဆက်ဆံမှုကို ဗျူဟာမြောက်၊ သူလည်းနိုင် ကိုယ်လည်းနိုင် မြှင့်တင်နိုင်ရေး သွက်သွက်လက်လက် ဆောင်ရွက်သင့်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယသမ္မတနိုင်ငံတို့နှင့် ဆက်ဆံရေးသည် အရေးကြီးသည့်နည်းတူ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံတို့နှင့် ဆက်ဆံရေးကိုလည်း သွက်သည်ထက်သွက်အောင် ဖော်ဆောင်သင့်သည်။ ဥရောပနိုင်ငံများနှင့် ဆက်ဆံရေးသည် အရေးကြီးလင့်ကစား အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေးသည် အရေးကြီးဆုံး အနေအထားတွင် ရှိနေသည်ကို ပညာရှိသတိဖြစ်ခဲ မဖြစ်သင့်ပေ။ သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ နိုင်ငံခြားချစ်ကြည်ရေး ခရီးစဉ်များနှင့်အတူ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး စသည့် ကဏ္ဍအသီးသီးတွင် သိသာမြင်သာ၊ ဆုပ်ဆုပ်ကိုင်ကိုင်ပြနိုင်သည့် အပြောင်းအလဲများနှင့် ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန်ဖြင့် ဖော်ဆောင်မောင်းနှင်နိုင်ရေး ရှေးရှုသင့်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါသည်။

Eleven Media Group

No comments:

Post a Comment