Latest News

Wednesday, May 10, 2017

ခရီးသွားများဆီက တစ်ဒေါ်လာ ကောက်သင့်၊ မကောက်သင့်

ခရီးသွားများဆီက တစ်ဒေါ်လာ ကောက်သင့်၊ မကောက်သင့်

မြန်မာ့ခရီးသွားလုပ်ငန်း မြှင့်တင်ရန် ရန်ပုံငွေရရှိရေး နိုင်ငံခြားသား ခရီးသွားများကို တစ်ည လျှင် တစ်ဒေါ်လာနှုန်း ကောက်ခံ ရန် စီစဉ်နေသည့် သတင်းက ခရီးသွားလုပ်ငန်း လောကအတွင်း ဂယက်ရိုက်စေခဲ့သည်။

လက်ရှိအနေအထားအရ ထိုသို့ကောက်ခံရန် မသင့်သေး ကြောင်း ခရီးသွားလုပ်ငန်းရှင်အ များစုက ဝေဖန်ကန့်ကွက်မှုများ ထွက်ပေါ်လာသည်။ ၎င်းတို့၏ ထင်မြင်ချက်များကို အင်တာနက် လူမှုကွန်ရက်စာမျက်နှာများတွင်
ထုတ်ဖော်ရေးသားခဲ့သည်။ သို့သော် တစ်ဖက်တွင်လည်း ခရီးသွားမြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ ရန်ပုံငွေမရှိသ ဖြင့် လုပ်ငန်းများထိရောက်စွာ မ ဆောင်ရွက်နိုင်သောကြောင့် ဈေး ကွက်မြှင့်တင်ရေး လုပ်ငန်းများ အားနည်းနေရာ ရန်ပုံငွေရရှိရေး အရေးကြီးကြောင်း ခရီးသွားလုပ် ငန်းဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများက ပြောကြား သည်။

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး နိုင်ငံခြားသား ဧည့်သည်များထံမှ တစ်ညလျှင်တစ်ဒေါ်လာ ကောက် ခံသည့်နည်းဖြင့် ဖြေရှင်းခြင်းသည် အမှန်တကယ် ထိရောက်မှု ရှိ၊ မရှိ မေးခွန်းထုတ်မှုများလည်း ရှိ သည်။ ယင်းသို့ စီစဉ်ခြင်းက ပြည် တွင်းသို့ လာရောက်မည့် ခရီးသည်များအတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်၊ မဖြစ်ဆိုသည့်အချက်အပြင် ယင်းနှင့်ဆက်စပ်၍ ပြည်ပခရီးသွားများအနေဖြင့် မြန်မာနိုင်ငံ ခရီးစဉ်များကို ရွေးချယ်လာ ရောက်ရန် တုံ့ဆိုင်းမည်လားဟု မေးခွန်းထုတ်မှုများ ရှိခဲ့သည်။ ဆေးကြောင့် လေးသွားမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။ သို့သော် တစ်ဒေါ်လာ ကောက်ခံမည့် ကိစ္စကို အကောင်းမြင်သူများ လည်းရှိသည်။

‘‘တို့နိုင်ငံက ပရိုမိုးရှင်းမလုပ် ရင် မြန်မာကိုမသိဘူး။ မြန်မာကို မသိတဲ့အတွက် ပရိုမိုးရှင်းမလုပ် နိုင်ဘူး။ ပိုက်ဆံမရှိတဲ့အတွက် ပရို မိုးရှင်း မလုပ်နိုင်ဘူး။ အဲဒါနဲ့ပဲ လည်နေတာကိုး။ နောက်ဆို ဒီ ဒုက္ခက ကင်းတော့မှာပါ။ ဟိုတယ်၊ တည်းခိုခန်းမှာ အိပ်ရင် တစ်ဒေါ်လာ၊ နှစ်ညအိပ်ရင် နှစ်ဒေါ်လာ။ လေးငါးခြောက်လ အများဆုံးပဲ ကြာနိုင်ပါတယ်။ ပျမ်းမျှ ဧည့်သည်နေနှုန်းက ခုနစ်ရက်နှုန်းပဲရှိတယ်။ နှစ်ပတ်နေတာတောင် အရမ်းရှားပါတယ်။ ကျန်တဲ့ပရိုမိုး ရှင်းကို တခြားနိုင်ငံတွေလို လုပ်နိုင်မှာပေါ့’’ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရန်ဝင်းကပြောသည်။

ထိုသို့ ကောက်ခံရန် စီစဉ်နေ ခြင်းထက် ခရီးသွားဧည့်သည်များ လာရောက်သည့် နေရာများကို သပ်ရပ်သန့်ရှင်းစေရန် ဆောင် ရွက်ခြင်း၊ ထိုက်တန်သော ၀န် ဆောင်မှုများ ပြန်လည်ပေးအပ် နိုင်ရန် စီစဉ်ခြင်းတို့ကိုသာ ဦးစွာ ပြုလုပ်သင့်ပြီး အဆိုပါလုပ်ငန်း များ ဆောင်ရွက်သဖြင့် ဧည့်သည် ကျေနပ်မှုများရှိသောကြောင့် အ ၀င်များလာမှသာ ခရီးသွားလုပ် ငန်းမြှင့်တင်ရေးရန်ပုံငွေကောက် ခံသင့်ကြောင်း ခရီးသွားလုပ်ငန်း ရှင်များက ဆိုသည်။

အခြားနိုင်ငံများတွင် ယင်း သို့ ကောက်ခံသော်လည်း ထိုက် တန်သည့် ၀န်ဆောင်မှုများကို ပြန် လည်ပေးအပ်နိုင်ကြောင်း ခရီး သွားလုပ်ငန်းရှင်အချို့က ပြော သည်။

‘‘အခုက ကိုယ့်ဘက်က ထိန်း သိမ်းပြုပြင်မှုမရှိဘဲနဲ့ ဒီလိုကောက် မှာ။ သူများနိုင်ငံတွေက လှပ အောင် ပြုပြင်ထိန်းသိမ်းပြီးမှ ပိုက် ဆံကောက်တာ။ အခုက ဘာအ တွက်ကောက်မှာလဲ။ ဒီမှာက ထပ် ကောက်ဖို့ ထိုက်တန်တယ်လို့ ဧည့်သည်တွေကမှ မယူဆတာ’’ဟု ခရီးသွားလုပ်ငန်းရှင် ဒေါ်စံ ပယ်အောင်က ပြောသည်။

မြန်မာနိုင်ငံ၏ ခရီးသွားလုပ် ငန်းသည် Culture Tourism ဟု ခေါ်သည့် ယဉ်ကျေးမှုအမွေအနှစ် များကို ပြသရသည့် ခရီးသွားလုပ် ငန်းအပေါ်တွင်သာ အဓိကမှီခိုနေ ရပြီး သဘာဝပတ်ဝန်းကျင်သာ ယာလှပမှုများ၊ ရင်းနှီးဖော်ရွေမှု များ စသည့် အားသာချက်အခွင့် အလမ်းများရှိကြောင်း ခရီးသွား လုပ်ငန်းရှင်များက သုံးသပ်သည်။

သို့သော် လက်တွေ့တွင် ယင်းအခွင့်အလမ်းများကို ထိ ရောက်စွာ လက်တွေ့အသုံးချနိုင် ခြင်းမရှိသေးသည့်အပြင် ဟိုတယ် ခများ၊ လေကြောင်းလိုင်းများ ဈေး နှုန်းကြီးမြင့်နေခြင်း၊ နိုင်ငံခြားခရီး သွားဧည့်သည်များ လာရောက်မှု များပြားသည့် နေရာဌာနများတွင် သန့်ရှင်းသပ်ရပ်လှပသည့် ၀န်း ကျင်ကောင်းများ ဖန်တီးပေးနိုင် ခြင်းနှင့် ထိုက်တန်သည့် ၀န် ဆောင်မှု အရင်းအမြစ်များ ဖန်တီး ပေးနိုင်သည့် အားနည်းချက်များ ရှိနေကြောင်း ခရီးသွားလုပ်ငန်း အသိုင်းအ၀ိုင်းက သုံးသပ်သည်။

မြန်မာနိုင်ငံသည် သာယာလှ ပ၍ လည်ပတ်ရန်ကောင်းသော နိုင်ငံများ၌ တစ်ခုအပါအ၀င် ဖြစ် သော်လည်း နိုင်ငံတွင်းရှိ တည်းခို ရန် ဟိုတယ်များမှာ ဈေးနှုန်းကြီး မြင့်ခြင်း၊ စိတ်ကျေနပ်ဖွယ် ၀န် ဆောင်မှုများ မပေးနိုင်ခြင်း စ သည့် အခက်အဲများရှိနေကြောင်း နိုင်ငံခြားခရီးသွားများက ထောက် ပြသည်။ ခရီးသွားအေဂျင်စီများ နှင့်မဟုတ်ဘဲ အခြားနိုင်ငံများ ထက် မိမိအစီအစဉ်ဖြင့် လည်ပတ် ခြင်းဖြစ်ပါက လမ်းခရီးသွားလာ ရေး အဆင်မပြေခြင်း၊ မြန်မာနိုင်ငံ ရှိ ပြည်တွင်းလေကြောင်းလိုင်းများ သည် မိမိတို့နိုင်ငံရှိ ပြည်တွင်းလေ ကြောင်းလိုင်းများထက်ပင် ဈေး နှုန်းများ ကြီးမြင့်နေခြင်း စသည့် အချက်များရှိနေကြောင်း မြန်မာ နိုင်ငံသို့ တစ်ကြိမ်သာ လာရောက် လည်ပတ်ခဲ့သည့် အီတလီ၊ တောင်ကိုရီးယားနှင့် ထိုင်းနိုင်ငံတို့ မှ ခရီးသွားအချို့ကပြောသည်။

ခရီးသွားလုပ်ငန်း မြှင့်တင် ရေးရန်ပုံငွေ ကောက်ခံပါက ယင်း ရရှိငွေများကို မည်ကဲ့သို့ အသုံးချ မည်ဆိုခြင်းနှင့် မည်သည့်အသင်း အဖွဲ့က သုံးစွဲမည်ဆိုသည့်အချက် များကိုလည်း ခရီးသွားလုပ်ငန်းရှင် များက မေးခွန်းထုတ်နေသည်။

‘‘တိုရစ်ဇင် ပရိုမိုးရှင်းအ တွက် နှစ်စဉ်နိုင်ငံတော်ကို တင်ပြ တောင်းခံရတယ်။ နိုင်ငံတော် နိုင်ငံခြားငွေအခြေအနေအရ မရ ခဲ့ဖူးဘူး။ အခုတော့ တို့က ကျန်တဲ့ နိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေ၊ ကမ္ဘာ့နိုင်ငံတွေမှာ သုံးလေ့သုံးထ ရှိတဲ့ စနစ်ပေါ့။ နိုင်ငံတော်ဘတ် ဂျက်ထဲက တောင်းတာမဟုတ်ဘဲ နဲ့ လာတဲ့ဧည့်သည်တွေအပေါ်မှာ တစ်ယောက်ကိုလာရင် တစ်ဒေါ် လာ၊ နှစ်ဒေါ်လာ အဲဒီလိုတောင်း တာရှိတယ်။ တို့နိုင်ငံကလည်း ဆုံး ဖြတ်လိုက်တာ အကြမ်းဖျင်း တစ် ညအိပ်ရင် တစ်ဒေါ်လာနှုန်း ဧည့် သည်တွေဆီက ကောက်မယ်’’ဟု ဦးရန်ဝင်းကပြောသည်။

ထိုသို့ ကောက်ခံခြင်းကြောင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ တွင် ဖိအားပိုလာမည်ဟု ဝေဖန်မှု များရှိသည်။

‘‘ပထမဆုံးအနေနဲ့က မြန်မာ က ဈေးကြီးပြီးသားဖြစ်နေတယ်။ ဒါကိုမှ နှုန်းထားတစ်ခုက ပိုတက် သွားရင် ဒီဘက်မှာ ရောင်းရတာ ပိုခက်သွားမယ်။ ဟိုတယ်တွေကို ကောက်ခိုင်းတယ်ဆိုတော့ ဟို တယ်တွေ၊ ခရီးသွားလုပ်ငန်းတွေ မှာ ၀န်ထုပ်ဝန်ပိုးတွေဖြစ်လာမယ်။ ဒီလိုကောက်တာကို ဧည့်သည် တွေငြင်းရင် ဘယ်လိုမှ ကောက် လို့မရဘူး။ ဒီလိုတွေဖြစ်လာရင် ဟိုတယ်တွေအပေါ်မှာ ပိုပြီးဖိအား ဖြစ်လာစေမယ်’’ဟု ဒေါ်စံပယ် အောင်က ပြောသည်။

ထိုသို့ဖိအားဖြစ်စေမှု ရှိ၊ မရှိ ဆိုသည့်ကိစ္စသည် အမှန်တကယ် ကောက်ခံမည့် စနစ်ကို ဆွေးနွေး ဆုံးဖြတ်အတည်ပြုပြီးမှသာ အ ဖြေထွက်လာမည်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူအချို့ကပြောသည်။

 တစ်ဒေါ်လာနှုန်းထား ကောက်ခံမည့်ကိစ္စသည် လျာ ထားချက်သာဖြစ်၍ အတည်ပြု ကောက်ခံနိုင်ရန် လုပ်ငန်းစဉ်အ ဆင့်ဆင့်အဖြစ် ဝန်ကြီးဌာနမှတစ် ဆင့် အစိုးရအဖွဲ့သို့ တင်ပြခြင်း၊ လွှတ်တော်သို့ တင်ပြခြင်းနှင့် ယင်းကိစ္စကို ဥပဒေတစ်ရပ်အ ဖြစ် အတည်ပြု ပြဋ္ဌာန်းနိုင်ရေး လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင် ရွက်ခြင်းတို့ကို ဆက်လက်ဆောင် ရွက်ရမည်ဖြစ်ကြောင်း ဦးရန်ဝင်း ကပြောသည်။

‘‘ဝန်ကြီးဌာနက တင်ပြတာ ပါ။ ဒါကိုကော်မတီက မူအားဖြင့် သဘောတူတာပါ။ ဝန်ကြီးဌာနက တင်ပြတယ်ဆိုကတည်းက ဝန်ကြီးဌာနက ဒါကို ဆောင်ရွက်ဖို့အတွက် ကို အစီအစဉ်ရှိတာပေါ့လေ။ ဌာန ဆိုင်ရာတွေ အသင်းအဖွဲ့တွေနဲ့  ပြန်ပြီး ဆွေးနွေးရဦးမယ့် အခြေအနေရှိပါတယ်။ နိုင်ငံတကာမှာ တော့ ဒီလိုကောက်ယူမှုမျိုး ရှိနေ တာပဲဗျ’’ဟု ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာန ညွှန်ကြားရေး မှူး ဦးမြင့်ထွေးက ပြောကြား သည်။
 ယင်းကိစ္စသည် ယခုမှဆောင်ရွက်ခြင်း မဟုတ်ဘဲ လွန်ခဲ့သည့် လေးလခန့်ကပင် စတင်ဆွေးနွေးနေ၍ မည်သည့်ပုံစံဖြင့် ကောက်ခံမည်ဆိုသည်ကို ဆွေးနွေးမှုမပြီးပြတ်သေးကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးခင်အောင်ထွန်းကပြောသည်။

 တစ်ဒေါ်လာဆိုသည့် နှုန်း ထားသည် ရုတ်တရက်ကြည့်ပါက မများဟုထင်မြင်ရသော်လည်း အ ရေအတွက်များပြားလာပါက တစ် နှစ်လျှင် ဒေါ်လာသန်းချီဝင်ငွေရှိ လာမည်ဖြစ်သဖြင့် ယင်းဝင်ငွေ များ၏ စီမံခန့်ခွဲမှုကို ပွင့်လင်းမြင် သာစွာသုံးစွဲနိုင်ခြင်း ရှိ၊မရှိဆိုသည့် ကိစ္စကို ခရီးသွားလုပ်ငန်းရှင်အချို့ က မေးခွန်းထုတ်ကြသည်။

ယေဘုယျအားဖြင့် မြန်မာနိုင်ငံအတွင်းသို့ တစ်နှစ်အတွင်း နိုင်ငံခြားသား ခရီးသွားဧည့်သည် သုံးသန်းခန့် ဝင်ရောက်၍ တစ်ဦးလျှင် ပျမ်းမျှနှစ်ညအိပ်မည်ဆိုပါက ကန်ဒေါ်လာခြောက်သန်းခန့် ရရှိမည်ဖြစ်သည်။

 ‘‘အခုခရီးသွားကုမ္ပဏီတွေ ပေးနေရတဲ့ Tax တွေကို ဘယ်နေ ရာတွေမှာ သုံးသလဲဆိုတာတွေ၊ ခရီးသွားပြပွဲတွေအတွက် ရရှိတဲ့ ဘတ်ဂျက်တွေက တကယ် ပရိုမိုးရှင်းအတွက် သုံးသလား၊ ဒါမှမဟုတ် အဖွဲ့အစည်းတွေ ပြပွဲတွေမှာ လိုက်ပါသူများရဲ့ ခရီးစရိတ် တစ်ဝက်လောက်ထဲကို ရောက်နေလား၊ ဧည့်သည်တွေဆီက ကောက်ယူရရှိတဲ့ Entrance Fee တွေ လေကြောင်းလိုင်း၊ စား သောက်ဆိုင်စသည်ဖြင့် Tax တွေ ကို စနစ်တကျ ခွဲဝေသုံးစွဲကြရဲ့ လားဆိုတာတွေကို အရင်ဆွေးနွေးဖို့ လိုမယ်ထင်ပါတယ်’’ ဟု ခရီးသွားလုပ်ငန်းရှင် ဒေါ်ကေ သွယ်စိုးက ပြောသည်။

 အဆိုပါ တစ်ဒေါ်လာ ကောက်ခံမည့် ကိစ္စနှင့်ပတ်သက် ၍ လတ်တလော ကောက်ခံသင့်၊ မသင့်၊ ကောက်ခံပါက မည်သည့် ပုံစံနှင့် ကောက်ခံမည်ဆိုသည့်ကိ စ္စ၊  ရရှိလာသော ငွေကြေးများကို မည်သို့ခွဲဝေသုံးစွဲမည်ဆိုသည့် ကိစ္စများ အကျေအလည်ညှိနှိုင်းဆွေးနွေးရန် သက်ဆိုင်ရာလုပ်ငန်း ရှင်များ အားလုံးပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲကဲ့သို့ ပြုလုပ်ပေးရန်လိုကြောင်း ခရီးသွားလုပ်ငန်းရှင် အချို့ကပြောသည်။

‘‘အခုတစ်ဒေါ်လာ ကောက် မယ်ဆိုတဲ့ကိစ္စဟာ အားလုံးသ ဘောတူလုပ်ထားတဲ့ကိစ္စ မဟုတ် ပါဘူး။ အသင်းအဖွဲ့က လူတစ်စု ရဲ့ အကြံပေးချက်နဲ့ လုပ်မယ့်ကိစ္စ လို့ ကျွန်မတို့က မြင်ပါတယ်။ ဒါ ကြောင့် ဒီကိစ္စကို အကျယ်တ၀င့် Workshop လို ဆွေးနွေးပွဲတွေ အကျယ်တ၀င့်ဆွေးနွေးပြီးမှ လုပ် ပါ။ အဲဒီလိုမဟုတ်ရင်တော့ လက် မခံနိုင်ပါဘူး’’ဟု ဒေါ်စံပယ်အောင် က ဆိုသည်။

ယင်းကိစ္စကို အသေးစိတ်ပြန်လည်ဆွေးနွေးကြမည့် အခြေအနေရှိပြီး ဆွေးနွေးသည့်အခါ သ ဘောထားများကို တင်ပြခွင့်ရှိကာ အားလုံးသဘောတူသည့် စနစ်မျိုး လုပ်ဆောင်ရန် အဖြေထွက်လာ မည်ဟု ညွှန်ကြားရေးမှူး ဦးမြင့် ထွေးက ပြောသည်။

ထို့အပြင် ရန်ပုံငွေများ ရရှိ လာပါက ယင်းရန်ပုံငွေကို အ သင်းအဖွဲ့တစ်ခုတည်းက ကိုင် တွယ်သုံးစွဲမည်ကို လုပ်ငန်းရှင်များက စိုးရိမ်လျက်ရှိသည်။

သို့သော် ကောက်ခံပြီး ရရှိ လာမည့် ရန်ပုံငွေများကို ၀န်ကြီး ဌာနကသာ ကိုင်တွယ်သုံးစွဲမည် ဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး ရေးအတွက်လည်း သုံးစွဲမည်ဖြစ် ကြောင်း ဟိုတယ်ခရီးဝန်ကြီးဌာနမှ တာဝန်ရှိသူအချို့ကပြောသည်။

‘‘အဲဒီလိုကောက်ယူတဲ့အခါ မှာ ရရှိလာတဲ့ တိုရစ်ဇင် ပရိုမိုးရှင်း ဖန်ကို ပြည်ထောင်စုဝန်ကြီးဌာန တစ်ခုတည်းမဟုတ်ဘဲနဲ့ သက် ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့တွေကိုလည်း သက် ဆိုင်ရာဒေသအလိုက် ပရိုမိုးရှင်း လုပ်နိုင်ဖို့အတွက် နိုင်ငံတော်က နေ ခွဲဝေချထားပေးမှာပါ’’ဟု ညွှန် ကြားရေးမှူး ဦးမြင့်ထွေးကပြော သည်။ ၂၀၁၇ ဇန်န၀ါရီကပြုလုပ်ခဲ့သည့် အာဆီယံခရီးသွားဖိုရမ်က ထုတ်ပြန်သော ကိန်းဂဏန်းအ ချက်အလက်များအရ မြန်မာနိုင်ငံ သို့ ၂၀၁၅ က နိုင်ငံခြားသားခရီး သွားဧည့်သည် ၄ ဒသမ ၆ သန်း ကျော် ၀င်ရောက်ခဲ့သော်လည်း အစိုးရသစ်လက်ထက် ၂၀၁၆ တွင် ၂ ဒသမ ၉ သန်းကျော်သာ ၀င်ရောက်ခဲ့သဖြင့် ၃၈ ရာခိုင်နှုန်း အထိ ကျဆင်းခဲ့သည်။ သို့သော် ကမ္ဘာလှည့်ခရီးသွားဦးရေ လျော့ နည်းသွားခြင်းသည် ယခင်ကဲ့သို့ နယ်စပ်မှ အချိန်ပိုင်းအလုပ်ကိစ္စ ဖြင့် လာရောက်သူများကို စာရင်း မသွင်းဘဲ အမှန်တကယ် ခရီးသွား များကိုသာ ရေတွက်ခဲ့ခြင်းကြောင့် လည်းပါဝင်သည်။

 တစ်ဒေါ်လာအပေါ် ထိုသို့ အမြင်မတူမှုများရှိနေသော်လည်း ယင်းကိစ္စကို အကောင်အထည် ဖော်နိုင်ရေး မကြာမီ ဆွေးနွေးညှိနှိုင်းမည့် အစည်းအဝေးများ ထွက်ပေါ်လာနိုင်ရန် ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များမှတာဝန်ရှိ သူများက မျှော်လင့်နေသည်။    ။


7Day News Journal

No comments:

Post a Comment