Latest News

Tuesday, May 16, 2017

နေပြည်တော်တွင်ပြုလုပ်မည့် သာသနာရေးဝန်ကြီး သူရဦးအောင်ကိုအားရှုတ်ချပွဲတွင် ဘူးလက်ဦးလှဆွေ ဟောပြောမည်

နေပြည်တော်တွင်ပြုလုပ်မည့် သာသနာရေးဝန်ကြီး သူရဦးအောင်ကိုအားရှုတ်ချပွဲတွင် ဘူးလက်ဦးလှဆွေ ဟောပြောမည်


နေပြည်တော်ကောင်စီနယ်မြေတွင်ပြုလုပ်မည့် သာသနာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုအား ကန့်ကွက်ရှုတ်ချသည့် ဆန္ဒထုတ်ဖော်ပွဲတွင် ဘူးလက်ဦးလှဆွေ တက်ရောက်ဟောပြောမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို မေ ၂၀ ရက်၌ နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ရွေနံ့သာဘောလုံးကွင်းတွင် နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ ပြုလုပ်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် ခွင့်ပြုမိန့် လျှောက်ထားဆဲဖြစ်ကြောင်း သိရသည်။

“သူတို့ဖိတ်ထားတယ်။ ဘာကိစ္စလဲမေးတော့ သာဝန်ကို ဆန္ဒပြမလို့တဲ့။ အဲ့ဒါဟောပြောပွဲမှာ တက်ရောက်ပေးပါတဲ့။ သာသနာရေးဝန်ကြီးနဲ့ပတ်သက်တဲ့ လူထုရဲ့ ထင်မြင်ယူဆချက်တွေကို ဟောပြောပေးဖို့ သူတို့က ကျွန်တော့်ကိုပြောတယ်။ ကျွန်တော့်မှာကလည်း ပြောစရာတွေက အများကြီးဗျ။ အဲဒါကြောင့် ကျွန်တော် လက်ခံလိုက်တယ်”ဟု ဦးလှဆွေက News Watch သို့ ပြောသည်။

ထို့ပြင် အမျိုးသားရေးလှုပ်ရှားသူဟုဆိုသူများက သာသနာရေးဝန်ကြီးကို ဦးတည်ဆန္ဒပြခြင်းနှင့်ပတ်သက်၍ သာသနာရေးဝန်ကြီးသည် ဗုဒ္ဓဘာသာကိုဦးစားမပေးဘဲ ဘက်လိုက်မှုများရှိနေသည်ဟု အမျိုးသားရေးသမားများက ထင်မြင်နေကြောင်းနှင့် Myanmar Now သတင်းဌာနမှ ကိုဆွေဝင်းအား ၀န်ကြီးဌာနအနေဖြင့် အကာအကွယ်ပေးသည့်ကိစ္စကို အမျိုးသားရေးသမားများက ဘ၀င်မကျဖြစ်နေခြင်းကြောင့် သာသနာရေးဝန်ကြီးအား ဦးတည်ဆန္ဒပြခြင်းဖြစ်သည်ဟု ထင်မြင်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

သာသနာရေးဝန်ကြီး သူရဦးအောင်ကိုအား ကန့်ကွက်ရှုတ်ချမည့် ယင်းဆန္ဒထုတ်ဖော်ပွဲကို မြန်မာဗုဒ္ဓဘာသာနိုးကြားရေးအသင်းဥက္ကဌ ဦးကျော်မျိုးသက်က ဦးဆောင်လျှောက်ထားခြင်းဖြစ်ပြီး လူဦးရေ သုံးသောင်းဝန်ကျင်ပါဝင်မည်ဟု ခွင့်ပြုမိန့်လျှောက်လွှာတွင် ဖော်ပြထားသည်။

အဆိုပါဆန္ဒဖော်ထုတ်ပွဲတွင် သံဃာတော် ဘဒ္ဒ န္တဇနိတ၊ ဘူးလက် ဦးလှဆွေ၊ ဦးကျော်မျိုးသက်၊ ဦးအေးမင်းထွန်းနှင့်  ဦးအေးပိုင်တို့က ဗုဒ္ဓဘာသာနှင့် သံဃာတော်များကို ဖိနှိပ်သည့်အကြောင်းအရာများကို ဟောပြောမည်ဖြစ်ကြောင်း သိရသည်။

ဆန္ဒဖော်ထုတ်မည့်သူတို့သည် ပိုစတာ၊ စာသားနှင့် ရုပ်ပုံများပါရှိသည့် ဆိုင်ဘုတ်တို့ကို ကိုင်ဆောင်ကာ ဗုဒ္ဓသာသနာ အဓွန့်ရှည်တည်တန့်ရေး ဒို့အရေး၊
ဗုဒ္ဓသာသနာတော် ကာကွယ်စောင့်ရှောက်ရေး ဒို့အရေး၊
အမျိုးဘာသာ သာသနာကာကွယ်စောင့်ရှောက်ရေး ဒို့အရေး၊
သာ/ယဉ်ဝန်ကြီး နှုတ်ထွက်ပေးရေး ဒို့အရေး၊
သာသနာတော်ကို ထိပါးသူ သာသနာ့ရန်သူ ဒို့ရန်သူ၊
ဝိနိစ္ဆယရေးရာစွက်ဖက်သည့်ဝန်ကြီး အလိုမရှိ၊
ဗုဒ္ဓသာသနာ မြန်မာပြည်မှာတည်တန့်ရမည် ဟူသည့် ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်မည်ဖြစ်ကြောင်း သိရသည်။

မေ ၂၀ ရက်နေ့ သာသနာရေးဝန်ကြီးအား ကန့်ကွက်ရှုတ်ချ ဆန္ဒထုတ်ဖော်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ ရဟန်းသံဃာများ၊ အသင်းအဖွဲ့များမှ လူပုဂ္ဂိုလ်များ ပါဝင်တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲကျင်းပခွင့်အတွက် “မြန်မာဗုဒ္ဓဘာသာနိုးကြားရေးအသင်း”မှ ငြိမ်းစုစည်ဆိုင်ရာ ဥပဒေပုဒ်မ ၄ အရ ဟောပြောပွဲသို့တက်ရောက်လာမည့် ရဟန်းရှင်လူများ ဖြတ်သန်းမည့် လယ်ဝေးမြို့နယ် ဒက္ခိဏသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်များရှိ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ ယနေ့ (မေ ၁၆) တွင် လာရောက်လျှောက်တင်ခဲ့ကြောင်း သိရသည်။

ကိုရဲ၊ ထွန်း(နေပြည်တော်)
Photo-ကိုဗညား
News Watch

No comments:

Post a Comment