စေတနာနဲ့လူ (တစ်မျက်နှာဝတ္ထုတို)
သူသည် မနက်ခင်းတိုင်း ကျုံးဘေး၌ လမ်းလျှောက် တတ်သူဖြစ်သည်။ဒီမနက်လည်း ထုံးစံ အတိုင်း မနက် ၅နာရီကတည်းက ကျုံးဘေး၌ သူ လမ်းလျှောက် နေခဲ့သည်။ ခဏအကြာ ကျုံးဘေး၌ လူများစွာ တဖွဲဖွဲ ရောက်လာကြသည်။
လမ်းလျှောက် တဲ့ လူက လျှောက်ပြီး ပြေးတဲ့ လူက ပြေးကာ ၊ လေ့ကျင့်ခန်း လုပ်သည့် ကိရိယာ များ၌ လေ့ကျင့်ခန်း လုပ်နေသူများ က လေ့ကျင့်ခန်းလုပ်နေကြသည်။လူများစွာက နန်းမြို့တော်ကြီး ပတ်ပတ်လည်တွင် လှုပ်ရှားနေကြသည်မှာ မန္တလေးမြို့၏ ပန်းချီ ကား တစ်ချပ်ပမာ။
တချို့နေရာများတွင် ဝဝတုတ်တုတ်၊အသားဖြူဖြူ မျက်လုံးမှေးမှေး အမျိုးသမီးများစွာ ပေါင်းစုကာ လေ့ကျင့်ခန်း လုပ်နေကြသည်။
ကျုံးရေပြင်ကို ဖြတ်ပြီး တိုက်ခတ်လာသည့် လေနုအေးတွေက သူ့ နှုတ်ခေါင်းပေါက်မှ တစ်ဆင့် အဆုတ်တွေထဲထိရောက်ကာ သူ့ကို လန်းဆန်းစေပါသည်။သူနားမလည်သည့် သီချင်း သံတွေကတော့ သူ့စိတ်ကို ရှုပ်ထွေးစေပါသည်။
အားကစားသမား ခန္ဓာကိုယ် နှင့် လူတစ်ယောက်က သူ့ကို ကျော်တက်ကာ ပြေးသွားသည်။
"ဝုန်း"
"အမလေး လုပ်ကြပါဦး။ သားလေးကို ကယ်ပါဦး"
ဝဝတုတ်တုတ်၊အသားဖြူဖြူ ၊မျက်လုံးမှေးမှေး အမျိုးသမီးတစ်ဦးက အာခေါင်ခြစ်ကာ အသံကုန်အော်သည်။
သူကြည့်မိတော့
ကလေးငယ်တစ်ဦးက ကျုံးရေပြင်ထဲမှာ ယက်ကန်ယက်ကန် နှင့်။ သူ့ အပေါ်က အင်္ကျီကို အမြန်ချွတ်ပြီး ကလေးငယ်ရှိရာ ကျုံးရေပြင်ထဲ ခုန်ဆင်းလိုက်သည်။
ကလေးငယ်က ရေထဲ၌ နစ်မြှုပ်နေပေပြီ။
ကလေးငယ်ရှိရာ နေရာသို့ အလျင်အမြန် ကူးခတ်ရသည်။ကလေးငယ်ကို သူ ပွေ့ဖက်လိုက်စဉ် ကလေးငယ်က တောက်တဲ့အလား သူ့ကို ကုတ်တွယ်ထားသည်။
သူနှင့် ကလေးငယ် ကျုံးထိပ်သို့ ရောက်သည့် အခါ လူအများကြီးက ဝိုင်းအုံ ကြည့်ကြသည်။ ကလေးငယ်၏ အမေဖြစ်သူက သူ့သားငယ်ကို ပွေ့ဖက်ရင်း ငိုနေလေသည်။
သူလည်း ထိုနေရာမှ လှည့်ထွက်လာခဲ့သည်။
"ဟိုမောင်လေး ခဏ...ခဏ"
ကလေးငယ်၏ မိခင်ဖြစ်သူက သူ့ကို လှမ်းအော်သည်။သူ့ကို ကျေးဇူးတင်စကား ပြောတော့မည်ဟု သူနားလည်လိုက်သည်။သူ နောက်လှည့်ကြည့်ပြီး
"ရပါတယ် အမ။ ကျေးဇူးတင်စရာ မလိုပါဘူး"ဟုပြောလိုက်သည်။
"ဟိုဟာ မေးစရာ ရှိလို့ပါ။ သားလေးရဲ့ ရွှေဆွဲကြိုး လေး တွေ့မိသေးလားလို့။ ရွှေက သုံးကျပ်သားဆိုတော့ ပြတ်ကျမှာ မဟုတ်ဘူး"
သူ့ရင်ထဲ နှလုံးသွေးတွေဆူကာ ဗြောင်းဆန်သွားသည်။ အသက်ကို ဝဝရှူလိုက်ပြီး ထိုအမျိုးသမီးကို
လက်ညှိုးထိုးကာ
"ခင်ဗျား စကားကို ဆင်ခြင်ပြောပါ။ စေတနာကို ဝေဒနာ ဖြစ်အောင် မလုပ်ပါနဲ့ "
သူ့အသံက အတော်လေး ကျယ်လောင် သွားသည်။
ဝိုင်းအုံပြီး ကြည့်နေသည့် လူများကလည်း ထိုအမျိုးသမီးကို ပြစ်တင်စကား ဆိုကြသည်။ အမျိုးသမီး ကတော့ သူ့ကို အားနာနေသည့် မျက်နှာထားနှင့်။ အင်္ကျီမဝတ်တော့ဘဲ၊ရေစိုနေသည့် ဘောင်းဘီ နှင့် သူ လမ်းဆက်လျှောက်ခဲ့လိုက်သည်။
ခဏကြာရင်တော့ ကလေးငယ်ကို ကယ်ခဲ့စဉ်က သူ့အတွင်းခံဘောင်းဘီထဲမှာ ထည့်ထားခဲ့သော ရွှေဆွဲကြိုးလေးကို ရောင်းနေကျ နေရာသို့ သွားရောင်းရ ပေဦးမည်။
ဟမ်စိုင်း(ဆေး-မန်း)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment