Latest News

Tuesday, May 2, 2017

နှစ်ကြိမ်မြောက် အောင်ဘာလေ ကျပ်သိန်း ၁ဝဝဝဝ ဆု ထန်းတပင်မြို့နယ်မှ ဦးအေးထွန်း ဆွတ်ခူး

နှစ်ကြိမ်မြောက် အောင်ဘာလေ ကျပ်သိန်း ၁ဝဝဝဝ ဆု ထန်းတပင်မြို့နယ်မှ ဦးအေးထွန်း ဆွတ်ခူး

ရန်ကုန် မေ ၂

ဧပြီလမှစတင်၍ ကျပ် ၅ဝဝ တန်ထီ၏ ကျပ်သိန်း ၁ဝဝဝဝ ဆုကို ဖွင့်လှစ်ရာ နှစ်ကြိမ်မြောက် ဖွင့်လှစ်ခဲ့သည့် သိန်း ၁ဝဝဝဝ ဆု အောင်ဘာလေထီ မှ က-၇၈၃၂၁၄ နံပါတ်ဖြင့် ထန်းတပင်မြို့နယ် နှဲသမိန်ကျေးရွာ အုပ်စု အထက်ပျဉ်တန်းကျေးရွာမှ ဦးအေးထွန်းက ဆွတ်ခူးခဲ့သည်။

နှစ်ကြိမ်မြောက် ကျပ်သိန်း ၁ဝဝဝဝ ဆုရှင် ဦးအေးထွန်းသည် လှိုင်သာယာ မီးခွက်ဈေးမှ ရန်နိုင်လင်း ကူဘိုတာ တရုတ်နီ စက်အပိုပစ္စည်းနှင့် အင်ဂျင် ဝိုင်အမျိုးမျိုးအရောင်းဆိုင်တွင် တွဲလျက် ဖွင့်လှစ်ထားသည့် မိုးယံရွှေလမင်း နှင့် မြတ်ဆုကုဋေထီဆိုင်၌ ထီထိုးခဲ့ ခြင်းဖြစ်သည်။

ပဲ့ထောင် စက်လှေမောင်းသမား ဖြစ်သူ ဦးအေးထွန်းတို့မှာ မိသားစု လေးဦးသာရှိပြီး ယခုကံထူး၍ရရှိ သည့် ဆုငွေများအနက် ၄င်းနေထိုင်ရာ ရွာသုံးရွာမှ ရွာသူ ရွာသားတို့အား ပုဂံ၊ ညောင်ဦး ဘုရားဖူးစရိတ်ငြိမ်း ပို့ဆောင်ပေးမည့်အပြင် အထက်ပျဉ် တန်းရွာတွင်လည်း ဓမ္မာရုံတစ်လုံး ဆောက်လုပ်လှူဒါန်းမည်ဟု သိရသည်။

မေ ၁ ရက်က ဖွင့်လှစ်သည့် နှစ်ကြိမ်မြောက် ကျပ် ၅ဝဝ တန်ထီ၏ ငွေကျပ်သိန်း ၁ဝဝဝဝ ဆု အောင်ဘာ လေထီကံထူးရှင် ဦးအေးထွန်းကို ယနေ့ မွန်းလွဲပိုင်းတွင် ဆုငွေထုတ် ပေးခဲ့သည်ဟု T T Aung Aung ဖေ့ဘွတ်ခ်အကောင့်ပိုင်ရှင်က ယင်းလူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။

ဧပြီ ၁ ရက်က ကျပ်သိန်း ၁ဝဝဝဝ ဆုရရှိမည့် ကျပ် ၅ဝဝ တန် အောင်ဘာလေထီကို ပထမဆုံး အကြိမ်အဖြစ် ဆုမဲပေါင်းများစွာဖြင့် စတင်ဖွင့်လှစ်ပေးခဲ့ပြီး ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ အိမ်အမှတ် (၁၁၆) တွင် နေထိုင်သည့် ရခိုင်တိုင်းရင်းသား ဦးစံရွှေခိုင်က ဆွတ်ခူးခဲ့သည်။

အစိုးရရုံးတစ်ရုံးတွင် လုပ်ကိုင်နေသည့် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တွင် နေထိုင်သူ ဒေါ်မော်မော်က ''လစဉ်ထီထိုးတယ်။ ဒီတစ်ပတ်တောင် ထိုးပြီးပြီ။ ကိုယ်တွေက လစာနည်း ဝန်ထမ်း၊ မိဘတွေကလည်း ဝန်ထမ်း ဘဝကနေ ပင်စင်ယူလာတာ။ ဝန်ထမ်းဘဝက တင့်တောင့်တင့်တယ် မနေနိုင်ဘူး။ လူတန်းစေ့နေချင်တယ်။ လစဉ်ပုံမှန် ကျပ် ၅ဝဝဝ ဖိုးလောက် ထိုးဖြစ်တယ်။ အရင် ကျပ် ၂ဝဝ တန် ကတည်းက။ အခုတော့ ပိုထိုးတာပေါ့။ တစ်ခါမှတော့ မပေါက်သေးဘူး''ဟု လစဉ် ထီထိုးဖြစ်ကြောင်း ပြောပြသည်။

ကျပ်သိန်း ၁ဝဝဝဝ ဆုအတွက် ကျပ် ၅ဝဝ တန် အောင်ဘာလေထီ လက်မှတ်များဖွင့်လှစ်သည့် ပထမဆုံး အကြိမ်မှာပင် ထီထိုးသည့် ပြည်သူ များစိတ်ဝင်စားမှုများပြားခဲ့ပြီး ကျပ် ၂ဝဝ တန်ထီ လက်မှတ်တွေထက် ရောင်းအား နှစ်ဆခန့်မြင့်တက်ခဲ့ကြောင်း အောင်ဘာလေသိန်းဆု ဌာနခွဲမှ သိရသည်။

အောင်ဘာလေ ထီလက်မှတ်များရောင်းချသည့်ရက်နှင့် အောင်ဘာ လေသိန်းဆုဖွင့်ပွဲ ကျင်းပသည့်ရက်သည် လစဉ် ၁ ရက်နေ့ပင်ဖြစ်ပြီး အောင်ဘာလေထီမှ ရရှိသည့် ငွေကြေးသည် မက်မောစရာ ဆုကြေးတစ်ခုဖြစ်သလို ပြည်သူများ၏ အားကိုးရာ မျှော်လင့်ချက်တစ်ခုပင် ဖြစ်နေပေသည်။

(ညွန့်ကိုကို)

No comments:

Post a Comment