Latest News

Tuesday, May 9, 2017

တန့်ဆည်မြို့နယ်တွင် သားအမိသုံးဦး ရေထဲခုန်ချ ရေနစ်သေဆုံးမှု ဖြစ်ပွား

တန့်ဆည်မြို့နယ်တွင် သားအမိသုံးဦး ရေထဲခုန်ချ ရေနစ်သေဆုံးမှု ဖြစ်ပွာ


9.5.2017

စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ်တွင် မေ ၇ ရက်က သားအမိသုံးဦး ရေထဲခုန်ချ သေဆုံးမှုမှ သားငယ်၏ အလောင်းအား မေ ၈ ရက်တွင် အခင်းဖြစ်ပွားရာ နေရာ၌ ထပ်မံတွေ့ရှိခဲ့ကြောင်း ရေဦးမြို့မရဲစခန်းမှ သိရသည်။

ရေဦးမြို့နယ် ရွှေ့ကွေ့ကျေးရွာအနီး ကင်းတပ်လက်ယာတူးမြောင်း အတွင်း၌ အမျိုးသမီးတစ်ဦး၏ အလောင်းနှင့် မိန်းကလေးငယ်တစ်ဦး အလောင်း တွေ့ရှိမှုကြောင့် ရေဦးမြို့ မရဲစခန်းမှ ဒုရဲမှူး ကျော်ကျော်ညွန့် ဦးဆောင်သည့် အဖွဲ့သည် အခင်းဖြစ်နေရာအား သွားရောက်ကြည့်ရှုရာ သေဆုံးသူ မဌေးကြွယ် (၃၂ နှစ်)၊ သားအမည်အသိ ခုနစ်နှစ်၊ သမီး မသိမ့်သိမ့် (၃ နှစ်) တို့ သေဆုံးခဲ့ပြီး ၎င်းတို့ သားအမိ သုံးဦးသည် တန့်ဆည်မြို့နယ် ပေကုန်းရွာအနီး တူးမြောင်းထဲသို့ ခုန်ချပြီး ရေနစ်သေဆုံး ခဲ့ကြောင်း သိရသည်။

“မနေ့ကတော့ သားအမိ နှစ်ယောက်က ကျွန်တော်တို့ ရေဦးမြို့နယ်က တူးမြောင်းထဲမှာ လာပေါ်တယ်။ ဒီနေ့ နေ့လယ်လောက်ကပဲ ယောက်ျားလေး အလောင်းက အခင်းဖြစ်တဲ့ တန့်ဆည်မြို့နယ် ပေကုန်းရွာအနီးက တူးမြောင်းထဲမှာ ပေါ်တယ်။ သေဆုံးခဲ့တဲ့ အမျိုးသမီးက သူ့ယောက်ျားဘက်က အမျိုးတွေနဲ့ အဆင်မပြေဘူးလို့ ကြားတယ်။ အခင်းဖြစ်တဲ့နေ့က ယောက်ျားရဲ့ မိဘတွေက အလှူလုပ်တယ်။ အလှူသွားဖို့ သူ့ယောက်ျားက အခုသေဆုံးတဲ့ အမျိုးသမီးကိုခေါ်တယ်။ အလှူကို မလိုက်ဘူးတဲ့။ ဒါနဲ့ သူ့ယောက်ျားက သူ့မိန်းမကိုထားပြီး သူ့အမေ အလှူကိုသွားတာ။ မနက် ၉ နာရီလောက်ကျတော့ အလှူကနေ သူ့ယောက်ျားက ပြန်လာတော့ အိမ်မှာ သူ့မိန်းမလည်း မတွေ့ဘူး။ ကလေးတွေလည်း မတွေ့တော့ စိတ်ညစ်ညစ်နဲ့ တူးမြောင်းထဲကို သားအမိသုံးဦး ခုန်ချလိုက်တာ ဖြစ်မယ်။ သားလေးကတော့ ဒီနေ့နေ့လယ်လောက်က အခင်းဖြစ်တဲ့ နေရာမှာပဲ အလောင်းပေါ်တယ်” ဟု ရေဦးမြို့မ ရဲစခန်းမှ ဒုရဲမှူး ကျော်ကျော်ညွန့်က ပြောကြားသည်။

ယင်းသေဆုံးခဲ့သည့် သားအမိနှစ်ဦး၏ အလောင်းအား ရေဦးဆေးရုံတွင် ခွဲစိတ်စစ်ဆေးကြည့်ရာ ပြည်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိရဘဲ ရေနစ်သေဆုံးခဲ့သည့် လက္ခဏာသာ တွေ့ရှိခဲ့ကြောင်း မိခင်၏ ခန္ဓာကိုယ်ပေါ်တွင် လက်ဝတ်ရတနာအချို့ ပါရှိကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ယင်းသေဆုံးခဲ့သည့် သားအမိသုံးဦးသည် တန့်ဆည်မြို့နယ် ပေကုန်းကျေးရွာတွင် နေထိုင်ကြပြီး ယင်းကျေးရွာဘက်မှ ရေဦးမြို့နယ် ရွှေ့ကွေ့ကျေးရွာ ကင်းတပ်လက်ယာတူး မြောင်းအတွင်းသို့ မျောပါသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ ရေဦးမြို့မရဲစခန်းမှ ရဲအုပ်သက်ဆွေ၏ တရားလို တိုင်တန်းချက်အရ သေမှုသေခင်း အမှတ်စဉ် ၃/၂၀၁၇ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ကောင်းခန့်လင်း

Eleven Media Group

No comments:

Post a Comment