Latest News

Friday, May 5, 2017

၂၁ ပင်လုံမတိုင်ခင် ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမည်

၂၁ ပင်လုံမတိုင်ခင် ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမည်

ပြည်တွင်း ပြည်ပက ရှမ်းအဖွဲ့အစည်းတွေ စုပေါင်းဖွဲ့စည်းထားတဲ့ ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU က ဦးဆောင်ပြီး ရှမ်းလူမျိုးများ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ၂၁ ရာစု ပင်လုံ အစည်းအဝေးမတိုင်မီ တောင်ကြီးမြို့မှာ ကျင်းပနိုင်ဖို့ ကြိုးစားသွားကြဖို့  ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပပြီးစီးသွားတဲ့ CSSU နှစ်ပတ်လည် အစည်းအဝေးက ဆုံးဖြတ်ခဲ့ကြပါတယ်။

ရှေ့လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ် က သတင်းထောက်တွေကို အစည်းအဝေး အပြီးမှာ အခုလို ပြောဆိုပါတယ်။

"ရှေ့လုပ်ငန်းစဉ်တွေအနေနဲ့ လုပ်ဖို့ကတော့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ လူမျိုးအလိုက် လုပ်တဲ့နေရာမှာ ကျနော်တို့ ရှမ်းလူမျိုးက လုပ်ခွင့်မရသေးဘူး၊ တကယ်တမ်း လုပ်မယ်ဆိုလို့ရှိရင် CSSU အနေနဲ့ တိုက်ရိုက်မဟုတ်တောင်မှပဲ RCSS ရဲ့ ဦးဆောင်မှုနဲ့ CSSU ရဲ့ လက်တွဲပူးပေါင်းဆောင်ရွက်မှုနဲ့ ဆက်လုပ်သွားဖို့ရှိပါတယ်။ ဒါပေမဲ့ တပ်မတော်က တောင်ကြီးမှာလုပ်ဖို့ကိစ္စကို သူတို့ ကန့်သတ်နေတယ်၊ ကန့်ကွက်ထားတာပေါ့နော်၊ ကျနော်ကလည်း တောင်ကြီးမှာမှ မလုပ်ရရင် ကျနော်တို့ ရှမ်းအမျိုးသားအဆင့် ဆိုတဲ့ စကားလုံးနဲ့တောင်မှ မထိုက်တန်ဘူးလို့ ကျနော်က ယူဆတယ်၊ ဒါကြောင့်မို့ တောင်ကြီးမှာ ဖြစ်နိုင်အောင် ကျနော်တို့ ကြိုးပမ်းဆောင်ရွက်သွားဖို့ ရှိပါတယ်။"

နှစ်ရက်ကြာကျင်းပခဲ့တဲ့ ဒီအစည်းအဝေးပနေ CSSU အဖွဲ့ကို ဆက်လက်ဦးဆောင်ဖို့အတွက် RCSS/SSA ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ် ရွေးချယ်ခဲ့ကြပါတယ်။

တိုင်းရင်းသား အချင်းချင်းကြားမှာ အပြန်အလှန် လေးစားယုံကြည်မှု တည်ဆောက်ဖို့နဲ့ အမျိုးသား ရင်ကြားစေ့ရေးလုပ်ငန်းတွေမှာ နိုင်ငံတော်အစိုးရအနေနဲ့ လက်တွေ့ကျကျ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့လိုပြီး ဒါမှသာ ပြည်ထောင်စု ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှာဖြစ်တယ်လို့ ဒီကနေ့ CSSU အဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

လက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး  နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အဟန့်အတားဖြစ်စေတာကြောင့် အပြန်အလှန်ယုံကြည်မှုနဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး တည်ဆောက်နိုင်ရန် ပစ်ခတ်တိုက်ခိုက်မှုတွေကို ရပ်တန့်ပေးဖို့ကိုလည်း CSSU အဖွဲ့က  တောင်းဆိုပါတယ်။

ဒီအစည်းအဝေးကို ပြည်တွင်းပြည်ပက ရှမ်းနိုင်ငံရေးပါတီတွေ၊ ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ လူမှုအဖွဲ့အစည်းတွေက ခေါင်းဆောင်ကိုယ်စားလှယ် ၆၀ ကျော် တက်ရောက်ခဲ့ပါတယ်။

Photo: Aung Moe Myint/RFA

No comments:

Post a Comment