Latest News

Wednesday, May 10, 2017

ပျောက်ဆုံးဆဲ ဘီလီယံချီကိန်းဂဏန်းများ၏ ဇာစ်မြစ်

ပျောက်ဆုံးဆဲ ဘီလီယံချီကိန်းဂဏန်းများ၏ ဇာစ်မြစ်

"ရွှေမည်း" ဟု တင်စားခေါ်ဝေါ်သော တွင်းထွက်သယံဇာတရှာဖွေခြင်းကို ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်းက မကွေးတိုင်း၌ သူဌေးဖြစ် ခွေးဖြစ် လုပ်ကိုင်ခဲ့ကြသည်။

ဖားကန့်တွင်ကျောက်စိမ်းရှာ ရန် မျှော်လင့်သည့် လော်ပန် လောင်းများကဲ့သို့ပင် မကွေးတိုင်း မင်းလှတွင်လည်း ရေနံလက် ယက်တွင်းတိမ်လုပ်ငန်းမှ သူဌေး အိပ်မက်မက်သူများ ရှိခဲ့သည်။

 အိပ်မက်မက်စရာကောင်း လောက်အောင်ပင် ပြီးခဲ့သည့် အစိုးရလက်ထက်က မကွေးတိုင်း မင်းလှမြို့နယ်အတွင်း လက်ယက် ရေနံတွင်းများမှ ရေနံများနေ့စဉ် ပီပါလိုက်ထွက်ရှိခဲ့သည်။  ပြီးခဲ့ သည့်ရက်များက ရေနံမုဆိုးများ ထံမှ ကောက်ခံခဲ့သော ဒေသဖွံ့ဖြိုး ရေး အခွန်ငွေနှင့်ပတ်သက်၍ ဂယက်တစ်ခု ပြင်းပြင်းထန်ထန် လှုပ်ခတ်ခဲ့သည်။

ရေနံတူးသူတို့က ‘ရွှေမည်း’ ဟု တင်စားခေါ်ဝေါ်သည့် ရေနံမှ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေတစ်ရပ် ကို ပြီးခဲ့သည့် အစိုးရလက်ထက် က ကောက်ခံခဲ့သော်လည်း အစိုး ရအလွှဲအပြောင်းတွင် ရန်ပုံငွေ များ လွှဲပြောင်းခဲ့ခြင်းမရှိပေ။ ပျောက်ဆုံးနေသော ရန်ပုံငွေကိုစုံ စမ်းစစ်ဆေးရာ ကျပ်ခုနစ်ဘီလီ ယံကျော် ပျောက်ဆုံးမှုပေါ်ပေါက် ခဲ့သည်။

‘‘အခုလိုပျောက်ဆုံးသွားတာပဲ ဖြစ်ဖြစ်၊ အလွဲသုံးစားလုပ်တာပဲ ဖြစ်ဖြစ် ကျွန်တော်တို့အနေနဲ့ တော့ ရှုံးသွားတာမဟုတ်ပါဘူး။ ကျွန်တော်တို့ပိုက်ဆံက ပေးပြီး သားပါပဲ။ တကယ်ဆုံးရှုံးရတာက မကွေးတိုင်းဖွံ့ဖြိုးရေးအတွက်ပါ’’ ဟု ရေနံလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ပေါ်ပေါက်လာသော ရန်ပုံ ငွေပမာဏသည် ရွှေမည်းတို့မည်မျှ ခေတ်ကောင်းခဲ့ကြောင်း သက် သေပြချက်လည်း ဖြစ်သည်။

ပြီးခဲ့သည့် အစိုးရလက်ထက် သက်တမ်းငါးနှစ်မှာတော့ မကွေးတိုင်းတွင် ရေနံထွက်အားအ ကောင်းဆုံးဖြစ်ခဲ့သည်။ တစ်နေ့လျှင်ရေနံအနည်းဆုံး ပီပါ ၂,၀၀၀  မှ ၆,၀၀၀ အထိ ထွက်ရှိခဲ့သည်ဟု မင်းလှမြို့နယ်အမှတ် (၂)မဲဆန္ဒ နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကိုက ပြောသည်။

မင်းလှမြို့နယ်ရှိ နာမည်ကြီး ရေနံမှော်များဖြစ်သည့် ထန်း ကိုင်း၊ ငနောင်းမုန်း၊ ဒဟတ်ပင်ရေနံမှော်တို့ အပါအ၀င် ကျယ်ပြောလှသည့် ရေနံမှော်များမှ နေ့စဉ်ရေနံ ထွက်နှုန်းက မြင့်မားလှသည်။

 ရေနံတူးဖော်ခွင့်လိုင်စင်ကို မကွေးတိုင်းအစိုးရက ချထားပေး သည်။ ရေနံတူးခွင့်ရကုမ္ပဏီများ ကရရှိထားသည့် တူးခွင့်ရဧရိယာ တွင် ကိုယ်တိုင်တူးဖော်ခြင်းတော့  မဟုတ်ပေ။ ပုဂ္ဂလိကရေနံတူးသူ များကို တူးခွင့်ပေး၍ ထွက်ရှိလာ သည့် ရေနံများကို ၎င်းတို့ကုမ္ပဏီ အား ပေးသွင်းရန် ဖြစ်သည်။

သို့သော် ရေနံများကိုအခြား နေရာဒေသများသို့ သွားရောက် ရောင်းချခွင့်မရှိပေ။ ၎င်းကုမ္ပဏီ များက သတ်မှတ်ထားသော ဈေး ဖြင့်သာ ရေနံထွက်သူများက ပေး သွင်းရခြင်းဖြစ်သည်။

ထွက်ရှိလာသည့် ရေနံများ ကိုချက်လုပ်ရန် ရေနံချက်ဖို့လိုအပ် သည်။ သို့သော် မကွေးတိုင်းတွင် ရေနံချက်ဖို့ကမရှိ။ စစ်ကိုင်းဒေသ ကြီး မုံရွာမြို့နယ်ရှိ ကျောက်ကာ ရေနံချက်ဖိုများသို့ မကွေးတိုင်းမှ ရေနံကားများ စီးဆင်းသွားရသည်။

မကွေးရှိ ရေနံပီပါများကို ချက်ဖိုများရှိရာ မုံရွာသို့သယ်ယူ ရန် တရားဝင်ရေနံသယ်ယူခွင့် (မျှောစာ)လိုအပ်သည်။

ထိုမျှောစာကို မကွေးတိုင်း အစိုးရက အသိအမှတ်ပြုထုတ်ပေး ခြင်းဖြစ်ပြီး မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေး ရန်ပုံငွေအဖြစ် တစ်ပီပါ လျှင် ၃,၀၀၀ ကျပ်နှုန်း ကောက် ခံခဲ့သည်ဟု လွှတ်တော်ကိုယ်စား လှယ်ဦးမောင်ကိုက ဆိုသည်။

ယင်းမှာပျောက်ဆုံးနေသော ကျပ်ဘီလီယံချီသည့် ရန်ပုံငွေများ၏ ဇာစ်မြစ်ပင်ဖြစ်သည်။

 ‘‘ပြောရရင် ၀န်ကြီးချုပ် (ဟောင်း)က မျှောစာကတင်ရတာ မဟုတ်ဘူး။ ရိုးရိုးပေနှစ်ရာဝန်း ကျင်လောက်တူးတဲ့ လုပ်ကွက်ရ ကုမ္ပဏီလောက်ဆိုရင်ကိုပဲ တစ် လကို သိန်းအစိတ်လောက် ၀န်ကြီး ချုပ်ကိုပေးရတယ်။ တရုတ်နီအင် ဂျင်စက်နဲ့တူးတဲ့ ပေရှစ်ရာ၊ တစ် ထောင်တူးတဲ့လုပ်ကွက်တွေဆို ရင် တစ်လကို သိန်းရာချီပေးရ တယ်လို့ ကြားတာပဲ’’ဟု ရေနံတူး သူ ဦးအောင်မျိုးက ပြောသည်။

‘‘ရေနံတူးဖော်ခွင့်လုပ်ကွက် ရတဲ့သူဆိုတာလည်း ၀န်ကြီးချုပ် ရဲ့ လူတွေပဲ။ သူ့လူတွေကိုပဲသူက လုပ်ခွင့်ချပေးရတဲ့ထဲက သူ့ကို လည်း ခွဲပေးရတယ်’’ဟု ဦးမောင် ကိုက ထပ်လောင်းပြောသည်။

မည်သို့ပင်ဖြစ်စေ မျှောစာမှ ရရှိလာသည့် အခွန်ငွေများက တော့ မကွေးတိုင်းဒေသကြီးဖွံ့ဖြိုး ရေးရန်ပုံငွေအဖြစ် တရားဝင်စာ ရင်းများဖြင့် ၀င်ရောက်နေသည်။

၂၀၁၆ ဧပြီကစ၍ မကွေး တိုင်းအစိုးရသစ်တက်ရောက်လာ ချိန်တွင်တော့ ယခင်အစိုးရဟောင်း ၏ ရေနံလက်ယက်တွင်းတိမ်လုပ် ငန်းမှ မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုး ရေးရန်ပုံငွေအဖြစ် ရရှိသည့် ငွေ များကို တစ်ပြားတစ်ချပ်မျှ အစိုး ရသစ်သို့ လွှဲပြောင်းခြင်းမရှိ ကြောင်း မကွေးတိုင်းအစိုးရသစ် ၀န်ကြီးချုပ် ဒေါက်တာအောင်မိုး ညိုက ပြောသည်။

 ထို့ကြောင့်ပင် မကွေးတိုင်း ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ပျောက် ဆုံးမှုရှာပုံတော်ခရီးကစခဲ့သည်။ ပြည်ထောင်စုအစိုးရ၏ စစ်ဆေးမှု များအရ ပျောက်ဆုံးနေသည့် ရန် ပုံငွေသည်ကျပ် ၇ ဒသမ ၄၅၉ ဘီလီ ယံပင်ရှိနေကြောင်း ဖော်ပြပါရှိ သည်။ သမ္မတရုံးက မကွေးတိုင်း အစိုးရထံညွှန်ကြားစာပို့ရာတွင် ယခင်အစိုးရက လက်ရှိအစိုးရထံ ကျပ်ငွေသန်း ၃,၀၀၀ ပေးအပ် ရန် ဖော်ပြပါရှိခဲ့သည်။ သမ္မတ ညွှန်ကြားစာပါအတိုင်းဝန်ကြီးချုပ် ဟောင်း ဦးဘုန်းမော်ရွှေက ငွေကျပ် သန်း ၃,၀၀၀ ကို အရစ်ကျစနစ်ဖြင့် ပြန်လည်ပေးဆပ်မည်ဟု အ ကြောင်းပြန်ခဲ့ပြီး မကွေးတိုင်း အစိုး ရကသဘောတူခဲ့သည်။ မေလ ၅ ရက်အထိ ဦးဘုန်းမော်ရွှေက ငွေ ကျပ်သန်းရှစ်ရာ ပြန်လည်ပေး သွင်းခဲ့သည်။

သို့သော်ကျန်ရှိနေသေးသည့် သန်းလေးထောင်ကျော်ကတော့ ပျောက်ဆုံးနေဆဲဖြစ်ရာ ဆက်လက်ရှာဖွေဆဲဖြစ်သည်။

ရေနံလက်ယက်တွင်းမှ ရရှိလာသည့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ အရှုပ်တော်ပုံ ဖြစ်နေသော်လည်း မကွေးတိုင်း မင်းလှမြို့နယ်အတွင်းရှိ ‘ရွှေမည်း’တွင်းတို့မှရေနံ များကတော့ ထွက်ရှိစီးဆင်းမြဲစီး ဆင်းနေသည်။

‘‘အခုထိအောင်ရေနံတွေက ထွက်နေတုန်းပါပဲ။ အရင်လိုတွင်း သစ်တွေ ဝုန်းဒိုင်းကြဲမတူးကြပေ မယ့်တွင်းဟောင်းတွေက ထွက်နေတုန်းပဲ။ အရင်တုန်းကတော့ ပီပါတွင်းတွေပေါ့။ အခုတော့ဂါလန်တွင်း ဖြစ်သွားတာပေါ့’’ ဟုရေနံ တွင်းတူး လုပ်ငန်းလုပ်ကိုင်သူ ဦး မင်းမင်းကဆိုသည်။

ယခင်ကရေနံပေါက်၍ ပေ ပါလိုက်ခပ်ရသည့် အနေအထားမှ ယခုအချိန်တွင် ဂါလန်လိုက်သာ ခပ်ရသည့် အနေအထားသို့ ရေနံထွက်နှုန်း ကျဆင်းသွားသော်လည်း ထိုကဲ့သို့ ဂါလန်လိုက်ထွက် ခြင်းက ရေနံထွက်နှုန်းကို သက်တန်းရှည်စေပြီး တည်ငြိမ်သည်ဟု ရေနံတူးသူ ဦးရဲဝင်းမြင့်ကသူ့အ မြင်ကိုပြောသည်။

‘‘ရေနံတွေထောင်ပန်းပြီး ပီပါလိုက်ထွက်တယ်ဆိုတဲ့ကာလက သက်တမ်းတိုတယ်။ ခဏပါ။ ခဏတည်းနဲ့လည်းချမ်းသာတယ်ပေါ့။ ဒါပေမဲ့ ဂါလန်အလိုက်ပဲထွက် တော့တယ်ဆို အဲဒီတွင်းကငြိမ်တယ်။ နှစ်နဲ့ချီပြီး ပုံမှန်ထွက်နေ တာ’’ ဟု ၎င်းကဆိုသည်။

ယခုအချိန်တွင် မင်းလှရေနံ မှော်များမှ တစ်နေ့လျှင်ရေနံပီပါ ခုနစ်ရာက တစ်ထောင်ကျော်အထိ ပုံမှန်ထွက်နေပြီး မျှောစာထုတ်ပေး ခြင်းက မကွေးတိုင်းအစိုးရထံတွင် အခွန်ဝင်ငွေများ ပုံမှန်ရရှိနေ ကြောင်း ဦးမောင်ကိုကပြောသည်။

 အစိုးရသစ်လက်ထက် ၂၀၁၆ ဇွန်လ ၂ ရက်မှ ၂၀၁၇ မတ်လ ၃၁ ရက်အထိ ရေနံ သယ်ယူခွင့်အတွက် ကောက်ခံရရှိသည့် ဒေသဖွံ့ ဖြိုးတိုးတက်ရေးရန်ပုံငွေမှာ ငွေကျပ်သန်း တစ်ထောင့်လေးရာကျော် ၁၄,၁၉၅ သိန်း (​၁ဒသမ ၄ဘီလီယံကျော်) ရှိကြောင်း မကွေးတိုင်း အစိုးရရုံးအတွင်းရေးမှူးထံမှ သိရသည်။

ယင်းအခွန်ငွေများကိုလည်း ယခင်အစိုးရလက်ထက်ကဲ့သို့ ရှုပ်ထွေးမှုများမရှိစေရန် ပြည် ထောင်စုအစိုးရထံ လစဉ်တင်ပြသည်ဟု လက်ရှိဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကဆိုသည်။

ယခင်အစိုးရလက်ထက်တွင် ရေနံလုပ်ကွက်လိုင်စင် ဦးရေလေး ဆယ်ကျော် ချထားပေးခဲ့သော်လည်း ယခုနှစ်လိုင်စင်သက်တမ်းတိုးတွင် ဦးရေနှစ်ဆယ်ကိုသာလိုင်စင်သက်တမ်းတိုးပေးခဲ့ပြီး ကျန်နှစ်ဆယ်ကျော်သည် အခွန်ဆောင်ရန် ငွေများကျန်ရှိနေသေးခြင်းကြောင့် လိုင်စင်သက်တမ်းတိုးခွင့်  မရရှိ သေးပေ။

‘‘အခုရေနံတူး ရေနံခပ်သွင်းရတာ အရင်ကနဲ့စာရင်အဆင်ပြေလာပါတယ်။ အရင်လိုမဟုတ်ဘဲ သွင်းချင်တဲ့ကုမ္ပဏီမှာသွင်းခွင့်ရတယ်။ ရေနံအဖွဲ့လေးတွေစုဖွဲ့ပြီး လုပ်ကိုင်ရတယ်။ အရင်က လုပ်ကွက်ရကုမ္ပဏီကိုပဲ သွင်းရတာ ဆိုတော့ သူတို့ပေးတဲ့ဈေးပဲ။ အ ပြင်သွားရောင်းလို့လည်းမရဘူး။ တစ်ပီပါတစ်သိန်းနှစ်သောင်းက နေ လေးသောင်းအထိဈေးလျှော့ ကောက်တဲ့အထိခံခဲ့ရတယ်။ အခု တော့အဲဒါမျိုးတွေမရှိတော့ပါဘူး’’ ဟု ဦီးရဲဝင်းမြင့်ကလက်ရှိအခြေ အနေကို ပြောပြသည်။

သို့သော်ရေနံလုပ်ငန်းရှင် ဒေါ်မြမြမင်းက ရေနံမျှောစာနှင့် ပတ်သက်၍ လက်ရှိအစိုးရကို အ ပြုသဘောဖြင့် ထောက်ပြဝေဖန်သည်။

‘‘အခုအစိုးရလက်ထက်မှာ အကျင့်ပျက်တာ ၊လာဘ်စားတာတို့ တော့မတွေ့ရပါဘူး။ ဒါပေမဲ့မျှော စာထုတ်ပေးတဲ့နေရာမှာ နောက်လုပ်တဲ့ဝန်ထမ်းတွေကပဲ လုပ်ငန်းမကျွမ်းကျင်တာလား၊ ဘာလား တော့မသိဘူးပေါ့။ အရမ်းကြန့် ကြာမှုတွေရှိနေတယ်။ မျှောရဖို့ ကို ရက်တွေစောင့်နေရတယ်’’ ဟု ထောက်ပြသည်။

ယင်းကဲ့သို့ မျှောစာထုတ်ပေး ရန်ကြန့်ကြာခြင်းက လုပ်ငန်းလျင် မြန်မှုကို အနှောင့်အယှက်ဖြစ်စေသလို မလိုလားအပ်သည့် မသမာမှုကိစ္စများလည်း  ဖြစ်ပေါ်စေရန်လည်း တွန်းပို့ရာ ရောက်သည်ဟု ၎င်းကဆက်လက်ပြောသည်။

‘‘ကျွန်မတို့ကတစ်နေ့ချင်း ပြောင်းနေတဲ့ ရေနံဈေးကွက်ကို ကြည့်နေရတာ။ ဒီနေ့ပေါက်ဈေးကိုကြည့်ပြီး ကောက်လိုက်တယ်။ ဒီနေ့မျှောစာရပြီး ထွက်နိုင်မှချိတ် ဆက်မှုက အဆင်ပြေမယ်။ အခု မျှောစာရဖို့က သုံးရက်လောက် စောင့်ရတယ်။ အဲဒီအချိန်မှာ ရေနံဈေးနှုန်းက ပြောင်းသွားနိုင်တယ်။  အဲဒီအတွက် မစောင့်နိုင်တဲ့ သူတွေက ဘလက် (Black) ကနေ သယ်မယ်။ လွတ်သွားရင် အစိုးရ အခွန်နာသွားမယ်။ မလွတ်ရင် တရားရင်ဆိုင်ကြရမယ်။ မကောင်းတဲ့ဘက်ကို ရောက်သွားရော’’ ဟု ဒေါ်မြမြမင်းကသုံးသပ်ပြသည်။

ယခင်အစိုးရလက်ထက်တွင် အကျင့်ပျက် ခြစားမှုများရှိနေ သော်လည်း မျှောစာလုပ်ငန်းလုပ် ဆောင်မှုတွင် မြန်ဆန်သည်ဟုဆိုသည်။ သို့သော်ယခုအစိုးရလက် ထက်တွင် ခြမစားသော်လည်း မျှောစာတစ်စောင်ရရန် သုံးရက် ခန့်စောင့်ရသည်။ ရေနံကားများထွက်ချင်သော်လည်းထွက်ခွင့်မရသဖြင့် လုပ်ငန်းရှင်များ နစ်နာမှု ရှိသလို  အစိုးရတွင်လည်း ရေနံကားထွက်နှုန်းလျော့ကျလျှင် နေ့စဉ်အခွန်ငွေလျော့နိုင်သည်ဟု ရေနံလုပ်ငန်းရှင်များက ထောက်ပြသည်။

ရွှေမည်းတွင်းတို့မှထွက်လာသည့် ငွေကြေးစီးဆင်းမှု ပမာဏက မက်မောစရာဖြစ်၍ ရှုပ်ထွေးခဲ့သည်။ သို့သော် ရေနံလိုက်မုဆိုး တို့အတွက်တော့ ရှုပ်ထွေးမှုမရှိရင် ခုန်စိတ်လှုပ်ရှားစရာ ကစားပွဲတစ်ခုကို ယှဉ်ပြိုင်ရင်းတွင်းသစ်များ ကိုရှာဖွေဆဲဖြစ်သည်။

ရေနံလိုက် မုဆိုးတို့အတွက် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေအရှုပ် တော်ပုံကြီးက အာရုံထဲသို့ခဏတာ အလည်ဝင်လာခြင်း ဖြစ်သည်။ အခုအချိန်မှာတော့ သူတို့အတွက် ပုံမှန်ထုတ်လုပ်ပေးနေသည့် ရေနံတွင်းများရှိနေပြီဖြစ်သည်။ ထို့အပြင် တွင်းသစ်များကို စွန့် စားရှာဖွေရန်သာ သူတို့ကအဓိက ရည်ရွယ်ထားသည်။

  မင်းလှမြို့နယ်အတွင်းရှိ သည့် ရေနံမှော်အင်ပါယာကြီးက ကျယ်ပြောလှသည်။ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်းက လူဦးရေငါး သိန်းကျော်လောက် ၀ုန်းဒိုင်းကြဲ ရှုပ်ထွေးနေခဲ့သော်လည်း အထွက် လျော့လာသည့်အခါ ရေနံတူးသူ များကို မတွေ့ရတော့။

စစ်မှန်သည့် ရေနံလိုက်မုဆိုး တို့ကတော့ ထိုအင်ပါယာတွင် ကျန်ခဲ့သည်။ တည်ငြိမ်စွာ ထွက်ရှိနေသည့် ရွှေမည်းတို့ကို  စိတ်ရှည် စွာခပ်ယူကြသည်။ ရေနံတွင်း ဟောင်းတွေက ပုံမှန်ရွှေမည်းတို့ကို ထုတ်လုပ်ပေးနေခြင်းကြောင့်ပင် အလောင်းအစားအသွင်မှ တည် ငြိမ်သည့်စီးပွားရေး ပုံစံအသွင်သို့ ကူးပြောင်းနေပြီ ဖြစ်သည်။

ရေနံအထွက်ကောင်းစဉ်က ရှိစုမဲ့စုကို ရောင်းချ၍ ရေနံလာတူး သူများ ရှိခဲ့သည်။ ရေနံပေါက်ကာ တစ်မဟုတ်ချင်း သူဌေးဖြစ်သွားသူ များရှိသလို ရေနံမပေါက်(မရရှိဘဲ) အရင်းပြုတ်၍ ဘ၀ပျက်ကာ နေ ရပ်ပြန်ခဲ့ရသူများလည်း ရှိခဲ့သည်။

‘‘အမှန်ကတော့ ဖဲဝိုင်းမှာ အ ကောက်ကောက်သလိုပါပဲ။ ဘယ် သူနိုင်နိုင်၊ ဘယ်သူရှုံးရှုံး အကောက် ကောက်တဲ့သူကတော့ ပုံမှန်ရနေ မှာပဲလေ’’ဟု ရွှေမည်းမှ အစိုးရအ ခွန်ရနေပုံကို ဦးမောင်ကိုက ဖဲဝိုင်း ဖြင့် ဥပမာပေးသည်။

7Day News Journal

No comments:

Post a Comment