Latest News

Friday, May 19, 2017

ပါတီတွေတင်ပြတဲ့ကိစ္စ အရေးယူဖို့မရှိ

ပါတီတွေတင်ပြတဲ့ကိစ္စ အရေးယူဖို့မရှိ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ခေါင်းဆောင် ၂ ဦးကို အရေးယူပေးဖို့ဆိုပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၁၃ ပါတီက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်ဖို့ မရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

လေ့လာမှုတွေ ဆောင်ရွက်ပြီးတဲ့အခါမှာ မဲဆွယ်တဲ့သဘောမပါကြောင်း တွေ့ရှိရတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းက ပြောပါတယ်။

"သုံးသပ်ချက် ၂ ခုရှိပါတယ်၊ ၁ အချက်ကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြားဖြတ်ရွေးကောက်ပွဲရက်ကို သတ်မှတ်လိုက်တဲ့ ရက်ပေါ်မူတည်ပြီးတော့ ဖြစ်တယ်ဆိုပြီးတော့ သုံးသပ်တဲ့အချက်ပေါ့နော်၊ ဒါတိုက်ဆိုင်သွားတယ်ပေါ့၊ နောက်ဒုတိယအချက်ကတော့ ပုဂ္ဂိုလ် ၃ ဦးရဲ့ ပြည်သူလူထုကို ရှင်းလင်းတင်ပြမှုတွေကို လေ့လာသုံးသပ်တဲ့အခါမှာလည်း မဲဆွယ်တဲ့၊ စည်းရုံးတဲ့ သဘောမရှိဘူးဆိုပြီးတော့ တွေ့ရှိရတယ်ဆိုပြီး ဒါလေးထုတ်ပြန်ထားတာ ဖြစ်ပါတယ်"

ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ခေါင်းဆောင်တွေဖြစ်တဲ့ ဦးတင်ဦးနဲ့ ဦးဝင်းထိန် တို့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနဲ့ ရွေးကောက်ပွဲကော်မရှင်ဥပဒေပါ ပြဌာန်းချက်တွေကို ဖောက်ဖျက်မှုတွေရှိနေတာကြောင့် အရေးယူပေးဖို့ နိုင်ငံရေးပါတီ ၁၃ ပါတီမှ လူပုဂ္ဂိုလ် ၁၄ ဦးက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ပြီးခဲ့တဲ့မေလ ၈ ရက်နေ့က ကန့်ကွက်စာ တင်သွင်းထားတာ ဖြစ်ပါတယ်။

အဲဒီလို ကန့်ကွက်စာတင်သွင်းလာတဲ့အပေါ် ကော်မရှင်တာဝန်ရှိသူတွေက တစ်ချက်ချင်းစီ လေ့လာသုံးသပ် ဆွေးနွေးခဲ့ပြီး တွေ့ရှိချက်တွေကို အခုလို ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဧပြီလ ၁ ရက်နေ့ကို ကြားဖြတ်ရွေးကောက်ပွဲနေ့အဖြစ် သတ်မှတ်ခဲ့တာဟာ အစိုးရအဖွဲ့၊ နိုင်ငံရေးပါတီ၊ လူပုဂ္ဂိုလ် စတဲ့ တစ်ဦးတစ်ယောက်ရဲ့ အကြံပြုချက်၊ လမ်းညွှန်ချက်ကြောင့် မဟုတ်ဘဲ ၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ရက်ဖြစ်တာနဲ့ တနင်္ဂနွေနေ့မှာ ရွေးကောက်ပွဲ မလုပ်သင့်ဘူးဆိုပြီး တိုင်းရင်းသား ပြည်သူတစ်ချို့ရဲ့ အကြံပြုတင်ပြချက်တွေအရသာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

RFA

No comments:

Post a Comment